Sunday, February 28, 2016

တတိယအကြိမ် မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများ ညီလာခံဖွင့်ပွဲကျင်းပ




ရီရီမြင့်၊ ဥမ္မာသန့်
ရန်ကုန်  ဖေဖော်ဝါရီ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းတို့ ပူးပေါင်းကျင်းပသည့် တတိယအကြိမ်  မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများ ညီလာခံ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီခွဲက ရန်ကုန်မြို့ရှိ  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) ၌ ကျင်းပသည်။


ရှေးဦးစွာ  မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနာယက သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက၂၀၀၄ ခုနှစ်ကစတင်ပြီး နိုင်ငံတော် အစိုးရ၏ သဘောတူ ပံ့ပိုးကူညီမှုဖြင့် ကျေးရွာစာကြည့်တိုက် စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အားလုံးက အင်တိုက်အားတိုက် ပါဝင်ပြီး အရှိန်အဟုန်မြင့်မားစွာဖြင့် ဆောင်ရွက်နိုင်ခဲ့၍ ၂၀၀၄ မှ ၂၀၀၇ ခုနှစ်ထိ လေးနှစ်အတွင်း ကျေးရွာကိုယ့်အားကိုယ့်ကိုးစာကြည့်တိုက် ၅ သောင်းကျော် တည်ဆောက်နိုင်ခဲ့ကြောင်း၊ မြေ၊ အဆောက်အဦ၊ ပရိဘောဂ ၊စာအုပ်စာစောင်များနှင့် ရေဒီယို ၊ တီဗီ၊ကွန်ပျူတာ သည့် ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးမှာ ကျပ် ၁၁ဒသမ၉ ဘီလီယံကျော် ရှိခဲ့ကြောင်း၊ လုပ်ငန်းများကို ကူညီပံ့ပိုး မြှင့်တက် ဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်းကို ၂၀၁၀ ခုနှစ်မှာစတင် ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း၊ ယခုကဲ့သို့စာကြည့်တိုက်များ ဆောင်ရွက်သလို ပြောင်းလဲတိုးတက်လာသည့် ပညာ၊ နည်းပညာ၊ ခေတ်နှင့်အညီ Electronic  Library  အဖြစ် ဖွဲ့စည်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အင်တာနက်များ ချိတ်ဆက်ပြီး ကွန်ပျူတာမှတစ်ဆင့် အသိ ဗဟုသုတများကို မိမိတို့ကျေးရွာ၌ပင် အလွယ်တကူ လေ့လာရယူနိုင်အောင် ကြိုးစား ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ စာကြည့်တိုက် အချင်းချင်း၊ NGO၊ INGO များ၊ နိုင်ငံတကာ စာကြည့်တိုက်များနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ လူအများ စိတ်ဝင်စား စုဝေးရာနေရာမှ တစ်ဆင့် ကျေးရွာ၏ ရပ်ကျိုးရွာကျိုး တိုင်ပင်ဆွေးနွေးရာ Community Center များ ဖြစ်လာအောင်လည်း မျှော်မှန်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးအောင်သိမ်းက  စာကြည့်တိုက်မှူးများ အနေနှင့် ညီလာခံနှစ်ရက်တာ ကာလအတွင်း စာကြည့်တိုက် လုပ်ငန်းဆိုင်ရာ အသိပညာရှင် ၊ အတတ်ပညာရှင်များ၏ ဆွေးနွေးပို့ချချက်များ၊ စာကြည့်တိုက်မှူးများအချင်းချင်း တွေ့ဆုံဖလှယ်မှုမှ ရရှိသည့် အတွေ့အကြုံများကို အခြေခံပြီး မိမိတို့ ဒေသ၊ မိမိတို့ စာကြည့်တိုက် များအတွက် ပြန်လည် အကျိုးပြုနိုင်မည်ဟု ယုံကြည်ကြောင်း၊ ထိုအသိအမြင် အတွေ့အကြုံများကို အခြေခံပြီး စဉ်ဆက်မပြတ်  လေ့လာသင်ယူရင်း မိမိတို့ကျရာကဏ္ဍမှ နိုင်ငံအတွက် အလုပ်အကျွေးပြုနိုင်သူများ ဖြစ်ကြပါစေ ဟုဆန္ဒပြုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်နှင့် မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းဥက္ကဋ္ဌ ဦးသန်းအောင်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ကြသည်။

ယင်းနောက် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းအလုပ်အမှုဆောင် ဦးမောင်မောင်ဦး (ဟိန်းလတ်)က ဆွေးနွေးပွဲခေါင်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

တတိယအကြိမ် မြန်မာနိုင်ငံစာကြည့်တိုက်မှူးများ ညီလာခံပထမနေ့တွင် ဒေါ်ခင်လေးစိုး(MLA )က ပြောင်းလဲလာသော သတင်းအချက်အလက် ကဏ္ဍစာတမ်း၊ ဦးသိန်းလွင် (MLA) က ၂၁ ရာစု စာကြည့်မှူးများ၏ အခန်းကဏ္ဍ စာတမ်းနှင့် ဦးရဲထက်ဦး(MLF)က လူထုအကျိုးပြု စာကြည့်တိုက် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍ စာတမ်းတို့ကို ဖတ်ကြားပြီး အုပ်စုလိုက် ဆွေးနွေးကြသည်။

ညီလာခံဒုတိယနေ့ကိုယနေ့နံနက် ၈ နာရီခွဲတွင် ဆက်လက်ကျင်းပရာ  နံနက်ပိုင်း၌ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်ဦး (ဟိန်းလတ်)နှင့် စာကြည့်တိုက်ပညာရှင် ဆရာမောင်ဦးဇော်အောင်ထွတ် (ကထိက) ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် သုတပညာဌာန တို့က “ရည်ညွှန်းလုပ်ငန်းနှင့် မြန်မာ့ရည်ညွှန်းစာအုပ်များ၏ အခန်းကဏ္ဍစာတမ်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် မြန်မာနိုင်ငံစာကြည့်တိုက် များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် ဒေါ်ချိုချိုတင် (ဆရာမ မစန္ဒာ)တို့က “စာဖတ်ရှိန်မြှင့်တင် ရေးနှင့် စာကြည့်တိုက်များ၏ အခန်းကဏ္ဍစာတမ်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် ဒေါ်အိကေသွယ်မင်းနှင့် ရန်ကုန် တက္ကသိုလ်၊ စာကြည့်တိုက်နှင့် သုတပညာဌာနမှ ကထိကဦးထွန်းအောင်ကျော်တို့က “ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၏အခန်းကဏ္ဍ စာတမ်းနှင့် ဗြိတိသျှကောင်စီ စာကြည့်တိုက်မှ စာကြည့်တိုက်တာဝန်ခံ ဒေါ်မိုးမိုးစိုးက “စာကြည့်တိုက်နှင့် ပြည်သူလူထု၏ အခန်းကဏ္ဍ စာတမ်း တို့ကို ဖတ်ကြားဆွေးနွေးကြပြီး  နေ့လယ်ပိုင်းတွင် ညီလာခံတက်ရောက်လာကြသော စာကြည့်တိုက်မှူး များ အုပ်စု(၇)စုဖွဲ့၍ ဆွေးနွေးခဲ့ကြကာ ညနေပိုင်းတွင် ညီလာခံ၌ ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး စာကြည့်တိုက်ပညာရှင်များက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြ သည်။

အဆိုပါ ညီလာခံသို  ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စာပေပညာရှင်များ၊ စာကြည့်တိုက်ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စာကြည့်တိုက်မှူးများ၊ လေ့လာသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။


ပထမအကြိမ်မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများညီလာခံကို ၂၀၁၄ ခုနှစ် မတ်၂၂ ရက်နှင့် ၂၃ ရက်တို့တွင်လည်းကောင်း၊ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၅ ခုနှစ် မတ် ၁ ရက်နှင့် ၂ ရက်တို့တွင် လည်းကောင်း ကျင်းပခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့်စံ(၅)ချက်ညီ စာကြည့်တိုက်ပေါင်း (၆၂၀၇)တိုက် တိုးတက်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။  

No comments:

Post a Comment