Friday, March 4, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာနိုင်ငံ ကင်းထောက်လူငယ်များ စခန်းချတွေ့ဆုံပွဲသို့ တက်ရောက်








နေပြည်တော် မတ် ၎

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် (ပုပ္ပါးစခန်း)၌ စခန်းချနေကြသည့်  မြန်မာနိုင်ငံကင်းထောက်လူငယ်များအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးလှထွန်း၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးရဲထွဋ်၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဗိုလ်ချုပ်ထွန်းထွန်းနောင် ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ထွက်ခွာခဲ့ပြီး ညောင်ဦးမြို့သို့ ရောက်ရှိကြရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်နှင့် တာဝန်ရှိသူများက ညောင်ဦးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ၀န်ကြီးချုပ်များ၊ တိုင်းမှူးတို့နှင့်အတူ ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ကြပြီး ကင်းထောက်လူငယ်များ စခန်းချ နေသည့် (ပုပ္ပါးစခန်း)သို့ရောက်ရှိကြရာ မြန်မာနိုင်ငံကင်းထောက်အဖွဲ့၏ကင်းထောက် ချုပ်ကြီး နိုင်ငံတော်သမ္မတအား ကင်းထောက်ကြီးများနှင့် ကင်းထောက်လူငယ်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များ၊ ကင်းထောက်ကြီးများနှင့် ကင်းထောက်လူငယ်များက နိုင်ငံတော်အလံအား အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ကင်းထောက်လူငယ်များအား အမှာစကား ပြောကြားရာတွင်     ယခုကဲ့သို့ ကင်းထောက်မောင်မယ်များ စခန်းချတွေ့ဆုံပွဲကို ယမန်နှစ်က ပြင်ဦးလွင် ထင်းရှုးတောစခန်း၌ ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် မောင်တို့မယ်တို့အတွက် အသစ်အဆန်းတစ်နေရာဖြစ်သည့် ပုပ္ပားစခန်းကို ရွေးချယ် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။ ပုပ္ပားတောင်ကြီးကိုလည်း အထင်ကရတွေ့မြင် ရပြီး မောင်တို့မယ်တို့ကိုယ်တိုင် သမိုင်းဝင်အထင်ကရ ပုပ္ပားတောင်ကြီးနှင့် တောင်ကလပ်ကို တက်ရောက်ကြပြီးဖြစ်ကြောင်း။

မောင်တို့မယ်တို့အဖွဲ့တွင် မြန်မာနိုင်ငံအနှံ့အပြား တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့မှ အခြေခံပညာအဆင့်၊ အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့်တို့မှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ပါဝင်ကြသည့်အတွက် ကင်းထောက်ညီအစ် ကိုမောင်နှမများနှင့် တွေ့ဆုံရသည့် မမေ့နိုင်ဖွယ်ရာ တွေ့ဆုံပွဲလည်းဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းတစ်ရာကျော် စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားအချင်းချင်း ချစ်ခင် သည့် ညီအစ်ကိုမောင်နှမစိတ်၊ တစ်နည်းအားဖြင့် ပြည်ထောင်စုစိတ်ဓါတ် ထားရှိရ မည်ဖြစ်ကြောင်း။ ဥမကွဲသိုက်မပျက် အေးအတူပူအမျှ အတူတကွ ချစ်ကြည်စွာ နေထိုင်လိုသည့် ပြည်ထောင်စုစိတ်ဓါတ်သည်သာလျှင် စစ်မှန်သည့် မျိုးချစ်စိတ်ဓါတ်ဖြစ် ကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် စစ်မှန်သည့်မျိုးချစ်စိတ်ဓါတ်ကို ငယ်စဉ် ကျောင်းသားဘဝကပင် မွေးမြူကြရမည်ဖြစ်ကြောင်း။

ယခုလူငယ် နောင်ဝယ်လူကြီးဆိုသကဲ့သို့ မောင်တို့မယ်တို့သည် တစ်ချိန်တွင် တိုင်းပြည်၏တာဝန်များကို ကျရာအခန်းကဏ္ဍမှ ပါဝင်တာဝန်ယူကြရမည် ဖြစ်ကြောင်း၊ တာဝန်သိသော နိုင်ငံ့သားကောင်းများဖြစ်ရန်အတွက် ဗလငါးတန်နှင့် ပြည့်စုံရန် လိုကြောင်း၊ ကိုယ်ကျင့်တရားကောင်းရန်၊ စည်းကမ်းကောင်းရန်၊ ဇွဲသတ္တိ၊ ဝီရိယ ဆိုသည့် အရည်အချင်းများသည် မရှိမဖြစ်လိုအပ်ကြောင်း၊ ထို့ပြင် အများအကျိုးကို သယ်ပိုးဆောင်ရွက်ရန်၊ အချင်းချင်း ရိုင်းပင်းကူညီရန်ဆိုသည့် စိတ်ထားများကိုပါ ကင်းထောက်မောင်မယ်ဘဝမှာကတည်းက လေ့ကျင့်သွားကြရမည် ဖြစ်ကြောင်း၊ ကင်းထောက်၏ ဆောင်ပုဒ်အတိုင်း နိုင်ငံအတွက် “ အမြဲအသင့်” ဖြစ်နေကြရမည် ဖြစ်ကြောင်း။

ကင်းထောက်အဖွဲ့အစည်းကြီးသည် နိုင်ငံ့သားကောင်းများဖြစ်ရန် လေ့ကျင့် မွေးမြူပေးသည့် အဖွဲ့အစည်းကြီးဖြစ်ကြောင်း။ မိမိတို့နိုင်ငံသာမက ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကင်းထောက်အဖွဲ့အစည်း များစွာရှိကြကြောင်း။ မိမိတို့နိုင်ငံတွင် ၁၉၁၃ ခုနှစ်၌ ကင်းထောက်အသင်း စတင်ပေါ်ပေါက်ခဲ့ရာ  လွတ်လပ်ရေးရပြီးနောက်ပိုင်းအထိ  မြန်မာနိုင်ငံ ကင်းထောက်အသင်းများ ရှိခဲ့ကြောင်း၊ သို့သော်လည်း အကြောင်းကြောင်း များကြောင့် တိမ်ကောပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်းငါးဆယ်ခန့် ရှိပြီဖြစ် ကြောင်း။

ယခုအခါတွင် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်ကို ၂၀၁၂ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်းနိုင်ခဲ့ပြီး အချိန်တိုအတွင်း စိတ်အားထက်သန်သည့် ကင်းထောက် မောင်မယ် အင်အား (၅၉၀၀၀)ကျော်အထိ ရှိလာခဲ့ကြောင်း။ မောင်တို့မယ်တို့၏ နိုးကြား တက်ကြွစွာ ဆောင်ရွက်မှုကြောင့် ယခုအခါတွင် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ကို ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုရန်အတွက် အကဲဖြတ်ရန် ကမ္ဘာ့ ကင်းထောက်အဖွဲ့နှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အာရှ-ပစိဖိတ်ဆိုင်ရာ ကင်းထောက်ကော်မတီဥက္ကဋ္ဌနှင့် အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒါရိုက်တာပုဂ္ဂိုလ်များ မြန်မာနိုင်ငံသို့ ရောက်ရှိနေကြပြီဖြစ်ကြောင်း။

အဆိုပါ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များသည် သက်တမ်းအားဖြင့် နုနယ်သေးသည့် မိမိတို့မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ကို ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင် နိုင်ငံဖြစ်လာရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီများလည်း ပေးကြမည် ဖြစ်ကြောင်း။ ၂၀၁၇ ခုနှစ်တွင် အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ ကင်းထောက်အဖွဲ့အစည်းများတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ကို ကမ္ဘာ့ ကင်းထောက်အဖွဲ့ဝင် နိုင်ငံဖြစ်ရေးအတွက် ဝိုင်းဝန်းကူညီကြမည်ဖြစ်၍ ၎င်းတို့ကို ကျေးဇူးတင်ကြရမည် ဖြစ်ကြောင်း။

