Wednesday, March 9, 2016

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော်   မတ် 
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါး မှုလျှော့ချရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်အမှာ စကားပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက မြန်မာနိုင်ငံ၏ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများကို အမျိုးသားအဆင့် စီမံကိန်း အဖြစ်သတ်မှတ်၍ ကျေးလက်ဒေသများတွင် အမှန်တကယ် လိုအပ်နေသည့် လုပ်ငန်းများကို ဖြည့်ဆည်းပေးရန် ရန်ပုံငွေ အရင်းအမြစ်များ ခွင့်ပြုထားပြီး ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်စေ ခဲ့ပါကြောင်း၊ ဆောင်ရွက်ခဲ့ပြီးသော လုပ်ငန်းများ အနေဖြင့် တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုများရှိခဲ့သည်ကို စာရင်းအင်း ကိန်းဂဏန်း များအရ တွေ့မြင်နေရသော်လည်း လုပ်ငန်းစဉ်(၈)ရပ်နှင့် စပ်လျဉ်း၍ ကျေးလက် နေပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့မှုအပေါ် ပြည်သူများ လက်ခံနိုင်သည့် ထင်သာမြင်သာရှိသော သက်သေသာဓက အထောက်အထား များအား ကျေးလက်ပြည်သူများထံအရောက် ပြည့်ပြည့်ဝဝ ဖော်ထုတ်ပြသ နိုင်ရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံ၏ ဆင်းရဲမှုနှုန်းကို တိုင်းတာသိရှိနိုင်ရန် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် UNDP တို့ပူးပေါင်း၍ အိမ်ထောင်စု စားဝတ် နေရေး အခြေအနေ ဘက်စုံလေ့လာမှုစစ်တမ်း (Integrated Household Living Conditions Assessment - IHLCA) ကို ၂၀၀၄-၂၀၀၅ နှင့် ၂၀၀၉-၂၀၁၀ ခုနှစ်များ တွင် (၂)ကြိမ် ကောက်ယူခဲ့ပါကြောင်း။
IHLCA စစ်တမ်းများဖြင့် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု နှုန်းကို ဖော်ထုတ်သတ်မှတ် ရာတွင် ၂၀၀၄-၂၀၀၅ စစ်တမ်းအရ ဆင်းရဲနွမ်းပါးမှု နှုန်းမှာ (၃၂)ရာခိုင်နှုန်း နှင့် ၂၀၀၉-၂၀၁၀ စစ်တမ်းအရ ဆင်းရဲနွမ်းပါးမှုနှုန်းမှာ (၂၅ ဒသမ ၆) ရာခိုင်နှုန်း ဖြစ်သည့်အတွက် ထောင်စုနှစ် ဖွံ့ဖြိုးမှု ပန်းတိုင်(MDGs)အရ ဆင်းရဲနွမ်းပါးသူ အရေအတွက်ကို ထက်ဝက် လျှော့ချနိုင်ရေး ရည်မှန်းချက်အပေါ် အထောက်အကူ ပြုနိုင်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
၂၀၁၆ ခုနှစ်၊ ကမ္ဘာ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် (Sustainable Development Goals) (၁၇) ရပ်အနက် ပန်းတိုင်(၁)ဖြစ်သည့် ကမ္ဘာပေါ်ရှိနေရာ တိုင်းတွင် ဆင်းရဲနွမ်းပါးမှု ပုံစံအမျိုးမျိုး အဆုံးသတ်ရေး (End Poverty in all its forms everywhere)ဟု သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မိမိတို့၏လူမှုရေး ဆိုင်ရာနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်း အစဉ်အလာများ၊ ပထဝီဝင် အနေအထားအရ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခြေအနေများ၊ ကျေးလက်လူထု၏ ဦးစားပေး လိုအပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း။
အထောက်အကူပြု ကော်မတီများနှင့် လုပ်ငန်းကော်မတီများမှ ကဏ္ဍနှင့်ဒေသ အလိုက် အကောင်အထည် ဖော်သည့် လုပ်ငန်းများတွင် မဖြစ်မနေဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ဆက်လက် အကောင်အထည် ဖော်နိုင်ရန်အတွက် လိုအပ်ချက်များ၊ အကြံပြုချက်များ သုံးသပ်ဖော်ထုတ် ဆောင်ရွက်သွားကြရန်လည်း လိုအပ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွင် အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက် ရေးဆောင် ရွက်ရာတွင် လက်တွေ့ကျသည့် လျာထားချက်များဖြစ်ရန် လိုအပ်ကြောင်း။
ပြည်သူများကို ရေရှည်အကျိုးပြုမှု ဖြစ်စေရန်အတွက် ဘဏ္ဍာရေး အရင်းအမြစ်များ ပုံမှန်စဉ် ဆက်မပြတ် ရရှိနိုင်ရန် အရေးကြီးသည့်အတွက် အခြေခံကျသည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ ထူထောင်မှု အပိုင်းကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားသွားရန် လိုအပ်မည် ဖြစ်ကြောင်း၊
