Saturday, February 27, 2016

တပ်မတော်(ရေ)မှ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2016) ပြုလုပ်ဆောင်ရွက်



နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇
မြန်မာနိုင်ငံသည် အာဆီယံ နိုင်ငံများတွင် အနောက်ဘက် အစွန်ဆုံး၌ ရှိပြီး အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ အကြား တည်ရှိနေသဖြင့် မြေအနေအထားအရ မဟာ ဗျူဟာမြောက် အရေးပါကြောင်း၊ ရေပြင် အနေအထားအရ ကြည့်ပါကလည်း ဘင်္ဂလား ပင်လယ်အော်၊ အိန္ဒိယ သမုဒ္ဒရာတို့နှင့် ဆက်စပ်နေသည့် ရေပြင်ကို ပိုင်ဆိုင်ထားကြောင်း၊ ယင်းသို့ မြေအနေအထား၊ ရေပြင်အနေအထားများကြောင့် အရေးပါသော နိုင်ငံတစ်ခုဖြစ်၍ နိုင်ငံကာကွယ်ရေး အတွက် အမြဲသတိရှိရန်၊ ပြင်ဆင်ထားရန်လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် လေ့ကျင့်ပြုလုပ်သော မြန်မာ့ရေပိုင်နက် (ကိုကိုးကျွန်း ဒေသ)၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2016)တွင် ပါဝင်ခဲ့ကြသည့် စစ်ရေယာဉ်မှူးများနှင့် အရာရှိ၊ စစ်သည်များကို အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်(ရေ)ဝတ်စုံအား ဂုဏ်ပြုဝတ်ဆင်၍ ယနေ့နံနက်ပိုင်းတွင် မြန်မာ့ရေပိုင်နက် (ကိုကိုးကျွန်းဒေသ)၌ ပြုလုပ်သည့် စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2016)ကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ အကဲကြည့် စစ်ရေယာဉ်-အောင်ဇေယျပေါ်မှ လိုက်ပါကြည့်ရှုအားပေးသည်။
စစ်ရေယာဉ်- အောင်ဇေယျပေါ်တွင် တာဝန်ကျတပ်ဖွဲ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အလေးပြုပြီး လေ့ကျင့်ခန်းကို ဦးဆောင်မည့် တာဝန်ရေ တပ်မမှူးက လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ဖြစ်စဉ် အကြောင်းအရာကို ရှင်းလင်း တင်ပြ၍ တိုက်စစ် နှုတ်မိန့်ပေးသည်။        
ယင်းနောက် တာဝန်ရေတပ်မမှူးနှင့် စစ်ရေယာဉ်မှူးများသည် သက်ဆိုင်ရာ စစ်ရေယာဉ်များသို့ ပြန်လည် ထွက်ခွာပြီး စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်းကို အစီအစဉ်အတိုင်း လုပ်ဆောင်ကြသည်။
ဦးစွာ တပ်မတော်(ရေ) အထူးစစ်ဆင်ရေးတပ်ဖွဲ့ (NAVY SEALs)က ခြေမှုန်းရေးစက်တပ် ရာဘာလှေ ၄ စီး၊ ရဟတ်ယာဉ် ၂ စီးတို့ဖြင့် ရန်သူ့ရေယာဉ် တစ်စီးအား ဝင်ရောက် စီးနင်း၍ ဖမ်းဆီးခံ ဓားစာခံ ၂ ဦးကို ကယ်ဆယ်ခြင်း၊ ရန်သူ့စစ်ရေယာဉ်ကို ဖောက်ခွဲ နစ်မြှုပ်ခြင်းတို့အား သရုပ်ပြ ဆောင်ရွက်ကြသည်။
ယင်းနောက် ရန်သူ့ပစ်ခတ်မှုကြောင့် မီးလောင်နေသော ကုန်သွယ်ရေယာဉ်တစ်စီးကို ဘက်စုံသုံး တွဲဆွဲစစ်ရေယာဉ် ၂ စီးဖြင့် ပင်လယ်ပြင် မီးငြိမ်းသတ်ခြင်း လေ့ကျင့်ခန်းကို ဆောင်ရွက်သည်။
လေ့ကျင့်ခန်း များအပြီးတွင် လေ့ကျင့်ခန်း၌ ပါဝင်ကြသော ရဟတ်ယာဉ်နှင့် တပ်မတော်(ရေ) အထူး စစ်ဆင်ရေး တပ်ဖွဲ့ဝင်များက   တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ချီတက် အလေးပြု ကြသည်။
ထို့နောက် လေ့ကျင့်ခန်းအစီအစဉ်အရ စစ်ရေယာဉ်များသည် သတ်မှတ်ပုံပြု  Formation 5 ပုံစံဖြင့် မောင်းနှင် ချီတက်ကြသည်။ ချီတက်စဉ် Circular Formation ပုံစံပြောင်းလဲချီတက်ပြီး ရေအောက်ရန် ကာကွယ်ရေး စစ်ဆင်မှု လေ့ကျင့်ခန်းကို လည်းကောင်း၊  Diamond Formation ပုံစံပြောင်းလဲ၍ ရန်သူ့လေယာဉ်များအား လေကြောင်းရန် ကာကွယ်ရေး လက်နက်များဖြင့် လက်တွေ့ လေ့ကျင့် ပစ်ခတ်မှုကို လည်းကောင်း၊  ဆက်လက်ပြီး  Arrow Head Formation ပုံစံသို့ပြောင်းလဲ၍ အီလက်ထရောနစ် စစ်ဆင်မှု လေ့ကျင့်ခန်းနှင့် လေကြောင်းရန် ကာကွယ်ရေး လက်နက်များ ပစ်ခတ်မှု လေ့ကျင့်ခန်းကို လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပြီး ရည်မှန်းချက် ဖြစ်သည့် ရန်သူ့ပင်မ စစ်ရေယာဉ်အုပ်ကို တိုက်ခိုက် ချေမှုန်းရန်အတွက် Cruising Formation နှင့် Battle Line Formation ပုံစံများသို့ အဆင့်ဆင့် ပြောင်းလဲ၍ မိမိစစ်ရေယာဉ်များရှိ အမြောက်ကြီးများ၊ ဒုံးပျံများဖြင့် ပစ်ခတ်ချေမှုန်းသည့် လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြသည်။
လေ့ကျင့်ခန်းပြီးဆုံးချိန်တွင် စစ်ရေယာဉ်- အောင်ဇေယျပေါ်တွင် စီးနင်း လိုက်ပါလာသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသည့် စစ်ရေယာဉ်များက Fleet Review ဖြင့် ချီတက် အလေးပြုကြသည်။
ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ)က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်(လေ)တို့ထံ လေ့ကျင့်ခန်း အထိမ်းအမှတ် လက်ဆောင် ပစ္စည်းကို ပေးအပ်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် စစ်ရေယာဉ်- အောင်ဇေယျ ၏ ဧည့်သည်တော်မှတ်တမ်း တွင် လေ့ကျင့်ခန်း အထိမ်းအမှတ် အမှတ်တရ လက်မှတ်ရေးထိုးပြီး စစ်ရေယာဉ်တပ်ပေါင်းစုပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2016)တွင် ပါဝင်ခဲ့ကြသော စစ်ရေယာဉ်မှူးများနှင့် အရာရှိ၊ စစ်သည်များကို လေ့ကျင့်ခန်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် အမှာစကား ပြောကြားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားရာတွင် လုပ်ငန်းတာဝန်များ အောင်မြင် ပြီးမြောက်မှုအတွက် ချီးကျူးဂုဏ်ပြုကြောင်း၊ လေ့ကျင့်ခန်း ဆိုသည်မှာ စွမ်းရည်ထက်မြက်စေရန်  လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် စစ်ရေးပိုင်းတွင် ချက်ချင်းလက်ငင်း လုပ်ဆောင်၍ မရကြောင်း၊ လူ၊လက်နက်၊ စစ်အတတ်ပညာများ အကျွမ်းတဝင်ဖြစ်နေအောင် လေ့ကျင့်ရမည် ဖြစ်ကြောင်း၊ ကာကွယ်ရေး လုပ်ငန်းများသည် အမြဲတမ်း လေ့ကျင့်နေရန် ပြင်ဆင်နေရန် လိုအပ်ကြောင်း၊ ကြိုတင်စီစဉ်သော တိုက်စစ် လေ့ကျင့်ခန်းများအပြင် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည်များကို ရင်ဆိုင်နိုင်စွမ်း ရှိစေရန် ရုတ်ချည်းတိုက်စစ်   လေ့ကျင့်ခန်းများကိုလည်း လေ့ကျင့်ကြရမည် ဖြစ်ကြောင်း။
ရေတပ်စွမ်းအား မြှင့်တင်ရေးနှင့် ပတ်သက်၍ မြန်မာ့ကမ်းရိုးတန်း အရှည်သည် ရေမိုင် ၁၂၆၀ နှင့် ကုန်းမိုင် ၁၄၅၀ ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရေမိုင် ၃၀၄ . ၂၈ မိုင်၊ အိန္ဒိယနိုင်ငံနှင့် ရေမိုင် ၅၉၂.၀၃ မိုင်၊ ထိုင်းနိုင်ငံနှင့် ရေမိုင် ၁၉၅ .၃၂ မိုင် နယ်နိမိတ် ထိစပ်နေကြောင်း၊ ၎င်းအပြင် မြန်မာနိုင်ငံ၏ အဓိကပို့ကုန် သွင်းကုန်များ၏ ၈၇ ရာခိုင်နှုန်းခန့်မှာလည်း ဘင်္ဂလား ပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာ  ဆက်စပ်ရေပြင်ကို အသုံးပြု သွားလာနေရကြောင်း၊ နိုင်ငံ၏ အဓိကဝင်ငွေရရှိနေသည့် ကမ်းနီး၊ ကမ်းဝေးရေနံနှင့် သဘာဝဓါတ်ငွေ့များ၊ ရေအောက် သယံဇာတဖြစ်သည့် ငါးနှင့် ရေထွက် ပစ္စည်းများလည်း များစွာ ထွက်ရှိကြောင်း၊ ယင်းလုပ်ငန်းများကို လုံခြုံစွာထိန်းသိမ်း ကာကွယ် စောင့်ရှောက်နိုင်ရန် အတွက် တပ်မတော်ရေ အနေဖြင့် စွမ်းအား အပြည့်အဝရှိရန် လိုအပ်သဖြင့် ရေတပ်စွမ်းအား မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခင်ပြင်ပနိုင်ငံများမှ ဝယ်ယူရသည်များရှိသကဲ့သို့ ကိုယ်တိုင် ဆောက်လုပ်နိုင်အောင် ကြိုးစား လုပ်ဆောင်ခြင်းဖြင့် တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များစွာ ရှိကြောင်း၊ ဆက်လက်၍ ယခုထက် ပိုမိုခေတ်မီသည့် အဆင့်မြင့် စစ်ရေယာဉ်များ တည်ဆောက် သွားရမည် ဖြစ်ကြောင်း။
