Tuesday, March 22, 2016

လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန်နှင့် နွေစပါး စိုက်ပျိုးရန် ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်

 တင်လှိုင် (မိတ္ထီလာ)

မြန်မာနိုင်ငံသည် ရေသယံဇာတ၊ မြေသယံဇာတ ပေါများကြွယ်သော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ် စသည့် အဓိကမြစ်ကြီးများအပြင် အခြားမြစ်ငယ်၊ ချောင်းငယ်များလည်း အသွယ်သွယ်စီးဆင်းနေသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ရာ စိုက်ပျိုးရေးအတွက် လိုအပ်သောရေများကို ထိုမြစ်ချောင်းအင်းအိုင်တို့မှ ရယူသုံးစွဲခြင်းဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေကြသည်။ မြစ်ချောင်းများသည် စိုက်ပျိုးရေးသာမက ရေကြောင်းသွားလာရေးအတွက်လည်း အကျိုးပြုသလို အဆိုပါမြစ်ချောင်းများ ရေကြီးရေလျှံခြင်းကြောင့် ရေနစ်မြုပ်ပျက်စီးနိုင်မှုများမှ ကာကွယ်ရေးသည်လည်းအရေးကြီးသည်။


ထိုသယံဇာတ မြစ်ချောင်းများထဲတွင် အပါအဝင် ဖြစ်သော ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပန်းလှိုင်မြစ်တွင်လည်း မြစ်ရေကြီးခြင်းကြောင့် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန်နှင့် မြစ်ရေဖြင့်နွေစပါး စိုက်ပျိုးနိုင်ရန်အတွက် မြစ်ကြောင်းပြန်လည် တူးဖော်မှုများကို ဆောင်ရွက်လျက်ရှိသည်။

ပန်းလှိုင်မြစ်သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းနေ သည့် မြစ်တစ်စင်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်း ညောင်တုန်းမြို့မှစ၍ ဧရာဝတီမြစ်မှ ခွဲထွက်ပြီး စီးဆင်းလာခဲ့ရာ ညောင်တုန်းမြို့နယ် မဲဇလီကျေးရွာ အနီးတွင် ပန်းလှိုင်မြစ်၊ ကုက္ကိုဝမြစ်ဟူ၍ မြစ်နှစ်စင်းခွဲ ထွက်ပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီးတွင် ပန်းလှိုင်မြစ်အတွင်းသို့ စီးဝင်သောမြစ်တစ်စင်းဖြစ်သည်။ ပန်းလှိုင်မြစ်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ မဲဇလီဒလမှ ခတ္တိယရွာ အထိ အလျား ၇ ဒသမ ၅၂ မိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ခတ္တိယရွာမှ လှိုင်မြစ်အထိ အလျား ၂၆ ဒသမ ၆ မိုင် စုစုပေါင်း ၃၄ မိုင်ကျော် ရှိသည်။

ရှေးယခင်အခါက မဲဇလီဒေသမှ လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအထိ ပန်းလှိုင်မြစ်တစ်လျှောက် နှစ်ထပ်သင်္ဘောများ အစုန်အဆန် ဝင်ထွက်သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ ရေလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နိုင်ခြင်းတို့ကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးများအဆင်ပြေတိုးတက်ခဲ့သည်။ နောက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် မဲဇလီဒလမှ အုန်းပင်စုရွာအထိသာ ရေရောက်ရှိကာ ထိုနေရာမှ ခတ္တိယရွာအထိ တိမ်ကောခဲ့ပြီး ကျူတောများ၊ ပိတ်စွယ်တောများ အပြည့် ပေါက်လျက်ရှိသည်။ မိုးတွင်းကာလတွင် ရေထုတ်နှုတ်ရန် တည်ဆောက်ထားသော ခတ္တိယ၊ မြဂဲနှင့် ဘိုတာရေတံခါးတို့မှာလည်း ရေစီးဆင်းမှုမရှိ၍ နုန်းများပိတ်ဆို့ လာခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာလည်း လှိုင်မြစ်ဝမှ ကင်းရွာအထိသာ ရေရောက်ရှိပြီး ကင်းရွာအထက်ပိုင်း ပန်းလှိုင်မြစ်ကြောင်းတွင် ကျူတောများ၊ ပိတ်စွယ်ပင်များ ပေါက်ရောက်လျက်ရှိသည်။ မရွှေဥရေတံခါး၊ စန္ဒယော် ရေတံခါးနှင့် ထိုးဝါးချောင်းရေတံခါးတို့သည်လည်း မြစ်ရေစီးဆင်းမှုလျော့နည်းလာခြင်းကြောင့် နုန်းများပိတ် ဆို့ခဲ့ပြီဖြစ်သည်။

ပန်းလှိုင်မြစ်မှာ သဲနုန်းများ ပို့ချမှုကြောင့် မြစ်ကြောင်း တစ်လျှောက် အစမှအဆုံး ရေကြောင်းလမ်းအဖြစ် သုံးမရဘဲ ဖြစ်နေ၍ ရေကြောင်း ပိတ်နေသော ပန်းလှိုင်မြစ်ကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် သီးသန့်ရန်ပုံငွေ ကျပ်သန်းပေါင်း ၂၂၅ဝဝ ဖြင့် ပြန်လည်တူးဖော်ပြုပြင်ရန် ခွင့်ပြုခဲ့သည်။

နှစ်ပေါင်းများစွာ တိမ်ကောပျက်စီးနေသည့် ပန်းလှိုင်မြစ်ကြီးကို ၂ဝ၁၄ ခုနှစ် သြဂုတ်လမှစ၍ ဆည်မြောင်း ဦးစီးဌာနက ပြန်လည်တူးဖော်ခဲ့သည်။

ဤသို့ ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ပေး သဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ညောင်တုန်းကျွန်း တာတမံ ဧရိယာများ၌ မိုးတွင်းကာလ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ခြင်း အကျိုးကျေးဇူးကို ရရှိလာသည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြစ်ဝမှ နုန်းပါဝင်သည့်ရေများ ဝင်ရောက်ခြင်းမရှိတော့သဖြင့် နုန်းပို့ချ မှုသက်သာကာ ညောင်တုန်းကျွန်းနှင့် အရွဲကွင်းတို့တွင် မိုးတွင်းကာလ ရေထုတ်ရန် တည်ဆောက်ထားသည့် ခတ္တိယရေတံခါးနှင့် မြဂဲရေတံခါးတို့မှ ပုံမှန်ရေထုတ် နိုင်လာရာ ယခုအခါ ညောင်တုန်းမြို့နယ် ညောင်တုန်းကွင်း မိုးစပါးစိုက်ဧကများကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်သည်နှင့် အတူအရွဲကွင်းအတွင်းရှိ မိုးစပါးဧက ၃ဝဝဝ နှင့် နွေစပါး ၃၃၄၂ ဧက စုစုပေါင်း ၆၃၄၂ ဧကကို အပြည့်အဝ စိုက်ပျိုးလာနိုင်ပြီဖြစ်သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်နှင့် ထန်းတပင်မြို့နယ်အတွင်းရှိ ဧရိယာ ၁ဝ၁၁၂၈ ဧက ကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ခဲ့သည်။ ပန်းလှိုင်မြစ်ရေကို တူးမြောင်းဖောက်လုပ်သွယ်ယူပြီး ခတ္တိယ မြောင်း၊ တလုတ်တာမြစ်မှတစ်ဆင့် သယ်ယူသွားပါက တွံတေး- လှိုင်သာယာ ကားလမ်းဘေး ပဒန်ရေကျော်အထိ ရေသွယ်ယူနိုင်သည်။ အဆိုပါ တာဘေးမြောင်းနှင့် ဆက်စပ်လျက်ရှိသော လေးမောင်ချောင်း၊ ကမ်းနီးချောင်း၊ ကုလားချောင်း၊ ခနောင်ချောင်း၊ ကျွဲတရွတ် ချောင်း စသည့် ချောင်းများနှင့်အတူ တူးဖော်ထားသော မြောင်းများမှ တစ်ဆင့် ရွှေမယွင်းဒေသ မြောက်ပိုင်းရှိ မြောက်ပိုင်းရှိ ကွင်းဧရိယာ ဧက ၇၀၀၀၀ ခန့်ကို ရေသွင်းနိုင်ပြီး နွေစပါး စိုက်ပျိုးနိုင်မည်ဖြစ်၍ မိုးရာသီအတွင်း ယခုရေသွင်းလာသည့် လားရာပြောင်းပြန်အတိုင်း ရွှေမယွင်းကွင်း မြောက်ပိုင်းမှ ကွင်းရေများကို ပန်းလှိုင်မြစ်အတွင်း ထုတ်နေပြီဖြစ်သည်။


ယခုအခါ ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်နိုင်ခဲ့သဖြင့် တက်သစ်ကျွန်းများအတွင်းတွင်လည်း မင်္ဂလာ ရေတံခါး၊ စန္ဒယော်တံခါး၊ ထိုးဝါးချောင်း ရေတံခါး၊ မရွှေဥ ရေတံခါး၊ မြစိမ်းရောင် ရေတံခါးတို့မှ ရေသွင်းရေထုတ် ပြုလုပ်နိုင်ပြီ ဖြစ်၍ ရေကြီးနစ်မြုပ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီဖြစ်သည်။ ထို့အတူ မြစ်ကြောင်းပြန်လည် ဖော်ထုတ်ခြင်းကြောင့် တွံတေး၊ ထန်းတပင်နှင့် ညောင်တုန်းမြို့နယ်အတွင်း နွေစပါး ၂၇၉၈၅ ဧကကို ပြန်လည်စိုက်ပျိုးလာနိုင်ပြီဖြစ်သည်။

ပျက်အစဉ်ပြင်ခဏဆိုသည့် စကားပုံနှင့်အညီ နှစ်ပေါင်းများစွာ တိမ်ကောနေသည့် ပန်းလှိုင်မြစ်ကြောင်း ကြီးကို ခြောက်လအတွင်း ယန္တရားကြီးများဖြင့် ပြန်လည်တူးဖော်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းလှိုင်မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများ၌ နွေစပါး၊ မိုးစပါးနှင့် အခြားသီးနှံများပါ စိုက်ပျိုးနိုင်ကာ ရေကြီးနစ်မြုပ်မည့် ဘေးအန္တရာယ် မှလည်း ကာကွယ်ပေးနိုင်ပြီသဖြင့် မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ တောင်သူလယ်သမားများ ဝမ်းမြောက်လျက်ရှိနေကြပြီဖြစ်ပါသည်။ ။

No comments:

Post a Comment