နိုင်ငံတော် အစိုးရအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ကျေးလက်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်နှင့် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်မှန်းပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်ကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ INGOs , NGOs ၊ ပြည်တွင်းပြည်ပမှ ကျွမ်းကျင် ပညာရှင်များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများဖြင့် အဆင့်ဆင့် ဆွေးနွေး တိုင် ပင်ရေးဆွဲခဲ့ပြီး ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ (၁၈) ရက်တွင် နိုင်ငံတော်သမ္မတတက် ရောက်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှ အတည်ပြု ချမှတ်နိုင်ခဲ့ပါကြောင်း။
မဟာဗျူဟာ မူဘောင်ကို ဗျူဟာ (၅) ရပ်နှင့် အညီ လက်တွေ့မြေပြင်တွင် အကောင်အထည် ဖော်နိုင်ရန်အတွက် ကျွမ်းကျင် ပညာရှင်များနှင့် လုပ်ငန်းအစီအစဉ် များအား ရေးဆွဲပြုစုခဲ့ပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ လူထုဗဟိုပြုစီမံကိန်း၊ ကျေးရွာ ဖွံ့ဖြိုးရေး စီမံချက် ရေးဆွဲခြင်းစီမံကိန်း၊ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ အသက်မွေးဝမ်း ကျောင်းနှင့် မိသားစုဝင်ငွေ တိုးပွားရေး လုပ်ငန်းများ အပါအဝင် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်း များကို နိုင်ငံတော် စီမံကိန်းများ အသွင်ဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံ အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းစီမံကိန်းများ စနစ်တကျဖြင့် စီမံဆောင်ရွက်သွား နိုင်ရန် ပြဋ္ဌာန်း ထုတ်ဝေထားသည့် လက်စွဲစာစောင်၊ လမ်းညွှန်များကိုလည်း လက်တွေ့ စီမံကိန်းများ အကောင်အထည် ဖော်ရာတွင် အသုံးပြု ဆောင်ရွက်သွားရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က   လယ်ယာကုန်ထုတ် လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ၊ သားငါး ထုတ်လုပ်မှုနှင့် ကျေးလက်လူမှု စီးပွားကဏ္ဍ၊ အသေးစား ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ၊ အသေးစား ပုဂ္ဂလိကလုပ် ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ၊ သမ၀ါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ စာရင်းအင်း အချက်အလက်များ ကောက်ယူ စုဆောင်းရေးနှင့် စိစစ်အကဲဖြတ်ရေးကဏ္ဍ တို့နှင့်စပ်လျဉ်း၍ ရှေ့ဆက် ဆောင်ရွက်သင့် သည့် ကိစ္စရပ်များကို အကြံပြု တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နှင့်ပတ်သက်၍ စာရင်းအင်း အချက်အလက်များ ကောက်ယူ စုဆောင်းခြင်းနှင့် စိစစ် အကဲဖြတ်ခြင်း လုပ်ငန်းများအား ကမ္ဘာဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ် များ၊ ဒုတိယ ၀န်ကြီးများနှင့် တာဝန်ရှိသူများက ဆပ်ကော်မတီများ အလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွက် ရှေ့ဆက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ကဏ္ဍအလိုက် အကြံပြု ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ဒုတိယ သမ္မတက အကြံပြု တင်ပြချက်များအပေါ် ပြန်လည် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘ၀ မြှင့်တင် ပေးခြင်းအားဖြင့် မြို့ပြနှင့် ကျေးလက်ကွဲပြားခြားနားမှု အတတ် နိုင်ဆုံး လျှော့ချရန် ရည်မှန်းချက်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်နှင့်အညီ ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းများကို ရည်မှန်း ချက်၊ တာဝန်များအတိုင်း ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ထပ်တိုး ဆောင်ရွက်မှုများကိုလည်း ပြီးပြတ်အောင် ဆောင်ရွက် ထားရှိရန် လိုပါကြောင်း၊ ကျေးလက်နှင့် ပြည်သူလူထုကို ထိထိရောက်ရောက် အကျိုးပြုနိုင်သည့် လုပ်ငန်းများတွင် ရှေ့ဆက်သွားရမည့် ခရီးအတွက် ကောင်းမွန်သည့် အကြံဉာဏ်များ ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

No comments:

Post a Comment