နေပြည်တော် မတ် ၅
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ် ၂ ရက်မှ ၃ ရက်အထိ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် (၂၂)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ
သီးသန့်အစည်းအဝေး၊ (၁၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အီးယူကုန်သွယ်မှု
ကော်မရှင် အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေး များသို့ တက်ရောက်သည်။
အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေး ဝန်ကြီးများနှင့်
ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အီးယူကုန်သွယ်မှု
ကော်မရှင်နာနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် မတ် ၂ ရက် ည ၇ နာရီ မိနစ် ၂ဝ တွင် အာဆီယံစီးပွားရေးဝန်ကြီးများ၏
အလုပ်သဘောညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် အာဆီယံစီးပွားရေးအသိုက်အဝန်း
၂ဝ၁၅ တည်ထောင်နိုင်မှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် ကိစ္စရပ်များ၊ ၂ဝ၁၆ ခုနှစ်တွင်
ဦးစားပေး အကောင်အထည်ဖော်ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အာဆီယံစီးပွားရေးအသိုက်အဝန်းပုံစံ
၂ဝ၂၅ အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့များမှ သတ်မှတ်ထားသည့်
အချိန်အတွင်း လုပ်ငန်းအစီအစဉ်ရေးဆွဲရေးကိစ္စရပ်များ၊ Trans-Pacific Partnership
(TPP) အဖွဲ့ဝင် အာဆီယံနိုင်ငံများ၏ ဆောင်ရွက်နေမှု အခြေအနေများ၊ အာဆီယံစီးပွားရေးဝန်ကြီးများ၏
အမေရိကန်ခရီးစဉ် အတွင်း ကျင်းပခဲ့သည့် အာဆီယံ-အမေရိကန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု
ပူးတွဲ ကောင်စီ (ASEAN-US TIFA Joint Council Meeting) အစည်းအဝေးရလဒ် တို့နှင့်စပ်လျဉ်း၍
အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မတ် ၃ ရက်တွင် (၂၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကိုကျင်းပရာ
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူသည့် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံက ၂ဝ၁၆ ခုနှစ်တွင်
ဦးစားပေး ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်(၈)ရပ် ကို ဆွေးနွေး အတည်ပြုခြင်းနှင့် ဒေသတွင်း
စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း ခိုင်မာစေရေး အတွက် အဖွဲ့ဝင်နိုင်ငံ
များအကြား ဆွေးနွေး ညှိနှိုင်း မှုများ ထိရောက်မှုရှိစေရန် တွေ့ဆုံဆွေးနွေးမည့် ယန္တရားပုံစံအပေါ်
လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။
ထို့နောက် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ၏ အေအီးစီ ၂ဝ၂၅ အကောင်အထည်ဖော်မှုအတွက်
ထောက်ခံအကြံပြုချက်များ၊ ပြည်သူဗဟိုပြု ကဏ္ဍများအတွက် ချဉ်းကပ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊
၂ဝ၁၆ ခုနှစ် လာအိုနိုင်ငံ၏ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်(၈) ရပ်အား ထောက်ခံ အားပေးမှုတို့အပေါ်
အာဆီယံစီးပွားရေး ဝန်ကြီးများက ဆွေးနွေးအကြံပြု ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် (၁၄) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများနှင့်
အီးယူကုန်သွယ်မှု ကော်မရှင် အစည်းအဝေးကို ကျင်းပရာ အာဆီယံ-အီးယူ စီးပွားရေးကောင်စီ၏
လုပ်ငန်းတိုးတက်မှုများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအစီအစဉ် (၂ဝ၁၅-၂ဝ၁၆)
အကောင်အထည်ဖော်မှု အခြေအနေများ အတည်ပြုခြင်း၊ အာဆီယံဒေသတွင်းပေါင်းစည်းမှုအတွက် အီးယူမှ
ထောက်ပံ့လျက်ရှိသည့် အစီအစဉ်များ၊ အာဆီယံ-အီးယူ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်
ချုပ်ဆိုနိုင်ရေးအတွက် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအား လေ့လာဆန်းစစ်မှုပြုလုပ်ခြင်း၊
ဒိုဟာဖွံ့ဖြိုးမှု အစီအစဉ်၏ ကျန်ရှိနေသည့်ကိစ္စများနှင့် အခြားနယ်ပယ်များတွင် နည်းလမ်း
သစ်များဖြင့် ညှိနှိုင်းဖော်ထုတ်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကိစ္စရပ်များကို
ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် (၁၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အီးယူကုန်သွယ်မှုကော်မရှင်
အစည်းအဝေး၏ ပူးတွဲ သတင်းထုတ်ပြန်ကြေညာ ချက်ကို ထုတ်ပြန်ခဲ့သည်။

No comments:
Post a Comment