Thursday, March 10, 2016

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား တွေ့ဆုံ


နေပြည်တော်၊ မတ် - ၉

အနာဂတ်အစီအမံများ ချမှတ်ဆောင်ရွက် ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ် ရေးနှင့်ကာကွယ်ရေးအမြင်များ ရရှိစေရန်အတွက် အပြန်အလှန်ပို့ချဆွေးနွေးခြင်း၊ စဉ်ဆက် မပြတ်လေ့လာခြင်း၊ စာတမ်းများရေးသားပြုစုခြင်း များဖြင့် အတွေ့အကြုံများစွာရရှိသည့် အဖိုးတန် သင်တန်းတစ်ခုဖြစ်ပြီး လက်တွေ့နယ်ပယ် လုပ်ငန်းခွင်တွင်လည်းများစွာ အထောက်အကူရရှိစေမည်ဖြစ်ပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင်  နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်း ခန်းမဆောင်၌ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေးသမိုင်းနောက်ခံနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာ ကတည်းက ပြည်ထောင်စုသား များနှင့်စုစည်း တည်ဆောက်ထားသည့် နိုင်ငံတစ်ခုဖြစ်ပြီး ဘုန်းမီးနေလ ထွန်းတောက်ခဲ့ကြောင်း၊သို့သော် ဗြိတိသျှနယ်ချဲ့တို့၏ ကျူးကျော်စစ်များကြောင့် ၁၈၈၅ ခုနှစ်တွင် လွတ်လပ်ရေးပါ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းသစ္စာဖောက်တို့၏ သစ္စာမဲ့သည့်ဖြစ်ရပ်များကြောင့် နယ်ချဲ့များ ရတနာပုံနန်းတော်အထိ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့ပြီး မိမိတို့ ထီးနန်းပျောက်ခဲ့ ရကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးမှုကြောင့်  တိုင်းပြည်၏နယ်မြေများ အပြောင်းအလဲ ဖြစ်ခဲ့ရကြောင်း၊ လွတ်လပ်ရေးရပြီးနောက် လက်ရှိနယ်နိမိတ် အတိုင်း တည်မြဲနေအောင် ၊မပွန်းပဲ့ မပြိုကွဲအောင် တပ်မတော်နှင့်ပြည်သူတို့ လက်တွဲ၍ ယနေ့ထိအောင် ထိန်းသိမ်းခဲ့ရ ကြောင်း။

လွတ်လပ်ရေးဆုံးရှုံးခဲ့ရမှု၏ အကျိုးဆက်များကို လွတ်လပ်ရေးရပြီးသည့်တိုင် အချုပ် အခြာ အာဏာ အပြည့်အဝမရရှိဘဲ ဆက်လက်ခံစားခဲ့ရကြောင်း၊ အတိတ်သမိုင်းမှ ရသည့် အတွေ့အကြုံများအရ ၎င်းအန္တရာယ်များကို ကျော်လွှားနိုင်ရန် လိုအပ်သည့် ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ရသည်ကို နားလည်ရန်လိုကြောင်း။

လွတ်လပ်ရေးရပြီးနောက် ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ကြောင်း၊ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ် ကြားကာလတွင် ကမ္ဘာ့နိုင်ငံရေး၌ အရင်းရှင် စနစ်နှင့်ကွန်မြူနစ်၊ ဆိုရှယ်လစ်စနစ် နှစ်ခုအားပြိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ စစ်ရှုံးနိုင်ငံများ၊ လွတ်လပ်ရေး ဆုံးရှုံးသည့်နိုင်ငံအများစုသည် ကွန်မြူနစ် အယူအဆများကို လက်ခံခဲ့ ကြကြောင်း၊ လွတ်လပ်ပြီးစ မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေးလုပ်ဆောင်သူများနှင့် တပ်မတော်ပိုင်းတွင်ပါ ယင်းအယူအဆများ အုပ်စုကွဲနေခဲ့ကြောင်း၊ အရင်းရှင်နှင့်ကွန်မြူနစ် အုပ်စုကြီးနှစ်ခု အတွင်းတွင်ပင် ထပ်မံ၍အုပ်စုများ ကွဲပြားနေ သဖြင့် ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးသော်လည်း ရောပြွမ်းနိုင်ငံရေးစနစ်ဖြစ်နေသည်ကို တွေ့ရကြောင်း။

