Saturday, February 6, 2016

ကျောက်ဆည်စက်မှုနယ်မြေရှိ အမှတ် (၃၃) အကြီးစားစက်ရုံ(ကျောက်ဆည်)၏ တိုးချဲ့စီမံကိန်း မီးသင်းဖို(Kiln)မီးပျိုးသည့် အခမ်းအနားဆောင်ရွက်





နေပြည်တော်၊ ဖေဖော်ဝါရီ (၆)ရက်

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်သည် ဖေဖော်ဝါရီ (၅) ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်စက်မှု နယ်မြေရှိ Myanmar Conch Cement Co.,Ltd သို့ ငှားရမ်းထားသည့် အမှတ်(၃၃) အကြီးစားစက်ရုံ၏ တစ်နေ့ဘိလပ်မြေတန် (၅,၀၀၀) ထုတ်လုပ် နိုင်မည့် တိုးချဲ့စီမံကိန်းရှိ Kiln မီးပျိုးသည့် အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင် အမှတ်(၃၃)အကြီးစားစက်ရုံနှင့် Myanmar Conch Cement Co.,Ltd တို့အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် လက်မှတ် ရေးထိုးပြီးနောက် (၁၄)လ ကာလအတွင်း တစ်နေ့ဘိလပ်မြေတန်(၅,၀၀၀) ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်နိုင်ခဲ့သည့် အတွက် Myanmar Conch Cement Co.,Ltd ၏ အံ့မခန်းဆောင်ရွက်မှုကို မှတ်တမ်းတင်ပါကြောင်း၊ ပြည်တွင်းရှိသံယံဇာတအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်များကို ထုတ်နှုတ် သုံးစွဲ၍ နိုင်ငံတော်စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေးတို့အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်လာမည့် Myanmar Conch Cement Co.,Ltd ကိုကျေးဇူးတင်ဂုဏ်ယူပါကြောင်းပြောကြားခဲ့သည်။


အစီအစဉ်အရ MIG Co.,Ltd, SINOMA Co.,Ltd ဆောက်လုပ်ရေးအဖွဲ့ တာဝန်ခံနှင့် Myanmar Conch Cement Co.,Ltd မှMr.LI XIN တို့က အမှာစကားပြောကြားသည်။

ဆက်လက်၍ မီးကူးအဖွဲ့မှ မီးတိုင်အား ပြည်ထောင်စုဝန်ကြီးမှတဆင့် တာဝန်ရှိသူများသို့ မီးတိုင်အား အဆင့်ဆင့် လွှဲပြောင်းပေးအပ်ပြီး Mr. ZHU YONG LI မှ မီးသင်းဖို(Kiln)အား မီးစတင်ပျိုးသည်။

ထို့နောက် မီးစတင်ပျိုးထားသည့် မီးသင်းဖို(Kiln)နှင့် စက်ရုံအတွင်း ကုန်ထုတ်လုပ်ရန် စက်များတပ်ဆင်တည်ဆောက်ပြီးစီးမှု အခြေအနေအား စက်ရုံအတွင်းနှင့် ရှုရပ်ရှင်းလင်းဆောင်တို့မှ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


အဆိုပါတိုးချဲ့စီမံကိန်းအား Myanmar Conch Cement Co.,Ltd နှင့် (၁၃.၁၁.၂၀၁၄) ရက်နေ့တွင် စာချုပ်ချုပ်ဆို၍ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် စီမံကိန်းလုပ်ငန်းများစတင် အကောင်အထည်ဖော်ခဲ့သည်။ စီမံကိန်းပြီးစီး ပါကအရည်အသွေး ကောင်းမွန်သည့် ဘိလပ်မြေတစ်ရက်တန် (၅,၀၀၀)နှင့် စွန့်ပစ်အပူမှ လျှပ်စစ်ဓါတ်အား 48MW ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းများတွင် လိုအပ်သောအရည်အသွေး ကောင်းမွန်သည့် ဘိလပ်မြေများ ထုတ်လုပ်နိုင်မည်ဖြစ်၍ ပြည်ပသွင်းကုန်အစားထိုး ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။    

No comments:

Post a Comment