Thursday, March 31, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အကျိုးစီးပွားအလို့ငှာ ဆောလျင်စွာ ဆောင်ရွက်မည်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် မတ် ၃၁
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အဆိုတင်သွင်းခြင်းနှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ကတိသစ္စာပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။




အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ရှေ့မှောက်၌ ကတိသစ္စာမပြုရသေးသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဗိုလ်ကြီးမင်းမင်းသန်းက ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး သည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရာတွင် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌနှင့် ဥပဒေကြမ်းကော်မတီတို့၏ တာဝန်ပေးချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို အဆိုတင်သွင်းသွားမည်ဖြစ်ပါကြောင်း၊ ဥပဒေကြမ်း နှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များကို ဝေငှထားပြီးဖြစ်သည့်အတွက် အကျဉ်းချုံးတင်ပြသွား မည်ဖြစ်ပါကြောင်း။
ယခုဥပဒေကြမ်းကို နိဒါန်းအပါအ၀င် အခန်း(၅)ခုနှင့် ဖွဲ့စည်းထားကြောင်း၊ အခန်း (၁)တွင် အမည်နှင့်အဓိပ္ပါယ် ဖော်ပြချက်၊ အခန်း(၂)တွင် ဥပဒေ၏ရည်ရွယ်ချက်(၄)ရပ် ဖြစ်သော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ်ပီပြင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းထားပါကြောင်း။
အခန်း(၃)တွင် တာဝန်ပေးအပ်ခြင်း ပုဒ်မ(၄)၌ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမှုရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်ဟု ပြဋ္ဌာန်း တာဝန်ပေးထားပါကြောင်း၊ အခန်း(၄)တွင် အတိုင်ပင်ခံပုဂ္ဂိုလ်၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို ပြဋ္ဌာန်းထားပါကြောင်း။
ဤနေရာတွင် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်ဘဲ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အကြံပြုချက်များ ပေးအပ်ခြင်း၊ အကြံပြုချက်များ၊ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရခြင်းနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဥပဒေပါရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့ များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း။
ထို့ပြင် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရာထူးအလျောက် လစဉ်ချီးမြှင့်သော အဆောင် အယောင်နှင့် အခွင့်အရေးတို့ကို ခံစားခွင့်ရှိပါကြောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်များအတွက် ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ နှင့် ခွဲဝေသတ်မှတ်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။
အခန်း(၅)အထွေထွေတွင် ပုဒ်မ(၃)ခုပါရှိပြီး ပုဒ်မ(၆)တွင် အတိုင်ခံပုဂ္ဂိုလ်၏ ရာထူး သက်တမ်းသည် နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်းအတိုင်း သတ်မှတ်ထားပါကြောင်း၊ ပုဒ်မ(၇)တွင် ဥပဒေသည် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်းကာလ အတွင်း တာဝန်ထမ်းဆောင်သည့် နိုင်ငံတော်သမ္မတ၏ သက်တမ်း ကာလ အတွက်သာ ဖြစ်စေရမည်ဟု သတ်မှတ်ထားပါကြောင်း၊ ပုဒ်မ(၈)တွင် ပြည်ထောင်စု လွှတ်တော်သည် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ လိုအပ်သော နည်းဥပဒေများကို ထုတ်ပြန်နိုင် သည်ဟု ဖော်ပြထားပါကြောင်း။
ထို့ကြောင့် ယခုဥပဒေကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှ တင်ပြရသည့် ရည်ရွယ်ချက်မှာ နိုင်ငံသူ နိုင်ငံသားတို့၏ မျှော်မှန်းချက်များနှင့် အကျိုးစီးပွားများကို အတိုင်ပင်ခံပုဂ္ဂိုလ်က ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် ဥပဒေကြမ်း ကော်မတီက အဆိုတင်သွင်းရခြင်းဖြစ်ပါကြောင်း၊ ယခုဥပဒေသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ(၂၁၇)တွင် ဖော်ပြသတ်မှတ်ထားသော ပြည်ထောင်စုလွှတ်တော်၏ လုပ်ပိုင်ခွင့်ဘောင်အတွင်းက ဖော်ပြခဲ့သည့်အတွက် အမျိုးသားလွှတ်တော်က လက်ခံ ကြားနာဆွေးနွေးရန်အဆိုကို တင်ပြခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်ကျိန်ငိုင်မန်က အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့် တင်သွင်းသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း ကို ထောက်ခံပါကြောင်းဆွေးနွေးသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က အဆိုပါဥပဒေကြမ်းကို လွှတ်တော်၌ လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ သဘောထားရယူပြီး ဦးအောင်ကြည်ညွန့် တင်သွင်းသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်းကော်မတီသို့ လွှဲအပ် ကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင် သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့ပြင် လွှတ်တော်ဥက္ကဋ္ဌ က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ ဆောလျင်စွာ ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြား ခြင်း၊ ပြင်ဆင်ချက်အဆိုတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းတို့ကို တစ်ပါတည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြိုတင်အသိပေး ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ရက်မြောက် ပထမပုံမှန်အစည်းအဝေးကို ဧပြီ ၁ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရန်လျာထားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဖတ်ကြား ရှင်းလင်း၍ လွှတ်တော်ကိုယ်စားလှယ်(၄)ဦးနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ်(၃)ဦးတို့က ဆွေးနွေးကြမည်ဖြစ်ပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment