Thursday, March 10, 2016

ဒုတိယသမ္မတလောင်းအဖြစ် ဦးထင်ကျော်၊ ဒေါက်တာစိုင်းမောက်ခမ်း၊ ဦးဟင်နရီဗန်ထီးယူနှင့် ဦးခင်အောင်မြင့် တို့၏အမည်စာရင်းတင်သွင်း





နေပြည်တော်၊ မတ်၁၀

သမ္မတရွေးချယ်တင်မြှောက်ရေးအစုအဖွဲ့ အစည်းအဝေးများကို ယနေ့နံနက် ပိုင်းတွင် လွှတ် တော်အသီးသီးတွင် ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်မှ ဒုတိယသမ္မတလောင်း နှစ်ဦးနှင့် အမျိုးသားလွှတ်တော်မှ ဒုတိယ သမ္မတလောင်းနှစ်ဦးတို့၏ အမည်စာရင်းကို တင်သွင်းခဲ့ကြသည်။


ပြည်သူ့လွှတ်တော်မှ ဒုတိယသမ္မတလောင်းအဖြစ် ဦးထင်ကျော်နှင့် ဒေါက်တာစိုင်းမောက်ခမ်း တို့ကို တင်သွင်းခဲ့ကြပြီး အမျိုးသားလွှတ်တော်မှ ဦးဟင်နရီဗန်ထီးယူနှင့် ဦးခင်အောင်မြင့်တို့ကို အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတလောင်း အဖြစ် အဆိုပြုကြ ရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထင်ကျော်အားပုလဲမဲဆန္ဒနယ်က ဒေါ်ခင်စန်းလှိုင်က အဆိုတင် သွင်းပြီး ကသာမဲဆန္ဒနယ်မှဦးမြင့်ကြည်က ထောက်ခံသည်။

ထို့အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမဲဆန္ဒနယ်က ဒေါက်တာ စိုင်းမောက်ခမ်း (ခ) ဦးမောင်အုန်းအား မိတ္ထီလာမဲဆန္ဒနယ် မှ ဒေါက်တာမောင်သင်းက အဆိုတင်သွင်းပြီး ဇေယျာသီရိမဲဆန္ဒနယ်မှ ဦးလှဌေးဝင်းက ထောက်ခံသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယ သမ္မတလောင်းအဖြစ် အဆိုပြုကြ ရာတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဟင်နရီဗန်ထီးယူအား ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆)မှ ဒေါက်တာအောင်သူက အဆိုတင်သွင်းပြီး မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်းက ထောက်ခံသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှဦးခင်အောင်မြင့်အား ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်က အဆိုတင်သွင်းပြီး ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်က ထောက်ခံသည်။


နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်း များနှင့် ပြည့်စုံခြင်းရှိ/မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့တွင်ပါဝင်မည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအား ရွေးချယ် ကြရာတွင် ပြည်သူ့လွှတ်တော်မှ ဒဂုံမြို့သစ်အရှေ့ပိုင်း မဲဆန္ဒနယ်မှ ဒေါက်တာမျိုးအောင်အား ရွေးချယ် ခဲ့ပြီး အမျိုးသားလွှတ်တော်မှ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးဘမျိုးသိန်း အား ရွေးချယ်ခဲ့ကြောင်းနှင့် မတ်လ ၁၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အရည်အချင်းများပြည့်စုံခြင်းရှိ/မရှိ စိစစ်ခြင်းကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment