Thursday, April 28, 2016

နေဝင်အိပ်တန်း တက်နိုင်ဖို့

(လင်္ကာရည်ကျော်)

''နေဝင်အိပ်တန်းတက်''ဆိုတာက ၂ဝဝ၈ ခုနှစ်က ကျွန်တော် ရေးခဲ့သော ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။ ဆရာဝန်ဘဝမှ စာရေးဆရာစဖြစ်လာချိန်တွင် ကျင်လည်ခဲ့ရာ ဆရာဝန်ဘဝကို ဝတ္ထုရှည်သုံးပုဒ်နှင့် ကျေးဇူးဆပ်မည်ဟု ရည်ရွယ်ခဲ့သည့်အတိုင်း လူငယ် ဆရာဝန်ဘဝကို ''ကြိုးကြာတောင်ပံခတ်သံ''၊ လူလတ်ပိုင်း ဆရာဝန်ဘဝကို ''ဒေါက်တာရွှေသွေးနှင့် မပန်းမှုံ''၊ သက်ကြီးပိုင်းဆရာဝန်ဘဝကို ''နေဝင်အိပ်တန်းတက်''ဟု သုံးပုဒ်ဆက်တိုက်ရေးဖြစ်ခဲ့ရာ ပထမနှစ်ပုဒ်က အမျိုးသား စာပေဆုရခဲ့သည်။ ''နေဝင်အိပ်တန်းတက်''မှာ ကျွန်တော်ဆုမရသော်လည်း ထူးခြားသော ပရိသတ်တွေရခဲ့သည်။ အဲ့ဒါကတော့ သံဃာတော်များပါ။ လောကီရေးရာကိစ္စများတွင် ဘုရား ဟောဓမ္မများနှင့် ယှဉ်၍ ဆင်ခြင်ကြည့်တတ်ကြဖို့ အဲသည် ဇာတ်လမ်းထဲမှာ ကျွန်တော်မသိမသာ ထည့်ရေးခဲ့တာကို ဆရာတော်၊ သံဃာတော်တွေကမြင်ပြီး ချီးကျူးစကားဆို ကြတာတွေ ရေးကြသဖြင့် ကျွန်တော်ပီတိဖြင့်စာဆက် ရေးဖို့ အားရှိခဲ့ရသည်။


ယခု ရှစ်နှစ်တိတိကြာပြီးသွားသောအခါတွင်တော့ ဒါရိုက်တာဝိုင်းက ရုပ်ရှင်ကြီးပါ ရိုက်ပြီးသွားသဖြင့် တစ် နေ့က ကိုဝိုင်းတည်းဖြတ်နေသော ဇာတ်ကားကို ကျွန်တော် သွား၍ပင် မြည်းစမ်းခဲ့ပြီးပါပြီ။ မကြာခင် ရုံတင်တော့မှာပါ။ 

ကိုယ်တိုင် ဇာတ်ညွှန်းရေးထားသော ဇာတ်ကားဖြစ်၍ ကျွန်တော်မကြော်ငြာလိုပါ။ ပြောပြချင်တာက အဲဒီ ဇာတ်လမ်းထဲမှာ ကျွန်တော်သုံးခဲ့သော အောင်မြင်သည့် ဘဝ၏ အနက်အဓိပ္ပာယ်ဖြစ်ပါသည်။ ကျွန်တော်က ''နောင်တရစရာနည်းတဲ့ဘဝက အောင်မြင်တဲ့ဘဝပဲ''ဟု ပြောခဲ့သည်။ ''နောင်တမရတတ်တာကတော့'' ပိုဆိုးတာ ပေါ့ဟုလည်း ပြောခဲ့သည်။ မြတ်စွာဘုရား၏ အဆုံးအမတရားတော်များက နောင်တရစရာနည်းအောင် ကူညီနိုင်သလားဟု မေးလျှင် တော့ သိပ်ကူညီနိုင်တာပေါ့ဟု ဆိုရပေမည်။ တရားတော်၏ အနှစ်ချုပ်ကိုက ''မကောင်းမှုဟူသမျှကို ရှောင်ကြဉ်ခြင်း၊ ကောင်းမှုဟူသမျှကို ပြုခြင်းနှင့် စိတ်ကို ဖြူစင်အောင်ထားခြင်း''တဲ့။ ဘာများ နောင်တရစရာရှိနိုင် မှာတဲ့လဲ။


အဲဒီမှာ ကျွန်တော်ထပ်သတိရမိတာက ၁၉၉၆ ခုနှစ် ကျွန်တော်ယူကေနိုင်ငံသို့ တော်ဝင်သမားတော်ဘွဲ့စာမေး ပွဲဖြေဖို့ ခရီးရှည်ကြီးထွက်ခွာရန် ပြင်ဆင်နေချိန်ဖြစ်ပါသည်။ ပညာလောဘတွေ အကြီးအကျယ်တက်နေချိန်ပေါ့။ ဥာဏ်ဆိုတာက လုံလောက်လို့ ဒီအခြေအနေအထိ ရောက်ခဲ့တာဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်သည်လေ။ ဝီရိယကလည်း တစ်ချိန်လုံး ထုတ်နေခဲ့တာ။ ကံကောင်းဖို့ပဲ လိုသည်ပေါ့။ အသက် (၃၅)နှစ်အရွယ် ပညာလောဘတွေ ငယ်ထိပ်ဆောင့်နေသော ကျွန်တော်က ''ကံ''ဆိုတာ အလုပ်။ ပြီးခဲ့ပြီးသော အတိတ်ကံက ကိုယ်မတတ်နိုင်တော့။ ပစ္စုပ္ပန် နှင့် အနာဂတ်တွင် ကံကောင်းသထက်ကောင်းအောင် ကောင်းသောအလုပ်ကို ကြိုးစား၍လုပ်မှဖြစ်မည်ဟု ရိုးရိုး ကလေး မရှုမြင်တတ်ပါ။ တကူးတက မဟုတ်သော်လည်း ကြုံကြိုက်လာလျှင် ဗေဒင်မေးချင်သည်။ ယတြာချေချင် သည်။ ကံတက်မည့် ပစ္စည်းကလေးများရလျှင် ဆောင်ထား ချင်သေးသည်။ တိုက်ဆိုင်ချင်တော့ အိမ်နားမှာ တန်ခိုးကြီးဆင်းတုတော် ဆိုတာမျိုးပင့်သည်။ လာဖူးပါတဲ့။ အိတ်မစိုက်ရဘဲ ကံတက်မည့်ကိစ္စပဲဟု သဘောထားကာ သွားဖူးသည်။ တကယ်အကျိုးပေးမှာက ဆင်းတုတော်မဟုတ်ဘဲ မိမိ ရင်ထဲက ဗုဒ္ဓဟောကြားတော်မူသောတရားတို့ကို နှစ်နှစ် ကာကာ ယုံကြည်သက်ဝင် ညွတ်ပျောင်းသည့် သဒ္ဓါစိတ်ဆို တာ သဘောမပေါက်သေး။ အဲဒီမှာ အဲဒီဆင်းတုတော်ကြွရာ အိမ်သို့လိုက်၍ ဝေယျာဝစ္စလုပ်ပေးသော ကျွန်တော့် အရွယ်လောက်ပဲရှိမည့် ပုဂ္ဂိုလ်တစ်ဦးနှင့်ဆုံသည်။ နိုင်ငံခြားသွားခါနီးဆဲဆဲ ဆရာဝန်ဆိုတာ သူသိတော့ စကားတစ်ခွန်းပြောသည်။ ''ရောက်လေရာ အရပ်မှာ သာသနာပြုစမ်းပါဗျာ'' ....တဲ့။သူဘာအဓိပ္ပာယ်နှင့်ပြောလဲတော့ ကျွန်တော်မသိ။ ကိုယ့်လောဘနှင့်ကို သဘောပေါက်တာတော့ သာသနာပြု၊ သာသနာပြုလျှင် ကံကောင်းမည်။ ကံကောင်း လျှင် စာမေးပွဲအောင်မြင်မည်။ တော်ဝင်သမားတော်ကြီး ဖြစ်မည်ပေါ့။ ယူကေရောက်တော့ ကျွန်တော်အလုပ်လုပ်သည့် ဆေးရုံက စကော့တလန်မှာ။ စကော့တလန်မှာ ဗုဒ္ဓ ဘာသာဘုန်းကြီးကျောင်းတောင်မရှိ။ ဂလတ်စဂို ဗုဒ္ဓ ဘာသာအသင်းက ဘာသာရေးပွဲလုပ်ချင်လျှင်တောင် အင်္ဂလန်ထဲမှာရှိသည့် နယူးကာဆယ်မြို့က ''ရတနာဂီရိ''အမည်ရှိ ဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီးကို ပင့်ရသည်။ ယခု လူတွေသုံးသုံးနေသည့် ''သာသနာပြုသည်''ဆိုသည့် စကားနှင့် စေတီ ပုထိုး ကျောင်းကန်တွေ လုပ်ပေး ဖို့ဆိုတာ စိတ်ကူးတောင် ယဉ်စရာမရှိ။ ကြွရောက်လာသည့် ဘုန်းတော်ကြီးက အမေရိကန်လူမျိုး၊ အင်္ဂလိပ်ဘာသာနှင့် တရားဟောသည်။ ထိုင်းနိုင်ငံကို ရောက်၍ ဗုဒ္ဓဘာသာ၏ အခြေခံအနှစ်သာရတွေကို သဘောပေါက်သွားသည့်နောက် ''သဒ္ဓါ''ပေါက်၍ ရာသက် ပန်ဘုန်းကြီးဝတ်လိုက်တာတဲ့။ သူပြောသည့် စကားထဲမှာ သဒ္ဓါ ဆိုတာကို တော်တော်လေးလေးနက်နက်ရှင်းပြသွားသည်။ 

ဟုတ်တာပေါ့။ ဆရာ ပါရဂူလည်း ရှင်းခဲ့တာပဲလေ။ အရပ်စကားထဲမှာ သာသနာဆိုတာ ဘုရား၊ တန်ဆောင်း၊ စေတီပုထိုး စသည်တို့ကို ရည်ညွှန်းတတ်သတဲ့။ နေရာတကာမှာ ကျောင်းကန်ဘုရားတွေရှိနေလျှင် ''သာသနာထွန်းကားသည်''ဟု သုံးလေ့ရှိသတဲ့။ ဓမ္မစကားမှာတော့ သာသနာဆိုတာ လူတို့အတွက် အမှန်တကယ်မှီခို အားထားရာ ဖြစ်နိုင်သော၊ မတင်းတိမ်၊ မရောင့်ရဲနိုင်သည့် အခြေအနေ (ဒုက္ခ)ကို အပြီးသတ်ပစ်နိုင်သော ဓမ္မသာလျှင် သာသနာမည်သတဲ့။ အဲဒီ ဓမ္မ လူတို့အတွင်းမှာ ပြန့်ပွား ထွန်းကားနေတာမှ သာသနာထွန်းကားတာတဲ့။ အနည်းဆုံး ဒေသနာဟု အဓိပ္ပာယ်ရပြီး နက်နက်နဲနဲစဉ်းစားလျှင် ''ဗြဟ္မာစရိယ အကျင့်ကိုပါ ကျင့်ရမှာတဲ့'' (ဆရာပါရဂူ၏ ဓမ္မစကား)။


အရှင်ဆေကိန္ဒလည်း ဟောတာပါပဲ။ လောဘ နည်းနည်းသွားတာ၊ ဒေါသ နည်းနည်းသွားတာ၊ မောဟ နည်းနည်းသွားတာ၊ တရားရှိရှိလာတာပဲတဲ့။

အဲသည်တုန်းက ကျွန်တော် ဆရာပါရဂူ၏ ဓမ္မစကား ကိုလည်း မဖတ်ဖူးသေး။ အရှင်ဆေကိန္ဒတရားတွေလည်း မနာဖူးသေးသော်လည်း ''သာသနာပြု''သည်ဆိုတာ ဘုရား၊ ပုထိုးစေတီတွေတည်သလောက် ကိုခေါ်တာမဟုတ်။ ဓမ္မပြန့်ပွားအောင် လုပ်တာဆိုသည့် အခြေခံသဘော လောက်ကို တော့လောက် ရိပ်မိခဲ့သည်။ဓမ္မကို ပြန့်ပွားအောင် လုပ်ရအောင် ကိုယ်ကိုယ်တိုင် ကိုက မိရိုးဖလာထက် နည်းနည်းသာ သာသည့်ဗုဒ္ဓဘာသာ ဝင်ပေပဲ။ သို့သော် ကျွန်တော်နိုင်သလောက်တော့ ကြိုးစား ပါသည်။အနည်းဆုံးတော့ ကိုယ့်ဓမ္မအသိ ဘယ်လောက်နည်း နည်း၊ ကိုယ့်ထက်နည်းသူတွေကတော့ အမြဲရှိနေတာပါပဲ။



အဲသည်သူတွေကို ကျွန်တော်သိသလောက်တော့ အမြဲ ဝေမျှသည်။ နိုင်ငံခြားမှာနေတုန်းကလည်း နိုင်ငံခြား သားတွေကို ကြုံတိုင်းပြောပြသည်။ မြန်မာပြည်ပြန်ရောက် တော့လည်း အထူးသဖြင့် ကိုယ့်ထက်ငယ်သူတွေ ကိုယ့်လောက်ဓမ္မစာပေ မဖတ်သူတွေကို ဝေမျှသည်။''နေဝင်အိပ်တန်းတက်''မှာလည်း ကျွန်တော်ထည့် ရေးသည်။ ဆရာတော်၊ သံဃာတော်တွေအားပေးကြတော့လည်း ပီတိဖြစ်ရသည်။ဘဝနေဝင် အိပ်တန်းတက်ချိန်မှာ နောင်တတွေနည်း နိုင်ဖို့အတွက် လောဘ၊ ဒေါသနဲ့ မောဟတို့ နည်းနိုင်သမျှ နည်းအောင် ကျွန်တော်ဆက်၍ကြိုးစားပါဦးမည်။ နောင်တမရတတ်သူတွေလည်း နောင်တရတတ် အောင် ကြိုးစားကြစေချင်ပါသည်။ ။

No comments:

Post a Comment