ကာကွယ်ရေးစွမ်းအား မြင့်မားရေးနှင့် ပတ်သက်၍ မိမိနိုင်ငံတွင် သစ္စာမဲ့သည့် လုပ်ရပ်များကြောင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရကြောင်း၊ လွတ်လပ်ရေး ဆိုသည်မှာ မျက်စိတစ်မှိတ်လျှပ်တစ်ပြက်အတွင်း ဆုံးရှုံးသွားနိုင်သော်လည်း ယင်းကိုပြန်လည် ရရှိရန်အတွက် နှစ်ပေါင်းများစွာ ပေးဆပ်မှုပေါင်းများစွာဖြင့် ကြိုးပမ်း လုပ်ဆောင်ရကြောင်း၊ သို့ဖြစ်၍ ကာကွယ်ရေး စွမ်းအား၊ ကာကွယ်ရေး စွမ်းပကားမြင့်မားရန် အရေးကြီးကြောင်း၊ နိုင်ငံတစ်ခု ရပ်တည်မှုအတွက် နိုင်ငံရေးစွမ်းပကား၊ စီးပွားရေးစွမ်းပကားနှင့် ကာကွယ်ရေး စွမ်းပကား ၃ ခု မြင့်မားနေရန်လိုအပ် ကြောင်း၊ နိုင်ငံတော် အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ပါတီစုံဒီမိုကရေစီစနစ်၏ ပထမခြေလှမ်း လျှောက်လှမ်းခဲ့ရာ တပ်မတော်အနေဖြင့် ယင်းလမ်းကြောင်းတွင် ခိုင်ခိုင်မာမာဖြင့် မယိမ်းမယိုင် လျှောက်လှမ်းနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်း လုပ်ဆောင်ခဲ့ကြောင်း၊ အလားတူ ဒုတိယ သက်တမ်းတွင်လည်း ဆက်လက် ထိန်းသိမ်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် တည်ငြိမ် အေးချမ်းမှုရရှိအောင် ကာကွယ် စောင့်ရှောက်ရမည် ဖြစ်သကဲ့သို့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရန်လည်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ Military Might မြင့်မားရန် လိုအပ်ကြောင်း၊ နောင်တွင်လည်း နှစ်စဉ်လေ့ကျင့်မည် ဖြစ်၍ ယခုထက်ပိုမို ကောင်းမွန် ပြည့်စုံအောင် ကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြောကြားသည်။
တပ်မတော်(ရေ)မှ နိုင်ငံတော်ပိုင် ပင်လယ်ပြင် ရေထု၊ လေထုအတွင်း အချုပ်အခြာအာဏာ ခိုင်မာစေရန်နှင့် တပ်မတော်(ရေ)ရှိ စစ်ရေယာဉ်များကို အသင့်ဖြစ်မှု ၃ ရပ်ဖြင့် စစ်ဆင်မှု နယ်ပယ် ၄ ရပ်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ တိုက်ပွဲဝင်နိုင်စေရန် ရည်ရွယ်၍ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်းကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ်ပြုလုပ်ခဲ့သည်။ ယနေ့ပြုလုပ်ခဲ့သည့် စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2016) သည် (၃)ကြိမ်မြောက် ဖြစ်ပြီး စစ်ရေယာဉ် မျိုးစုံ ၂၀ စီးကျော် ပါဝင်၍ ပစ်ခတ်မှုနှင့် လက်တွေ့စစ်ကစား လှုပ်ရှားမှုကို ပေါင်းစပ် လေ့ကျင့်ခဲ့ခြင်းဖြစ်ရာ  စစ်ရေယာဉ်များနှင့် စစ်သည်များ၏ စွမ်းရည် တိုးတက် လာစေမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက် နယ်မြေကို လုံခြုံစွာ ကာကွယ် စောင့်ရှောက်ရန်အတွက် စွမ်းရည်ထက်မြက်မြင့်မားသော တပ်မတော်ဖြစ်စေရေး တည်ဆောက်လျက် ရှိပြီး ကာကွယ်ရေးစွမ်းအား မြှင့်တင်ရေးအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) လေ့ကျင့်ခန်းများကို အမြဲမပြတ် လေ့ကျင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment