Monday, March 7, 2016

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့ ပြုပြင် မွမ်းမံ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု ကြည့်ရှု စစ်ဆေး



ရန်ကုန် - မတ် 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက်(၉)နာရီ (၄၅) မိနစ်တွင် ရန်ကုန်မြို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။





ရှေးဦးစွာ ဒုတိယသမ္မတသည် စတင်စမ်းသပ်အသုံးပြုလျက်ရှိသည့် PET / CT CYCLOTRON CENTER ၊ ဆေးရုံကြီး ပင်မဆောင်ရှိ အရိုးနှင့် ထိခိုက် ဒဏ်ရာကုဌာန၊ ဆေးကုသဆောင်(၃)၊ ဆေးကုသဆောင်(၂)၊ ငါးထပ်ဆောင် ရှိ OPERATING THEATRE COMPLEX တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဆေးဝါးကုသမှုခံယူ နေကြသည့် ဝေဒနာရှင် ပြည်သူများနှင့် လူနာစောင့်များအား နှုတ်ဆက်အားပေးစကား ပြောကြားကာ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာဝန်များနှင့် ၀န်ထမ်းများအား ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းအား Training Centre ၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင် မွမ်းမံပြင်ဆင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုဆပ်ကော်မတီ အဖွဲ့ခေါင်းဆောင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်းနှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ဖြည့်စွက်ရှင်း လင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး အမှာစကားပြောကြားရာတွင် ‘ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍကို မြှင့်တင်ရန်နှင့် နိုင်ငံတကာအဆင့်မီစေရန် ရည်ရွယ် ချက်များ နှင့်အညီ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်း မံပြင်ဆင်ရေး လုပ်ငန်းများကို ပြီးခဲ့သည့် နှစ်နှစ်ကျော် သုံးနှစ်တာကာလအတွင်း အကောင်းဆုံးဖြစ်စေရန် မိမိတို့ အားလုံး ကြိုးပမ်းဆောင်ရွက်ခဲ့ ပါကြောင်း၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ပင်မဆောင်သည် ယခုအခါ အရည်အသွေးပိုင်းတွင် တိုးတက်မှုရှိလာကြောင်း၊ သို့သော် အဆောက် အဦပိုင်း၊ အထောက်အကူပြုစက်ပစ္စည်းအပိုင်း၊ ၀န်ထမ်းများအပိုင်းနှင့် ၀န်ဆောင်မှုပေး သည့်အပိုင်းများကို အပိုင်းလိုက် ခွဲခြားကြည့်လျှင် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်နှင့် နှိုင်းယှဉ်ချိန်ထိုးကြည့်လျှင်လည်း အာဆီယံ အဆင့်ကိုပင် မမီနိုင်သေးကြောင်း၊ ဆက်လက်လုပ်ဆောင်ရန် အများအပြားရှိနေသေးကြောင်း၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ကို မိမိတို့ တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ခဲ့စဉ်က ခုတင် ၁၅၀၀ ဆံ့ ဖြစ်ပြီး လူနာများ များပြားသဖြင့် ငါးထပ်ဆောင်ကို တိုးချဲ့ တည်ဆောက်ခဲ့ရကြောင်း၊ ငါးထပ်ဆောင် ပြီးစီးပါက လူနာများလျှော့နည်းသွားမည်ဟု ခန့်မှန်းထားသော်လည်း ယခု ပြီးစီးသည့် အချိန်မှာပင် လူနာများပြည့်နေဆဲဖြစ်ရာ ဆက်လက် အဖြေ ရှာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
သို့သော် လက်ရှိအခြေအနေအထိ တိုးတက်လာစေရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီတို့က ကာယအား၊ ဥာဏအား စေတနာအားတို့ဖြင့် ကြိုးပမ်းဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ လက်ရှိ အခြေအနေအထိ တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော တာဝန်ရှိသူများ၊ ၀န်ထမ်းများနှင့် ပြင်ပ အကြံပေးပုဂ္ဂိုလ်အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း’ ပြောကြား သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အကြီးစားပြုပြင် မွမ်းမံပြင်ဆင်ရေးလုပ်ငန်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ လုပ်ငန်း ကြီး (၉)ခုဖြင့် စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။ OT Complex တိုးချဲ့ငါးထပ်ဆောင် တည်ဆောက်ခြင်း လုပ်ငန်း၊ PET-CT/CYCLOTRON CENTER တည်ဆောက်ခြင်း လုပ်ငန်း၊ ဒေါ်ပုဆောင် အကြီးစား ပြုပြင်မွမ်းမံပြင် ဆင်ခြင်းလုပ်ငန်း၊ ပင်မဆောင်ဝင်းအတွင်း Car Parking, Land Scaping, Lamp Post ဆိုင်းဘုတ်လုပ်ငန်း၊ ရန်ကုန် ဆေးရုံကြီးဝင်းအတွင်း အဆောင် အချို့ ဆေးသုတ်လုပ်ငန်း၊ ရန်ကုန်ဆေးရုံကြီးဝင်း အနော်ရထာလမ်း ဘက်ခြမ်းရှိ အုတ် တံတိုင်းလုပ်ငန်းနှင့် ပင်မဆောင်ဝင်း Drain and Apron များ ပြုပြင်ခြင်း လုပ်ငန်း၊ ပင်မဆောင်နှင့် နှလုံးရောဂါ ကုသဆောင် ရေသန့် လုပ်ငန်းများနှင့် ပန်းဖောင်း လိုင်းများ ဆေးသုတ်လုပ်ငန်း၊ PET-CT/ OT Complex, Imaging Complex တို့အား လျှပ်စစ် သွယ်တန်းခြင်း လုပ်ငန်း တို့မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မဆောင် အကြီးစားပြုပြင်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီး ၆၀ ရာခိုင်နှုန်းပြီးစီးအောင် လျာထားဆောင်ရွက်ခဲ့ရာ အချိန်မီပြီးစီးခဲ့ပြီး ဆေးစတိုအသစ် တည်ဆောက် ခြင်းလုပ်ငန်း၊ အောက်စီဂျင်စက်ရုံ အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်း၊ 1000 KVA Transformer (၃)လုံး တပ်ဆင်ခြင်း လုပ်ငန်းနှင့် အရေးပေါ်ဌာန အကြီးစား ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပင်မဆောင်ပြုပြင်ခြင်းလုပ်ငန်း၏ ကျန်ရှိသော ၄၀ ရာခိုင်နှုန်းကို ဆက်လက်ဆောင်ရွက် လျက်ရှိရာ ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၉၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ ပင်မအ လယ်ဆောင်ရှိ Sky Roof မိုးရန် မှန်များမှာယူ ထားရာ ၂၀၁၆ မတ်လ ၈ ရက်တွင် ရောက်ရှိပြီး မတ်လ ၁၀ ရက်တွင် တပ်ဆင်ပြီးစီး ပါက လုပ်ငန်း တစ်ခုလုံး ၏ ၁၀၀ ရာခိုင်နှုန်း ပြီးစီးမည်ဖြစ်သည်။ ကင်ဆာငါးထပ် လူနာဆောင် တည်ဆောက်ရေး လုပ်ငန်းမှာလည်း ယခု ဘဏ္ဍာရေးနှစ်တွင် ၆၀ ရာခိုင်နှုန်း ပြီးစီးရန် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

ထို့ပြင် တိုးချဲ့ဝင်းအတွင်း တည်ဆောက်လျက်ရှိသော ၀န်ထမ်းအိမ်ရာ ၁၀ ထပ် အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းမှာလည်း ယခုဘဏ္ဍာရေးနှစ်တွင် ၅၀ ရာခိုင်နှုန်း ပြီးစီးရန် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၂၀ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်သည်။

No comments:

Post a Comment