Friday, April 1, 2016

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းအသစ်လျှောက်ထားခြင်း များနှင့် သက်တမ်းတိုးခြင်း များအား ခွင့်ပြုပေးနေမှုအခြေအနေ


ပြန်ကြားရေး ဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းနည်း ဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂ဝ၁၄) ဖြင့် ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေး ဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ် အသစ်လျှောက်ထားခြင်း၊ သက်တမ်းတိုးလျှောက်ထားခြင်းနှင့် ပုံနှိပ်သူ/ ထုတ်ဝေသူ အမည်ပြောင်းလျှောက်ထားခြင်းတို့ကို စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေးလျက်ရှိပါသည်။


ထိုသို့ဆောင်ရွက်ပေးခဲ့ရာ (၂၈-၃-၂ဝ၁၆) ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် ထုတ်ဝေခြင်းလုပ်ငန်းအတွက် ပုံနှိပ်လုပ်ငန်းအသစ်လျှောက်ထားသူ (၄)ဦး၊ ထုတ်ဝေ ခွင့်အတွက် အသစ်လျှောက်ထားသူ ဂျာနယ်ထုတ်ဝေခွင့် (၅)ဦး၊ မဂ္ဂဇင်း ထုတ်ဝေခွင့် (၂)ဦး၊ အထွေထွေထုတ်ဝေခွင့် (၅)ဦး၊ ပေါင်းလုပ်ငန်းအသစ် (၁၂) ဦးနှင့် သတင်းအေဂျင်စီအသစ်လျှောက်ထားသူ (၂)ဦးတို့အား အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ စိစစ်ဆဲမဂ္ဂဇင်း လျှောက်ထားသူ (၁)ဦးက ပြန်လည်ရုပ်သိမ်းခွင့် လျှောက်ထားခြင်းအား မှတ်တမ်းတင်ထားရှိခဲ့ပါသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁ဝ-၁ဝ-၂ဝ၁၄) ရက်မှစ၍ ယနေ့အထိ ပုံနှိပ်လုပ်ငန်းအတွက် သက်တမ်းတိုး (၁ဝ၄၃) ဦးနှင့် အသစ်လျှောက်ထားသူ (၂၈၄) ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း အတွက် သက်တမ်းတိုး (၉၉၂) ဦးနှင့် အသစ်လျှောက်ထားသူ (၇၆၅) ဦး၊ သတင်းအေဂျင်စီ လုပ်ငန်းအသစ် လျှောက်ထားသူ (၃ဝ) ဦး၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းအသိအမှတ်ပြု လက်မှတ် (၃၁၁၄) စောင်အား စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

ပုံနှိပ်သက်တမ်းတိုးလျှောက်ထားသူ (၁)ဦးနှင့် မဂ္ဂဇင်းအသစ်လျှောက် ထားသူ (၁)ဦးတို့အား အချက်အလက်များ စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment