Wednesday, April 27, 2016

လာမည့် တစ်လ၊ နှစ်လအတွင်း နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံကိုစတင်နိုင်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းပြောကြား



နေပြည်တော် ဧပြီ ၂၇

လာမည့် တစ်လ၊ နှစ်လအတွင်း နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံကို စတင်နိုင်ရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ကြပါရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ပြောကြား လိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အဖွဲ့ဝင်များနှင့် ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးစဉ် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


 ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ပြည်ထောင်စုအဆင့်ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင်များက တစ်ဦးချင်းမိတ် ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က အဖွင့်အမှာစကားပြောကြားရာတွင် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းများမှ တစ်ဆင့် ထာဝရ ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းများ တည်တံ့ ခိုင်မြဲမှလည်း ထာဝရငြိမ်းချမ်းရေးလုပ်ငန်းများကို လုပ်နိုင်မည်ဖြစ်ကြောင်း၊ JMC-U ထဲတွင် ပါဝင် ကြသူများသည် ကမ္ဘာတ၀န်းမှ လုပ်ဆောင်နေသည့် ပစ်ခတ်ရပ်စဲရေးအစီအစဉ်များနှင့် ပတ်သက် ပြီး လေ့လာထားသည့် ပုဂ္ဂိုလ်များဖြစ်၍ ပစ်ခတ်ရပ်စဲရေးများတွင် သဘောတူညီမှုထက် တည်တံ့ ခိုင်မြဲရေးက ပိုမိုခက်ခဲသည်ကို သိရှိကြမည်ဖြစ်ပါကြောင်း၊ ပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် အများစု၏ ကိုးဆယ်ရာခိုင်နှုန်းမှာ  လပိုင်းအတွင်း ပြန်ပျက်သွားသည်ကို မိမိအနေဖြင့် ကြားသိရပါ ကြောင်း၊ ဤသည်မှာ JMC – U က မည်မျှ အရေးကြီးသည်ကိုပြသသည့် သက်သေဖြစ်ပါ ကြောင်း။

ပစ်ခတ်ရပ်စဲရေးများ တည်တံ့ခိုင်မြဲအောင်လုပ်ရန်သည် အလွန်အရေးကြီးပါကြောင်း၊ လက် မှတ်ထိုးရေးသည် ပထမခြေလှမ်းပင်ဖြစ်ပါကြောင်း၊ ပစ်ခတ်ရပ်စဲရေးများ တည်တံ့ခိုင်မြဲခြင်း မရှိပါ က ငြိမ်းချမ်းရေးအတွက် ဆက်လက်သွား၍ မရနိုင်ပါကြောင်း၊ ထို့ကြောင့် JMC – U အနေဖြင့် လုပ်ငန်းစဉ်များကိုအဆင်ပြေချောမွေစွာစတင်လုပ်ဆောင်နေသည်ဟု နားလည်ထားပါကြောင်း၊ အစကောင်းမှ အနှောင်းသေချာဆိုသည့်အတိုင်း ကောင်းမွန်သော လက္ခဏာများပင် ဖြစ်ပါ  ကြောင်း၊ JMC – U ထဲတွင် အစိုးရ၊ တိုင်းရင်းသားများနှင့် အရပ်ဘက်အပါအ၀င် အဘက်ဘက်မှ ပါဝင်ကြသည့်အတွက် ပါဝင်သင့် ပါဝင်ထိုက်သူများ စုံစုံလင်လင်ပါဝင်သည်ဟု မိမိအနေဖြင့် ယူဆ ပါကြောင်း၊ ပါသင့်ပါထိုက်သူများသည် ယခုခေတ်စကားအရ Stakeholder ဆိုသည့် စကားက တွင်ကျယ်နေပါကြောင်း၊ Stakeholder ကို တိတိကျကျ တွေးခေါ်မည်ဆိုပါက ကိစ္စတစ်ရပ်ရပ် တွင် တစ်နည်းမဟုတ် တစ်နည်းပါဝင် ပတ်သက်နေသူဟု အဓိပ္ပာယ်ဖွင့်ဆိုရမည် ဖြစ်ပါကြောင်း။

အမှန်တကယ် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တစ်နည်းမဟုတ် တစ်နည်း ပါဝင်ပတ်သက် နေသူ များမှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံးပင် ဖြစ်ပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားသန်းငါးဆယ်ကျော် ပါဝင် ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လုပ်နိုင်မည်ဆိုသည်မှာ လက်တွေ့မကျပါကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် မည်သူများ ပါဝင်သင့်သည်ကို အများကြီးစဉ်းစားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် JMC ထဲတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ မည်သူများ ပါဝင်ရမည်ကို စပြီးစဉ်းစား၍ ယခုလုပ်ငန်း စဉ်မှ သင်ခန်းစာယူနိုင်မည်ဟု မိမိထင်မြင်ပါကြောင်း။

ဆက်လုပ်ရမည့်လုပ်ငန်းမှာ ငြိမ်းချမ်းရေးညီလာခံ ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးညီလာခံကို ဆက်လက်လုပ်ဆောင်ရာ၌ ယခင်သဘောတူညီထားပြီးဖြစ်သည့်အပြင်   လိုအပ်ပါက ပြုပြင် ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ JMC – U ၏ အတွေ့အကြုံများသည် ယခုကဲ့သို့ ဆောင်ရွက်ရာ၌ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ JMC – U ထဲမှာ အဘက်ဘက်က ပါသင့် ပါဝင်ထိုက်သူများကို ကိုယ်စားပြုသူများဖြင့် ဆောင်ရွက်သည့်အတွက် အားနည်းချက်၊ အားသာ ချက်များကို သိရှိပြီး မည်သို့ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည်ကို ကြိုတင်စဉ်းစားထားကြမည် ဟု ယုံကြည်ပါကြောင်း၊ ထိုသို့ စဉ်းစားထားသည်များကို အခြေခံပြီး ငြိမ်းချမ်းရေးညီလာခံကို မည်သို့ကျင်းပသွားမည်ဆိုသည့် အကြံဥာဏ်များရရှိမည်ဟု ယုံကြည်ပါကြောင်း၊ JMC – U နှင့် တွေ့ဆုံခြင်း ည် မိမိ နေဖြင့် အတွေ့အကြုံများကို နားထောင်ရန်အတွက် ဖြစ်ပါကြောင်း။

JMC – U ၏ တိုက်ရိုက်ခန့်အပ်သည့် တာဝန်သည် အပစ်အခတ်ရပ်စဲရေး တည်မြဲဖို့ဖြစ်ပါ ကြောင်း၊ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ မည်သည့်ဘက်မှ မကျေနပ်စရာမရှိရန်၊ အမှန် အမှား၊ တရားမျှတမှု ရှိ မရှိ တို့ကို JMC – U က အဓိကထိန်းသိမ်း ဆောင်ရွက်သွားရန် ဖြစ်ပါ ကြောင်း၊ သို့ရာတွင် အပစ်အခတ်ရပ်စဲရေးမကျိုးပျက်အောင်၊ မကျိုးဖောက်အောင် ဆောင်ရွက် ခြင်းသည် ငြိမ်းချမ်းရေးညီလာခံအောင်မြင်ရေးအတွက် ဖြစ်ပါကြောင်း၊ JMC – U ၏ အကြံ ဥာဏ်များထဲတွင် ငြိမ်းချမ်းရေးညီလာခံအောင်မြင်ဖို့အတွက် မည်သို့ဆောင်ရွက်သွားသင့်သည်ကို မိမိတို့အနေဖြင့်သိချင်ပါကြောင်း၊ အပစ်ခတ်ရပ်စဲရေးမကျိုး ဖောက်ရန်အတွက် မည်သို့ ဆောင်ရွက်ရမည်မှာ JMC – U ၏ တိုက်ရိုက်ချက်ချင်း လက်ငင်းတာဝန်ဖြစ်ပါကြောင်း၊ ရေရှည် ဆောင်ရွက်ရမည့် အရေးကြီးတာဝန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေးညီလာခံများ ကို မည်သို့အောင်မြင်အောင် ဆောင်ရွက်ရမည်ဆိုသည့် အကြံဥာဏ်များကိုလိုချင်ပါကြောင်း။ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်နှင့်စပ်လျဉ်း၍ အားလုံးပါဝင်စေချင်ပါကြောင်း။ အားလုံး ပါဝင်အောင် မည်သို့ဆောင်ရွက်ရမည်ကို မိမိတို့အနေဖြင့် ၀ိုင်းဝန်းစဉ်းစား အဖြေရှာသွားရမည် ဖြစ်ပါကြောင်း။

