Sunday, March 6, 2016

ကင်းထောက်လူငယ်များ ပုဂံ-ညောင်ဦး ယဉ်ကျေးမှုနယ်မြေသို့လေ့လာ


ပုပ္ပား မတ် ၅
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာနိုင်ငံကင်းထောက်ကြီး ဦးရဲမြင့်သည် ပုဂံ-ညောင်ဦး ယဉ်ကျေးမှု နယ်မြေသို့ လေ့လာရေး ခရီးရောက်ရှိကြသည့် ကင်းထောက်လူငယ်များ စခန်းချတွေ့ဆုံပွဲ (ပုပ္ပား)မှ အမျိုးသား ကင်းထောက် များ၊ အမျိုးသမီးကင်းထောက်များအား အဖွဲ့နှစ်ဖွဲ့ခွဲ၍ ယနေ့ မွန်းလွဲပိုင်းက ရွှေနန်းတော်ပြ တိုက်၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။

ယင်းဧည့်ခံပွဲတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မြန်မာနိုင်ငံ ကင်းထောက်ကြီး ဦးရဲမြင့်က မြန်မာနိုင်ငံ ကင်းထောက် လူငယ်များ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ နိုင်ငံတကာအဆင့်မီ ကင်းထောက် သင် တန်းများ၊ စနစ်တကျဖွင့်လှစ်နိုင်မည့် ကင်းထောက်စခန်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်း များကို ကင်းထောက်လူငယ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား နိုင်ငံတကာကင်းထောက် ညီလာခံများ တက်ရောက်ခဲ့သည့် တက္ကသိုလ်အဆင့် ကင်းထောက် လူငယ်များက အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
ယနေ့နံနက်ပိုင်းက ကင်းထောက်လူငယ်များ စခန်းချတွေ့ဆုံပွဲ (ပုပ္ပား)မှစခန်းမှူး ကင်းထောက်သင်တန်းမှူးချုပ် ဦးအေးကြိုင်နှင့် ကြီးကြပ် အုပ်ချုပ်သူ ဆရာ/ဆရာမများ လိုက်ပါလျက် ကင်းထောက်လူငယ်များသည် အမျိုးသားကင်းထောက်၊ အမျိုးသမီး ကင်းထောက် အဖွဲ့ နှစ်ဖွဲ့ ခွဲကာ နံနက် ၈ နာရီတွင် ပုဂံညောင်ဦးသို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာပြီး ရွှေစည်းခုံ၊ အာနန္ဒာ၊ သဗ္ဗညု၊ လောကနန္ဒာ၊ မြစေတီစသည့် ဘုရားရှစ်ဆူကို ဖူးမြော်၍ ရာဇကုမာရ ကျောက်စာ၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုပြတိုက်ကို လေ့လာ ကြည့်ရှုကြသည်။
ကင်းထောက်လူငယ်များသည် ဘုရားများရှိ ဂေါပကအဖွဲ့ဝင်များထံ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ညနေ ၄ နာရီတွင် တည်းခိုရာ ပုပ္ပားစခန်းသို့ ပြန်လည်ရောက်ရှိကာ ဗဟိုခန်းမတွင် ကင်းထောက်ဆိုင်ရာ အသိအမြင်၊ အတွေးအခေါ် မြင့်မားရေးအတွက် ကင်းထောက် အရည်အသွေး ဆန်းစစ်ခြင်းနှင့် စခန်းကာလ အတွေ့ အကြုံများအပေါ် အကဲဖြတ်ခြင်းများကို ပြုလုပ်သည်။
ညပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်ထောင်စု တိုင်းရင်းသား ကင်းထောက်လူငယ်များက ယဉ်ကျေးမှု ဂီတအနုပညာဖြင့် ဖျော်ဖြေကြပြီး ချစ်ကြည်ရင်းနှီးစွာ စခန်းချတွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းသည်။
မတ် ၆ ရက် နံနက် ၇ နာရီတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ကင်းထောက်လူငယ်များသည် မိမိနေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာ ကြမည်ဖြစ်သည်။

No comments:

Post a Comment