နေပြည်တော်
ဖေဖော်ဝါရီ ၃
မြန်မာ-ထိုင်းနှစ်နိုင်ငံသည် ထာဝရမပြောင်းလဲသည့်
ချစ်ကြည် ရင်းနှီးသော အိမ်နီးချင်း နိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား
အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ ယုံ ကြည်မှုကို တည်ဆောက် နိုင်ခြင်းကြောင့် လက်ရှိ တပ်မတော်နှစ်ရပ်
ဆက်ဆံရေးမှာလည်း အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇေယျာသီရိဗိမာန်
ဧည့်ခန်းမဆောင်၌ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွမ်မိုင်းကအိုတီယာ
နှင့် တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်း ပြောကြားသည်။
ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က နံနက် ၁၀ နာရီ မိနစ်
၄၀ တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
ဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး
စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် နေပြည်တော်တိုင်း
စစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ
မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး၊ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများ၊
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ(ကြည်း၊ ရေ၊ လေ) စစ်သံမှူးများနှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်
ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို
ခံယူကြပြီး ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ
ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။
ယင်းနောက် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်သည် ဇေယျာသီရိဗိမာန် ဧည့်သည့်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်
ရေးထိုးပြီး နှစ်ဖက်တပ်မတော် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးကြသည်။
တွေ့ဆုံစဉ် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်
ရပ်တည် လုပ်ဆောင်မှုများ၊ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု
မြှင့်တင်ရေး ကိစ္စရပ်များနှင့် ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများနှင့် ပတ်သက်၍
ထိုင်းနိုင်ငံ၏ ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်မှုများကို ဆွေးနွေးခဲ့ကြသည်။
ညပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ထိုင်းဘုရင့် တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ
ဇေယျာသီရိဗိမာန် Banquet Hall ၌ ဂုဏ်ပြု ညစာဖြင့် တည်ခင်း ဧည့်ခံသည်။
No comments:
Post a Comment