Saturday, February 27, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၃၀ ကေဗွီ ဂန့်ဂေါ- ကလေး မဟာ ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ ကလေး ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်



နေပြည်တော် ဖေဖော်ဝါရီ ၂၇
၂၃၀ ကေဗွီ ဂန့်ဂေါ-ကလေး မဟာ ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ ကလေး ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် စစ်ကိုင်းဒေသကြီး ကလေးမြို့၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးမြင့်လှိုင်၊ ဦးခင်မောင်စိုး၊ ဒေါက်တာ သန်းအောင်၊ ဦးရဲထွဋ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ဒုတိယ၀န်ကြီးများ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ ခရိုင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။
အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဓာတ်အားပေး စက်ရုံ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာ၌ နိုင်ငံတော် သမ္မတကြီးသည် ၁၉၈၈ခုနှစ် မှ ၁၉၉၁ ခုနှစ်အထိ ကလေးဒေသတွင် တပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့ရာ နိုင်ငံတော်သမ္မတကြီးက ကလေးဒေသအတွက် လက်ဆောင်အဖြစ် လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။
ထိုစဉ်ကာလက ကလေးမြို့၏ လျှပ်စစ်မီးရရှိမှုကို ပြန်ကြည့်ပါက တစ်နေ့ နှစ်နာရီ၊ သုံးနာရီလောက်ပဲ ရရှိခဲ့ပါကြောင်း၊ ကလေးမြို့ကို ၁၉၅၅ ခုနှစ်က ကီလိုဝပ် ဒီဇယ် ဓာတ်အားပေးစက်ဖြင့် လျှပ်စစ်ဓာတ်အား စတင် ဖြန့်ဖြူးပေးခဲ့ပါကြောင်း၊ ၁၉၆၇ ခုနှစ်ကဆိုလျှင် တည်ဆောက်ပြီး (ကျောက်အုံ) ကျောက်မီးသွေးသုံး ရေနွေ့ငွေ့စက်ရုံ (၂)မဂ္ဂါဝပ် တည်ဆောက်ပြီး ကလေးမြို့နှင့် ကလေးဝမြို့များသို့ ဓာတ်အားပိုမိုဖြန့်ဖြူး ပေးထားခဲ့ပါကြောင်း။
၁၉၈၇ခုနှစ်တွင် ကျောက်မီးသွေးသုံး ရေနွေးငွေ့ တာဘိုင်စက် ချို့ယွင်းသွားသည့် အတွက် ဒီဇယ် ဓာတ်အားပေးစက်များနှင့် ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပါကြောင်း၊ နိုင်ငံတော်မှ ဇီးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ  (၁ ဒသမ ၂၆) မဂ္ဂါဝပ်ကို ၁၉၉၆ခုနှစ် တွင် တည်ဆောက်ပေးခဲ့ပြီး မီးသုံးစွဲသူ (၂၈၁၂)ဦးသို့ လျှပ်စစ်မီး ဖြန်ဖြူးပေး နိုင်ခဲ့ပါကြောင်း၊ သို့သော် ကလေးဒေသ ဖွံ့ဖြိုး တိုးတက်လာသည့် အတွက်ကြောင့် လျှပ်စစ်မီး လုံလောက်မှု မရှိခဲ့ပါကြောင်း။
နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှုဖြင့် ၂၀၁၂ခုနှစ် မေ ၁၉ ရက်တွင် ၅၀၀ ကေဗွီအေ  ဒီဇယ် ဓာတ်အားပေး စက်တစ်လုံးနှင့် ၂၀၁၄ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ၁၂၅၀ ကေဗွီအေ ဒီဇယ် ဓာတ်အားပေးစက်တစ်လုံးတို့ ထပ်မံတိုးချဲ့ပေးနိုင်ခဲ့ပါကြောင်း၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဒေသ လျှပ်စစ်မီး ရရှိရေးစီမံချက်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ရန်စီမံခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းအားလုံး အပြီးသတ်၍ လျှပ်စစ်မီးရရှိအောင် လျာထားရေးဆွဲ ဆောင်ရွက်ခဲ့ ရပါကြောင်း။
လျှပ်စစ်ဓာတ်အား ပေးသည့်လုပ်ငန်းတွင် ဓာတ်အားလိုင်း သွယ်တန်းခြင်း၊ ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ၀န်ကြီးဌာနအနေဖြင့် ခက်ခက်ခဲခဲ ဆောင်ရွက် ရပါကြောင်း၊ ရွှေလီ(၁)ရေအားလျှပ်စစ်စက်ရုံမှ မန္တလေးမြို့အနီး ရွှေစာရံသို့ သွယ်တန်း သည့် မဟာဓာတ်အားလိုင်းကို (၅)နှစ်ကျော် တည်ဆောက်ခဲ့ရသကဲ့သို့ တောင်ကုတ်- မအီ- အမ်း- မြောက်ဦး- ပုဏ္ဏားကျွန်သို့ သွယ်တန်းသည့် မဟာဓာတ်အားလိုင်းကိုလည်း (၂)နှစ်ခွဲကျော် တည်ဆောက်ခဲ့ရပါကြောင်း၊ သို့သော် ယနေ့ ဖွင့်လှစ်သည့် ဂန့်ဂေါ-ကလေး မဟာ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ၂၀၁၅ခုနှစ် ဇန်န၀ါရီ ၆ ရက်က လုပ်ငန်းများ စတင်ခဲ့ပြီး ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ဓာတ်အား ပို့လွှတ်နိုင်ခဲ့သည့် အတွက် တစ်နှစ်အတွင်း ပြီးအောင် မနားမနေ ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ယခုစီမံကိန်း လုပ်ငန်းအတွက် ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ (၂၀ ဒသမ ၃၃၃) သန်းနှင့် တည်ဆောက်ရေး စရိတ် ငွေကျပ် (၃၈၅၀ ဒသမ ၂၆၈) သန်း  ကုန်ကျခံ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ဓာတ်အားတစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ရေအားဆိုလျင် (၅၃)ကျပ်၊ သဘာဝဓာတ်ငွေ့ဆိုလျင် (၁၄၂)ကျပ်၊ ကျောက်မီးသွေးဆိုလျင် (၈၆)ကျပ် ကုန်ကျ သဖြင့်  ဓာတ်အား တစ်ယူနစ်ထုတ်လုပ်မှု ပျမ်းမျှ ကုန်ကျစရိတ်သည် (၉၃)ကျပ် ဖြစ်ပါကြောင်း၊ တစ်ယူနစ်ရောင်ဈေးသည် အိမ်သုံး (၃၅)ကျပ်၊ စက်မှုသုံး (၇၅)ကျပ်ဖြစ်၍ ပျမ်းမျှရောင်းဈေး (၇၁)ကျပ်သာရရှိသဖြင့် ဓာတ်အား တစ်ယူနစ်ရောင်းတိုင်း နိုင်ငံတော် မှ (၂၂)ကျပ် စိုက်ထုတ် ကျခံရပါကြောင်း၊ ကလေးမြို့ ပြည်သူများအနေဖြင့် ဓာတ်အား တစ်ယူနစ်သုံးတိုင်း (၃၅)ကျပ် ပေးဆောင်ရသော်လည်း တစ်ယူနစ်တိုင်း နိုင်ငံတော်မှ (၂၂)ကျပ် စိုက်ထုတ် ကျခံပေးရသည့် စေတနာကို သိရှိနားလည်ပြီး စနစ်တကျ အသုံးပြုကြရန် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက ကလေးဓာတ်အားခွဲရုံ ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး  မြို့မိမြို့ဦးလှဝင်းက ဒေသခံပြည်သူများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယင်းနောက် ဘက်စုံပညာ ထူးချွန်လူငယ်၊ ကင်းထောက်လူငယ်နှင့် ကြက်ခြေနီ လူငယ်တို့က ကလေး ဓာတ်အားခွဲရုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ကလေးဓာတ်အားခွဲရုံ ကမ္ဗည်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဒေသသည် အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် ချင်းပြည်နယ်၏ အဓိက၀င်ပေါက်တို့ ဆုံတွေ့သည့် နေရာတွင် တည်ရှိသော်လည်း နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ခြင်း မရှိသဖြင့်  အရှိန်အဟုန်ရှိသည့် အတိုင်း ဖွံ့ဖြိုးတိုးတက်ခွင့် မရရှိခဲ့ခြင်း ဖြစ်ရာ နိုင်ငံတော် ဓာတ်အားစနစ်မှ ကလေးဒေသသို့ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ၂၀၁၄-၂၀၁၅ ကဏ္ဍာရေးနှစ်မှစတင်၍ ၂၃၀ ကေဗွီ ဂန့်ဂေါ- ကလေး ဓာတ်အားလိုင်း၊ ၆၆ ကေဗွီ ကလေးဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ ကလေး ဓာတ်အားခွဲရုံတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ စီမံကိန်းများအားလုံး တည်ဆောက် ပြီးစီးခဲ့သဖြင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ရက်တွင် ဓာတ်အားစတင် ပို့လွှတ်နိုင်ခဲ့ပြီး ၂၃၀ ကေဗွီ ဂန့်ဂေါ်-ကလေး မဟာဓာတ်အားလိုင်းနှင့် ၆၆/၁၁ကေဗွီ ကလေး ဓာတ်အားခွဲရုံတို့ကို ဖွင့်လှစ်နိုင် ခဲ့ခြင်းဖြစ်သည်။
၁၉၄၈ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတော် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားကို ကလေးဒေသသို့ ပထမဦးဆုံး ဖြန့်ဖြူးပေးနိုင်ခြင်း ဖြစ်ပြီး စတင် အသုံးပြုနိုင်ခြင်း ဖြစ်ရာ ကလေးဒေသရှိ ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘ၀မှာ ပိုမို ဖွံ့ဖြိုးတိုးတက် လာတော့မည် ဖြစ်သည်။

No comments:

Post a Comment