တကယ်စေတနာမှန်ပါက မအောင်မြင်စရာမရှိပါကြောင်း၊ အလုပ်တစ်ခုကို လုပ်သည့်နေရာ တွင် အထူးသဖြင့် အများနှင့်စုပေါင်းပြီးလုပ်သည့် နေရာတွင် အပေးအယူဆိုရာ၌ အဓိကအားဖြင့် ကိုယ်ဘာပေးမည်ဆိုသည်ကို တစ်ယောက်ခြင်း၊ တစ်ယောက်ချင်းက စဉ်းစားပေးပါက အများကြီး အောင်မြင်မည်ဟု မိမိအနေဖြင့်ထင်မြင်ပါကြောင်း၊ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းက ငါဘာ ယူလို့ရမလည်းဆိုသည့် စိတ်ဓာတ်ဖြင့်လာပါက ပိုမိုခက်ခဲလိမ့်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အ ပေးအယူဟုဆိုသည့်နေရာတွင် နိုင်ငံအပေါ်ထားသည့် စေတနာ၊ မိမိဂုဏ်သိက္ခာအရ ကိုယ်ဘာ ပေးနိုင်သည်ကို ဦးစားပေး၍ ဆွေးနွေးစဉ်းစားစေချင်ပါကြောင်း၊ ကိုယ်ဘာလိုချင်လဲ ကြည့်မည် ဆိုပါက တိုင်းရင်းသားမျိုးစုံဖြင့် တည်ဆောက်ထားသည့် ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့၊ ညီညွတ်ဖို့ လွယ်မည် မဟုတ်ပါကြောင်း။

ယခုအစည်းအဝေးကစပြီး ငြိမ်းချမ်းရေးအတွက် ဦးတည်ပြီးဆောင်ရွက်သည့် အခါတွင် တစ်ယောက်စီတိုင်းက ငါတို့ဘာပေးနိုင်သလဲဆိုသည့် ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ကိုယ်ဘာပေးနိုင်လဲဆိုသည်ကို အဓိကစဉ်းစား၍ ၀ိုင်းဝန်းစဉ်းစား ကူညီစေချင်ပါ ကြောင်း၊ ယခုလိုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားပါက အပစ်အခတ်ရပ်စဲရေးကိုလည်း ခိုင်မာ အောင် လုပ်ဆောင်နိုင်မည့်အပြင် မပါဝင်သေးသည့်အဖွဲ့များကို ပါဝင်လာရန်နှင့် ပါဝင်နိုင်အောင် အခြေအနေတစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့သို့ ဆောင်ရွက်နေစဉ်အတွင်းမှာ ငြိမ်းချမ်းရေးညီလာခံကို စတင်ကျင်းပသွားမည် ဖြစ်ပါကြောင်း။

ငြိမ်းချမ်းရေးညီလာခံနှင့် အပစ်အခတ်ရပ်စဲရေးတွင် မပါဝင်သေးသည့် အဖွဲ့များပါဝင်ရေး သည် တစ်ပြိုင်တည်းဆောင်ရွက်ရမည့် မျဉ်းပြိုင်များဖြစ်ပါကြောင်း၊ တစ်ခုပြီးမှတစ်ခု လုပ်၍မရပါ ကြောင်း၊ ထို့ကြောင့် ယခုမှစ၍ အပစ်အခတ်ရပ်စဲရေးခိုင်မြဲအောင်လုပ်ခြင်းဖြင့် အပစ်အခတ်ရပ်စဲ ရေး၏ အကျိုးဆက်ကို ပြည်သူများက မည်သို့ခံစားရသည်ကို ရှင်းရှင်းလင်းလင်း မြင်သာထင်သာ ပြနိုင်ခြင်းဖြင့် အပစ်အခတ်ရပ်စဲရေးတွင် မပါဝင်သေးသည့် အခြားအစုအဖွဲ့များ ပါဝင်လာအောင် မိမိတို့အနေဖြင့် ဆွဲဆောင်နိုင်မည့်အပြင် တစ်ချိန်တည်းတွင် ထာဝရငြိမ်းချမ်းရေးရမည့် ညီလာခံ များကျင်းပနိုင်ရန် အစပျိုးနိုင်မည်ဖြစ်ပါကြောင်း။

ယခု ၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ရန်အတွက် မိမိအနေဖြင့် အချိန်ဆွဲဆောင်ရွက်သွား မည် မဟုတ်ပါကြောင်း၊ တစ်လ၊ နှစ်လအတွင်းမှာ ယခုအစီအစဉ်များကို ပြီးမြောက်၍ ငြိမ်းချမ်းရေး ညီလာခံကို စတင်ဆောင်ရွက်သွားချင်ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကို နိစ္စဓူဝ လိုအပ်နေပါကြောင်း၊ နေ့စဉ်ငြိမ်းချမ်းရေး မရသည့်အတွက် ဒုက္ခခံနေရသည့် မိမိတို့ နိုင်ငံသူ၊ နိုင်ငံ သားများအတွက် တစ်ရက်စီ၏ ၂၄ နာရီသည် နည်းသည့်အချိန်မဟုတ်ပါကြောင်း၊ မခံစားရသူများ အတွက် ၂၄ နာရီသည် ဘာမှမဟုတ်ပါကြောင်း၊ မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး အေးအေး ချမ်းချမ်းဖြင့် နေထိုင်နိုင်ရန် ငြိမ်းချမ်းရေညီလာခံကိုအမြန်ဆုံးအောင်အောင်မြင်မြင် ကျင်းပနိုင်ရေး အတွက် ၀ိုင်းဝန်းစဉ်းစား၍ လက်ရှိJ MC – U ၏ လုပ်ငန်းများနှင့်စပ်လျဉ်း၍ သင်ယူစရာရှိ သည်များကို မိမိတို့ကို သင်ကြားသွားမည်ဖြစ်ပါကြောင်း၊ ထိုပြင် ဆက်ပြီးအောင်မြင်အောင် မည်သို့ဆောင်ရွက်ရမည်၊ မပါဝင်သေးသည့်အဖွဲ့များ အပစ်အခတ်ရပ်စဲရေးစာချုပ်ထဲမှာ ပါဝင် လက်မှတ်ရေးထိုးနိုင်အောင် မည်သို့ဆောင်ရွက်သွားမည်ကို ၀ိုင်းဝန်းအကြံပြုစေလိုပါကြောင်း ရှင်းလငးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က JMC အနေဖြင့် NCA ကို အကောင်အထည် ဖော်ရာမှာ စစ်ဖက်ဆိုင်ရာသဘောတူညီချက်များကို ထိန်းသိမ်းလိုက်နာ အကောင်အထည်ဖော် ဆောင်သွားရန်အတွက် တာဝန်ရှိကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ပါ စစ်ဖက်ဆိုင်ရာအချက် (၅၅) ချက်ကိုလက်မှတ်ရေးထိုးသူများ အားလုံး လိုက်နာဆောင်ရွက်သွားစေရန် ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း၊ JMC ကို ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသဆိုင်ရာအဆင့်များဆိုပြီး အဆင့်ဆင့် ဖွဲ့စည်းထားကြောင်း၊ အဆင့်တိုင်းတွင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် အရပ်သားကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထား ကြောင်း၊ JMC ကော်မတီအဆင့်ဆင့်ကိုအထောက်အကူပြုရေးအတွက် အဆင့်တိုင်းတွင်လည်းရုံး အဖွဲများကို ဖွဲ့စည်းထားရှိမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် JMC-U အဖွဲ့ဝင်များကို (၂၆)ဦး ဖြင့် ဖွဲ့စည်းထားကြောင်း၊ အခြေအနေအချိန်အခါ လိုအပ်ချက်များအရ နိုင်ငံတော်၏ အတိုင် ပင်ခံ၏ လမ်းညွှန်ချက်နှင့် JMC-U ၏ အစိုးရကိုယ်စားလှယ်များကို ပြင်ဆင် ဖွဲ့စည်းစရာရှိသည် များကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း။

JMC ၏ လုပ်ငန်းအကောင်အထည် ဖော်ဆောင်မှု ရလဒ်များအနေဖြင့် NCA လက်မှတ်ရေးထိုးပြီး (၆) လအတွင်း အသေးစားထိတွေ့မှု (၃) ကြိမ်သာရှိခဲ့ကြောင်း၊ အခြားနိုင်ငံ များမှ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဖြစ်စဉ်များနှင့် နှိုင်းယှဉ်ပါက NCA လက်မှတ်ရေးထိုးသူများ အကြားထိတွေ့တိုက်ပွဲများ မရှိသလောက် လျှော့ချနိုင်ခဲ့ပါကြောင်း၊ သို့သော် JMC ၏ လက်ရှိ လုပ်ငန်းစဉ်များကိုထိရောက်စေရန်အတွက် စနစ်တကျ လုပ်ဆောင်နိုင်သောအခြေအနေသို့ မရောက်ရှိသေးကြောင်း၊ နှစ်ဖက်ခေါင်းဆောင်များ၏ နားလည်မှုနှင့် ဆက်ဆံရေးကိုအခြေခံပြီး လုပ်ငန်းအကောင်အထည်ဖော်နေရခြင်း ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူအပြောင်းအလဲလုပ်သည့်အခါ၊ မြေပြင်တပ်များအပြောင်းအလဲလုပ်သည့်အခါများတွင် လက်ရှိ တည်ငြိမ်မှုကိုဆက်ထိန်းနို်င်ရန် အခက်အခဲရှိကြောင်း၊ ထို့ကြောင့် JMC လုပ်ငန်းစဉ်များကို စနစ်တကျအကောင်အထည်ဖော်နိုင်သည့် ယန္တရားတစ်ခု ဖြစ်လာစေရန် အချိန်ယူတည်ဆောက် ရဦးမည် ဖြစ်ကြောင်း၊ ဤယန္တရားတစ်ခု ဖြစ်လာရန် အဓိကကျသည့် အလုပ်အဖွဲ့ (ရုံးအဖွဲ့) အဆင့်ဆင့်ကိုဖွဲ့စည်းအကောင် အထည်ဖော်သွားရမည် ဖြစ်ကြောင်း။

အလုပ်အဖွဲ့ အဆင့်ဆင့်ကိုဖွဲ့စည်းလည်ပတ်နိုင်ရန် လိုအပ်သည့် ငွေကြေးပမာဏကိုစိစစ် တွက်ချက်ထားပြီး နိုင်ငံတကာမှ ကျွမ်းကျင်သူများ နှင့်လည်းညှိနိုင်းဆွေးနွေးထားပြီး ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များအတွက် (၃) နှစ်စာဘတ်ဂျတ်ကိုအမေရိကန်ဒေါ်လာ (၂၅)သန်းခန့် ခန့်မှန်း တွက်ချက်ထားကြောင်း၊ နိုင်ငံတကာတွင် ပြုလုပ်ခဲ့ကြသည့် အပစ်အခတ်ရပ်စဲရေးစောင့်ကြည့် ကြီးကြပ်သည့် လုပ်ငန်းများနှင့် ယှဉ်ကြည့်လိုက်လျှင် မိမိတို့၏ ခန့်မှန်းကုန်ကျစရိတ်မှာ (၅)ဆကျော် သက်သာပါ ကြောင်း၊ ယင်းဘတ်ဂျတ်ကိုကမ္ဘာ့ကုလသမဂ္ဂမှ ကမကထပြုပြီး အထောက်အပံ့ပြုရန် ညှိနိုင်းဆွေးနွေးထားကြောင်း၊ UN Peace Building Fund မှ အထောက် အပံ့ပြုရန် လျာထားသည် ဟုသိရှိရကြောင်း၊ JMC လုပ်ငန်းများနှင့် အလုပ်အဖွဲ့များစတင် လည်ပတ် နိုင်ရေးအတွက် လက်ရှိအစိုးရအသစ်မှ JMC တည်ရှိမှုကိုအသိအမှတ်ပြုပေးပြီးမှသာ နိုင်ငံတကာအလှူရှင်များကအထောက်အပံ့များကိုပေးအပ်သွားမည် ဖြစ်ကြောင်း၊ NCA လက်မှတ် ရေးထိုးထားသူများအကြားပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ JMC အနေဖြင့် အားသွန်ခွန်စိုက်လုပ်ဆောင်သွားမည်ဟု သဘောထားပြုအပ်ပါကြောင်းပြောကြားသည်။

ဆက်လက်၍ ပူးတွဲစောင့်ကြည့်ရေးကော်မတီဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးနှင့် ဦးပြည့်စုံတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြသည်။

ယင်းနောက် ပူးတွဲစောင့်ကြည့်ရေးကော်မတီအတွင်းရေးမှူး ဒေါက်တာရွှေခါးကကော်မတီ စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့အထိ လုပ်ငန်းဆောင်ရွက်နေမှုများကို အကျယ်တ၀င့်ရှင်းလင်း တင်ပြသည်။

အလားတူ ပူးတွဲစောင့်ကြည့်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးက JMC အား အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ် ထားရှိရေး၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ရပ်အဖြစ်ထားရှိ ရေးကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒေါက်တာတင်မျိုးဝင်းက ပြည်တွင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းမှုများညှိနှိုင်းနိုင်ရေး ရှင်းလင်းတင်ပြသည်။

ထို့နောက် ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အရပ်သားကိုယ်စားလှယ် ဦးကိုကိုကြီးက အရပ်ဘက် ကိုယ်စားလှယ်များ ပါဝင်နိုင်ရေး ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး ပြောကြားပြီး ပြည်တွင်းငြိမ်းချမ်းရေးသာမကအမျိုးသား ပြန်လည်ရင်ကြား စေ့ရေးကိုပါ ခြုံငုံနိုင်သည့် ဖွဲ့စည်းမှုတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နိုင်ရေး၊ ပါဝင်သင့် ပါဝင်ထိုက်သူ အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မြစေရန်၊ လက်မှတ်ရေးထိုးမှု မရှိသေးသည့် ကျန်အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်စေရန်နှင့် ငြိမ်းချမ်းရေး ညီလာခံအမြန်ဆုံးခေါ်ယူကျင်းပနိုင်ရန် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကိုအမြန်ဆုံးကျင်းပသွားမည် ဖြစ်ကြောင်း၊ တိကျ မှန်ကန်သော အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒလုပ်ငန်းစဉ်တစ်ရပ် ခိုင်ခိုင် မာမာချမှတ်နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Cease fire Monitoring Committee – JMC)၏ ပဉ္စမအကြိမ် အစည်းအဝေးကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ဧပြီ (၂၆)ရက်မှ (၂၇)ရက်အထိ ကျင်းပခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(Joint Cease fire Monitoring Committee – JMC)သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ မူဝါဒချမှတ်သူများ အားအပစ်အခတ် ရပ်စဲရေးအတွက် မူဝါဒဆိုင်ရာ ကူညီပံ့ပိုးပေးရန်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ထိန်းသိမ်းစောင့်ကြည့်ပေးသည့် ယန္တရားတစ်ခုအကာင်အထည်ဖော်နိုင်ရန်၊ ပစ်ခတ် တိုက်ခိုက် မှုများကို တည်ငြိမ်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကို အထောက်အကူဖြစ်စေ ရန်၊ နှစ်ဘက်ယုံကြည်မှုတည်ဆောက်နိုင်စေရန်နှင့် ပဋိပက္ခဒေသများတွင် ပြည်သူလူထုကို အကာ အကွယ်ပေးနိုင်ရန် ဆိုသည့် ရည်မှန်းချက်များကိုအခြေခံ၍ လုပ်ငန်းများဆောင်ရွက်လျက် ရှိသည်။


အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်မည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုကော်မတီ National Reconciliation and Peace Centre (NRPC) ဖွဲ့စည်းရေးညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ လာမည့် မေလဒုတိယပတ်အတွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment