Wednesday, March 9, 2016

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ မျက်စိ ၊နား ၊နှာခေါင်း ၊ လည်ချောင်းရောဂါ အထူးကုဆေးရုံကြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

 
နေပြည်တော် မတ် ၉

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ယနေ့နံနက် (၉) နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ မျက်စိ၊နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆေးရုံကြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။


ရှေးဦးစွာ အထူးကု ဆေးရုံ အဆောက်အဦအား ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာဝင်းမြင့်၊ နေပြည်တော် ကောင်စီဝင် ဒေါက်တာပိုင်စိုးနှင့် ဦးဖုန်းဇော် ဟန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဒုတိယသမ္မတက ကမ္ဗည်းမော်ကွန်း ဆိုင်းဘုတ်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး တာဝန် ရှိသူများနှင့်အတူ အမွှေး နံ့သာရည်များ ပက်ဖြန်းပေးသည်။

ထို့နောက် ဒုတိယ သမ္မတက အမှာစကား ပြောကြားရာတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်း မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆေးရုံ (၁) ရုံ ထပ်မံဖွင့်လှစ်နိုင်သည့်အတွက် မင်္ဂလာရှိသည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ လက်ရှိ နိုင်ငံတော်အစိုးရ စတင်တာဝန်ယူချိန်မှစ၍ နိုင်ငံရေး၊ စီးပွားရေး စသည့် ကဏ္ဍပေါင်းစုံတွင် ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေး ကဏ္ဍကိုလည်း အဓိက အခန်းကဏ္ဍ အဖြစ် ဦးစားပေးဆောင်ရွက်ခဲ့ ပါကြောင်း၊ နိုင်ငံတော်၏ ကျန်းမာရေးမျှော်မှန်းချက်ဖြစ်သည့် လူတိုင်းကျန်းမာပြီး သက်တမ်းစေ့နေနိုင်ရန် မျှော်မှန်းချက်နှင့်အညီ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပါကြောင်း။

ကျန်းမာရေး ပြုပြင်ပြောင်းလဲမှု ကဏ္ဍတွင် အဓိကအားဖြင့် ပြည်သူများ စိုက်ထုတ် ရသည့် ကုန်ကျစရိတ်များ လျော့နည်းစေရန်၊ ဆေးရုံကြီး၊ငယ်၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်၊ ဆေးပေးခန်းအထိ ထိရောက်သည့် ၀န်ဆောင်မှုများအပြင် ကျန်းမာရေး အသုံးစရိတ်များကိုလည်း ပိုမိုတိုးမြှင့်ပေးသည်ကို တွေ့ကြရမည် ဖြစ်ကြောင်း၊ ဆရာဝန် များအပါအ၀င် သူနာပြု၊ သားဖွားနှင့် အဆင့်ဆင့်သော ကျန်းမာရေးဝန်ထမ်း များကိုလည်း ပိုမိုမွေးထုတ် ပေးလျက်ရှိကြောင်း၊ လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ဆေးရုံ (၂၂၅)ရုံ တိုးချဲ့ဖွင့်လှစ် ပေးခဲ့ပြီး ဆေးရုံ (၁၀၀)ကို အဆင့်တိုးမြှင့် ပေးနိုင် ခဲ့ကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများမှ ဆေးရုံ (၁၅) ရုံကို ခုတင် (၅၀၀) ဆေးရုံကြီးများအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ကြောင်း၊ ဆေးရုံများကို အဆင့်မြှင့်တင် ပေးခဲ့သကဲ့သို့ လူနာများအနေဖြင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်စေရန် အခမဲ့ကုသမှု အစီအစဉ်များကို တိုးချဲ့ဆောင်ရွက်ပေးခဲ့ပါကြောင်း။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ အထိ ဆေးရုံစုစုပေါင်း  (၁၁၉၀) ရုံအထိ တိုးမြှင့်ဖွင့် လှစ်ပေးနိုင်ခဲ့ရာ ယခုဖွင့်လှစ်သည့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကု ဆေးရုံကြီးသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း (၃)ရုံမြောက် အထူးကုဆေးရုံတစ်ရုံဖြစ်ပြီး ကျပ်သန်းပေါင်း (၂၁၇၄) သန်းကျော် အကုန်အကျခံ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ တစ်နိုင်ငံလုံးတွင် ဆေးရုံစုစုပေါင်း (၁၁၉၁) ရုံ ဖွင့်လှစ် ပေးခဲ့ပြီ ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ကျေးလက် ကျန်းမာရေးဌာန (၁၂၇၈) ခုကိုလည်း ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ပါကြောင်း။

မျက်စိ၊ နား၊ နှာခေါင်းနှင့် လည်ချောင်းရောဂါ အထူးကု ဆေးရုံကြီးများမှာ မန္တလေးမြို့တွင် (၁) ခု၊ ယခုနေပြည်တော်တွင် (၁) ခု ရှိလာပြီး ရန်ကုန်မြို့တွင်မူ မျက်စိရောဂါကု ဆေးရုံနှင့် နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆေးရုံများကို သီးခြားစီ ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ အထူးကု ဆေးရုံကြီး ဖွင့်လှစ်နိုင်ခြင်း သည် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများနှင့် ပတ်သက်ပြီး ကျန်းမာကြံ့ခိုင်မှု ပိုမိုဖြစ်ထွန်း လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ သည်လည်း ပိုမိုတိုးတက် လာမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယ သမ္မတနှင့် တာဝန်ရှိသူများသည် ဆေးရုံ အဆောက်အဦအား လှည့်လည်ကြည့်ရှုကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာ လှမာလာ၊ တွဲဘက်ပါမောက္ခ ဒေါက်တာ ဒေါ်ဆွေဦးလွင်နှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။

ထို့နောက် ဒုတိယ သမ္မတသည် အခမ်းအနားသို့  တက်ရောက်လာကြ သူများနှင့် အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

No comments:

Post a Comment