Thursday, March 31, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ ကျင်းပ လွှတ်တော် ကိုယ်စားလှယ်(၃)ဦး ကတိသစ္စာပြု


နေပြည်တော် မတ် ၃၁
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက် နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်(၃)ဦး ကတိ သစ္စာပြုခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ နိုင်ငံတကာ လွှတ်တော်ဥက္ကဋ္ဌများက ပေးပို့သည့် သ၀ဏ်လွှာများ မှတ်တမ်းတင်ခြင်း၊ လွှတ်တော်ကော် မတီဥက္ကဋ္ဌ ပြောင်းလဲဖွဲ့စည်း ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံထားရသည့် လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာစိုင်းမောက်ခမ်း၊ ဇီးကုန်း မဲဆန္ဒနယ်မှ ဦးဥာဏ်ထွန်း၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်တို့သည် ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး(၁၆)ရက်မြောက်နေ့တွင် လွှတ်တော် ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။



ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ထိုင်းနိုင်ငံအမျိုးသားဥပဒေပြု လွှတ်တော်ဥက္ကဋ္ဌ၊ တူရကီနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ၊ စင်ကာပူသမ္မတနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ၊ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ ဗဟိုပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အိန္ဒိယသမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ လက်ဘနွန်နိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်၊ ပါကစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ၊ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌတို့က ပေးပို့ခဲ့သည့် သ၀ဏ်လွှာများကို လွှတ်တော်က မှတ်တမ်းတင်သည်။

ယင်းနောက် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ သုံးခွမဲဆန္ဒနယ်မှ ဒေါ်စုစုလွင်အစား အဖွဲ့ဝင် ၀ါးခယ်မမဲဆန္ဒနယ်မှ ဦးဇော်သိန်းအား ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်က သဘောတူညီ ချက်ရယူအတည်ပြုသည်။
ပြည်သူ့လွှတ်တော် အစည်းအဝေး(၁၇)ရက်မြောက်နေ့ကို ဧပြီ(၄)ရက် နံနက် (၁၀)နာရီတွင် ကျင်းပရန်လျာထားကြောင်း သိရသည်။


No comments:

Post a Comment