နိဂုံးချုပ်အနေဖြင့် မောင်တို့မယ်တို့သည် နိုင်ငံ့ဂုဏ်ဆောင် ကင်းထောက် မောင်မယ်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း။ သာယာလှပ ကောင်း မွန်သည့် မောင်တို့မယ်တို့၏ အနာဂတ်ကို ဖန်တီးနိုင်သည့် စွမ်းဆောင်ရှင်များ ဖြစ်အောင် အားထုတ်ကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ကင်းထောက်လူငယ်များ စခန်းချတွေ့ဆုံပွဲ မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် နိုင်ငံတော်သမ္မတအား ကင်းထောက်လူငယ်များက စခန်းချတွေ့ဆုံပွဲ အမှတ်တရလက်ဆောင်ပစ္စည်းကို ဂါရ၀ပြုပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ကင်းထောက်လူငယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ကင်းထောက်မောင်မယ်များ၏ ကင်းစိတ်အလိုက် စခန်းချ စွမ်းဆောင်ထားမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်  ကင်းထောက်ကြီးများ၊ ကင်းထောက်လူငယ်များ ၊ ကမ္ဘာ့ကင်းထောက် အဖွဲ့၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အာရှ-ပစိဖိတ်ဆိုင်ရာ အမျိုးသမီး ကင်းထောက် ဒေသဆိုင်ရာ ဒါရိုက်တာတို့နှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ကမ္ဘာ့ကင်းထောက်အဖွဲ့၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အာရှ-ပစိဖိတ်ဆိုင်ရာ အမျိုးသမီးကင်းထောက် ဒေသဆိုင်ရာ ဒါရိုက်တာနှင့် အဖွဲ့ဝင်များအား ပုပ္ပါးသစ်တောဥယျာဉ် ပညာပေးပြခန်း ဧည့်ခန်းမ၌တွေ့ဆုံပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
ထို့နောက် နိုငံတော်သမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ပုပ္ပါး တောင်ပတ်လမ်းရှိ လျှော်တောရွာ၊ ဆည်ရွာ၊ နတ်ကန်လည်ရွာ၊ ဆင်ဇင်းရွာနှင့် ဆုံကုန်းကျေးရွာတို့၌ ဒေသခံပြည်သူများ၏ သရက်၊ ငှက်ပျော၊ နဂါးမောက်စိုက်ခင်း များအား ကြည့်ရှုပြီး ဒေသခံပြည်သူများအား ရင်းရင်နှီးနှီးတွေ့ဆုံကာ သောက်သုံးရေ ရရှိရေး၊ ကျေးလက်လမ်းများ ကောင်းမွန်ရေးနှင့် စာသင်ကျောင်းဆောင်သစ် လိုအပ်မှု ကိစ္စများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပုပ္ပါးအခြေခံပညာ အထက်တန်း ကျောင်း၌ကျင်းပသည့် ကင်းထောက်လူငယ်များစခန်းချ တွေ့ဆုံပွဲအထိမ်းအမှတ် မီးပုံပွဲသို့ တက်ရောက်သည်။

အဆိုပါ ကင်းထောက်လူငယ်များစခန်းချတွေ့ဆုံပွဲ (ပုပ္ပါးစခန်း)တွင် နိုင်ငံ တစ်ဝန်းရှိ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ ကင်းထောက်မောင်မယ်များ၊ ကင်းထောက်ကြီးများ၊ အထောက်အကူပြုအဖွဲ့များ စုစုပေါင်း(၆၁၉)ဦးတို့သည် မတ်လ (၁)ရက်နေ့မှစတင် စခန်းချလျက်ရှိပြီး ကျွမ်းကျင်မှုများ ဆွေးနွေးပို့ချခြင်း၊ အမျိုးသား၊ အမျိုးသမီးကင်းထောက်ဆိုင်ရာ လုပ်ငန်းစဉ်များသင်ကြားခြင်း၊ ခြေလျင်တောင်တက် ခရီးထွက်ခြင်း၊ ယဉ်ကျေးမှုနယ်မြေလေ့လာခြင်း၊ ကင်းထောက်အရည်အသွေး ဆန်းစစ် ခြင်းနှင့် စခန်းကာလအတွေ့အကြုံများအပေါ် ဆန်းစစ်အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည်။


ယခု ကင်းထောက်စခန်းချတွေ့ဆုံမှုမှာ စတုတ္ထအကြိမ်ဖြစ်ပြီး ပထမအကြိမ် တွေ့ဆုံမှုကို ၂၀၁၃ ခုနှစ်က နေပြည်တော် ရွာတော်တည်းခိုရေးစခန်းတွင် လည်း ကောင်း၊ ဒုတိယအကြိမ် ကင်းထောက်စခန်းချတွေ့ဆုံမှု(၂၀၁၄)ခုနှစ်နှင့် တတိယ အကြိမ် ကင်းထောက်စခန်းချတွေ့ဆုံမှု (၂၀၁၅)တို့ကို ပြင်ဦးလွင်မြို့ရှိ ကင်းထောက် မောင်မယ်စခန်း၌လည်းကောင်း ကျင်းပခဲ့သည်။

No comments:

Post a Comment