နိုင်ငံဖြတ်သန်းခဲ့ရသည့်သမိုင်းကြောင်းအရ လွတ်လပ်ရေးမရမီ ချုပ်ဆိုခဲ့ သည့်ပင်လုံစာချုပ်အပေါ်အခြေခံပြီးရေးဆွဲခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ၏အားနည်းမှုကြောင့် ပြည်ထောင်စုကြီးမပြိုကွဲ စေရန် တပ်မတော်အနေဖြင့် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းအချိန်က နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေးကဏ္ဍများတွင် နိုင်ငံခြားသားများ၊ သွေးနှောများ၏ လက်ဝါးကြီးအုပ် လွှမ်းမိုး ချုပ်ကိုင်မှုများသည်လည်း နိုင်ငံ၏အကျပ်အတည်းတစ်ခု အဖြစ်တွေ့ရကြောင်း၊ တော်လှန်ရေးကောင်စီ ခေတ်တွင်လည်း အရင်းရှင်စနစ်အုပ်စု၊ ကွန်မြူနစ်အုပ်စုနှင့် ဆိုရှယ်လစ်အုပ်စုစသည်ဖြင့် ကွဲပြားမှုများရှိခဲ့သော်လည်း ဆိုရှယ်လစ်စနစ်ကျင့်သုံးခဲ့ ကြောင်း၊ ယင်းနောက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် တစ်လျှောက်လုံးတွင် ဆိုရှယ်လစ် အုပ်ချုပ်မှုစနစ်၊ စီမံကိန်းစီးပွားရေး စနစ်ကျင့်သုံးခဲ့ကြောင်း၊ ၎င်းစနစ်တွင် နိုင်ငံတော်မှ တာဝန်ယူမှုကို ဇောင်းပေးထားသည့်အတွက် လူများ၏ အသိစိတ်ဓာတ်ဆိုင်ရာ အားနည်း ချက်များ ဖြစ်ပေါ်စေခဲ့သကဲ့သို့ အုပ်ချုပ်ရေးနှင့် စီးပွားရေးစီမံကိန်းများ အားနည်းခဲ့ကြောင်း၊ ယင်းအထွေထွေအားနည်းချက်များကြောင့် ၁၉၈၈ခုနှစ်တွင် ဆူပူအုံကြွမှုကြီး ဖြစ်ပေါ်ပြီး ပြည်သူတို့က ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြောင်း၊ ထို့ကြောင့်တပ်မတော်က  အခြေအနေအရပ်ရပ်ကို ဝင်ထိန်းသိမ်းခဲ့ပြီး ယင်းအချိန်မှစ၍ ဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်ခဲ့သည့်ကာလတွင် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးနိုင်ရန် နိုင်ငံရေးအခင်းအကျင်းများ ပြင်ဆင် ချထားခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း။

လက်ရှိကျင့်သုံးနေသည့် ပါတီစုံဒီမိုကရေစီစနစ် ပထမအဆင့် ၅နှစ်သက်တမ်း တွင်လည်း တပ်မတော်အနေဖြင့် ယင်းလမ်းကြောင်းတွင် ခိုင်ခိုင်မာမာ ရပ်တည်လျှောက်လှမ်း နိုင်ရန်ပါဝင်လုပ်ဆောင်ခဲ့ကြောင်း၊ တိုးတက်မှုများလည်းရရှိခဲ့ကြောင်း၊ ဆက်လက် လျှောက်လှမ်းရမည့် ဒုတိယ အဆင့်တွင်လည်း လက်ရှိအခြေအနေများမှ ယိမ်းယိုင်မှုကို လက်မခနိုင်ကြောင်း၊ မိမိနိုင်ငံ ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိရှိဖြင့် ရပ်တည် နိုင်အောင်ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများမှ ယုံကြည်မှုရှိရမည်ဖြစ်ကြောင်း၊ မိမိတို့ သွားနေသည့်လမ်းကြောင်းပေါ်တွင် မှန်ကန်စွာ ရပ်တည်ကြရမည် ဖြစ်ကြောင်း၊ ယင်းသို့ထိန်းသိမ်းလုပ်ဆောင်သွားနိုင်ပါက လာမည့် ၁၀ နှစ်၊ ၁၅နှစ်အတွင်းယခုထက် တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍လည်း လွတ်လပ်၍ တက်ကြွသောနိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေး မူဝါဒများအား ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းဆောင်ရွက်နေကြောင်း၊ မည်သည့်နိုင်ငံ၊ မည်သည့်အုပ်စု၏ နောက်လိုက် မဟုတ်သကဲ့သို့ မိမိနိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံများသာရှိပြီး ရန်သူနိုင်ငံ မရှိကြောင်း။

တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးကဏ္ဍ တွင် တိုင်းပြည်မယိုင်လဲ၊ မပြိုကွဲစေရန် ပါဝင်နေခြင်းဖြစ်ကြောင်း၊ မိမိနိုင်ငံနှင့်ကိုက်ညီ သည့် ဒီမိုကရေစီစနစ် ကျင့်သုံး ရာတွင် တည်ငြိမ်အေးချမ်းမှုသည် အဓိကကျကြောင်း၊ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုမရှိပါက ပရမ်းပတာဒီမိုကရေစီသာ ဖြစ်နိုင်ကြောင်း၊ စည်းနှင့်ကမ်းနှင့် ဒီမိုကရေစီဖြစ်ရန်အတွက် ဥပဒေလေးစားလိုက်နာမှုသည် အရေးကြီးကြောင်း၊ ဒီမိုကရေစီ စနစ်အား လက်ခံပါက၊ လေးစားမြတ်နိုးပါက၊ အဓွန့်ရှည် စေလိုပါက စည်းကမ်းရှိရန်၊ ဥပဒေကို လေးစားလိုက်နာရန်လိုကြောင်း၊ ဒီမိုကရေစီကို ပုံဖော်နေသည့်ပြည်သူ၊ ပြည်သားများ စည်းကမ်းနှင့်ဥပဒေကို လေးစားလိုက်နာရမည် ဖြစ်သကဲ့သို့ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် နေသည့်တပ်မတော်သားများ အနေဖြင့်လည်း စည်းကမ်းနှင့်ဥပဒေကို စံနမူနာပြ လိုက်နာရမည်ဖြစ်ကြောင်း။

စီးပွားရေးသည် တိုင်းပြည်တစ်ခု၏ အဓိကကျသည့် မောင်းနှင်အားပင် ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မည်ဆိုပါက နိုင်ငံရေးတည်ငြိမ်မှုရှိမည်ဖြစ်ပြီး ကာကွယ်ရေးစွမ်းအားလည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုရှိမှလည်း စီးပွားရေးကောင်းမွန်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကာကွယ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေး တို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြောင်း၊ မြန်မာနိုင်ငံ၏ရည်မှန်းချက်သည် အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းရှိသည့် ဒီမိုကရေစီနိုင်ငံသွားရန် ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေးအားကောင်းရန်လိုကြောင်း၊ နိုင်ငံတကာတွင် ထာဝရမိတ်ဆွေ နိုင်ငံ၊ ထာဝရရန်သူ နိုင်ငံဟူ၍ မရှိဘဲ ထာဝရစီးပွားရေး၊ ထာဝရ အကျိုးစီးပွားသာ ရှိကြောင်း၊ စီးပွားရေး အားကောင်းရန် အတွက် တိုင်းပြည်၏ပကတိ အခြေအနေကို ပစ်ပယ်၍ မရကြောင်း။

အုပ်ချုပ်ရေးပိုင်းတွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို သွားနေခြင်း ဖြစ်ပြီး စည်းကမ်းနှင့်ဥပဒေသည် အရေးကြီးကြောင်း၊ စည်းကမ်းဆိုသည်မှာ အဖွဲ့အစည်းတစ်ခု၏ ထုတ်ပြန်သောတိုက်တွန်းချက်၊ တားမြစ်ချက်များဖြစ်ပြီး ဥပဒေဆိုသည်မှာ တစ်နိုင်ငံလုံး နှင့်သက်ဆိုင်ကြောင်း၊ ဥပဒေသည် ပြင်းထန်ပြီး ကန့်သတ်ချက်၊ သတ်မှတ်ချက်နှင့် အရေးယူရန်ပုဒ်မများပါရှိကြောင်း၊ တပ်မတော် သားများအနေဖြင့် ၎င်းတို့ကိုသိရှိထားရန်နှင့် လိုက်နာရန်လိုအပ်ကြောင်း၊ တပ်မတော်၏စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို သိရှိနားလည်ရမည် ဖြစ်ပြီး နယ်ဘက်ဆိုင်ရာ ဥပဒေစည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက် များ၊ နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဥပဒေနှင့်စ ည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာ ရမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် တာဝန် ထမ်းဆောင်နေသော တပ်မတော် သားများအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်သော မူဝါဒများကို နားလည်ထားရန် လိုအပ်ကြောင်း၊ နယ်စပ်ဒေသစီမံခန့်ခွဲရေးကိစ္စရပ် များကို နိုင်ငံအလိုက် သိရှိနားလည်အောင် လေ့လာထားရန် လိုကြောင်း။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီး ၇၉ ဦး တို့တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်သမိုင်းပြတိုက်သို့ သွားရောက်၍ ဧည့်ကြိုဆောင်အတွင်း ခင်းကျင်းပြသထားသော ပြခန်းများနှင့် ရှေးခေတ်မြန်မာ့တပ်မတော် စတင်ပေါ်ပေါက်လာချိန်မှ စတင်၍ မျက်မှောက် ကာလအထိ အကြောင်းအရာများကို ခင်းကျင်းပြသထားသည့် စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူးရုံး ပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ မော်ကွန်း တိုက်မှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြခန်းများတွင် ရုပ်လုံးရုပ်ကြွများ ၊ ဓာတ်ပုံများ ထပ်မံဖြည့်တင်း ပြသနိုင်ရေးနှင့် ယခုထက်ပိုမိုအဆင့်မြှင့်တင်၍ ပြသနိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။ (မြ၀တီ)

No comments:

Post a Comment