Thursday, February 18, 2016

ဘောကထရေအားလျှပ်စစ်စီမံကိန်းအား B.O.T စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုး



နေပြည်တော်   ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ဘောကထချောင်းပေါ်တွင် တည်ဆောက်မည့် ဘောကထရေအားလျှပ်စစ် စီမံကိန်းအား B.O.T စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် သူးလေကုမ္ပဏီလီမိတက်တို့အကြား နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို   ဖေဖော်ဝါရီ (၁၈)ရက် နံနက် (၁၀)နာရီခွဲတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အဆိုပါ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး၊ အမြဲတမ်း အတွင်းဝန်၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သူးလေကုမ္ပဏီလီမိတက်မှ  ဥက္ကဌ ဦးစောတာဒိုမူးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ အစီအစဉ်အရ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးဆန်းနှင့် သူးလေကုမ္ပဏီလီမိတက်မှ ဥက္ကဌ ဦးစောတာဒိုမှူးတို့က ဘောကထ ရေအားလျှပ်စစ်စီမံကိန်းအား B.O.Tစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ(MOU)ကို လက်မှတ်ရေးထိုးကြပြီး စာချုပ်များ အပြန်အလှန် လဲလှယ် ကြသည်။     

ဘောကထရေအားလျှပ်စစ်စီမံကိန်းသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၏ အရှေ့ဘက် (၁၀)မိုင်ခန့်အကွာ ဘောကထချောင်းပေါ်တွင် တည်ဆောက်မည့် စီမံကိန်း ဖြစ်ကြောင်း သိရှိရသည်။ စီမံကိန်းတည်ဆောက်ပြီးစီးပါက စက်တပ်ဆင်အင်အား (၁၆၀)မဂ္ဂါဝပ် ထွက်ရှိမည့် စီမံကိန်းတစ်ခုဖြစ်ပြီး လျှပ်စစ်ဓာတ်အားရရှိခြင်းမရှိသေးသော ကရင်ပြည်နယ်အတွက် များစွာအကျိုးရှိသော စီမံကိန်းတစ်ခုဖြစ်သည့်အပြင် စီမံကိန်း ဒေသဖြစ်သည့် ပဲခူးတိုင်းဒေသကြီးအတွက်ပါ များစွားအကျိုးရှိကြောင်း သိရှိရသည်။


 နိုင်ငံတော်အစိုးရအနေဖြင့် ကရင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ရရှိရေး အတွက် မော်လမြိုင်-မြဝတီ ၂၃၀ကေဗွီ ဓာတ်အားလိုင်းမိုင်(၈၀)တည်ဆောက်ခြင်း၊ မြဝတီ-ကော့ကရိတ် ၆၆ကေဗွီ ဓာတ်အားလိုင်း မိုင်(၄၀)တည်ဆောက်ခြင်း၊ ၂၃၀/၆၆/၁၁ကေဗွီ (၂x၅၀)အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံတည်ဆောက်ခြင်း၊ ကော့ကရိတ်ဓာတ်အားခွဲရုံ ၆၆/၁၁ကေဗွီ ၁၀အမ်ဗွီအေ ကော့ကရိတ်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း၊ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပြီး ယခု MOU လက်မှတ်ရေးထိုးသည့် ဘောကထရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးပါက ကရင်ပြည်နယ်ဒေသ တစ်ခုလုံးအပြင် ပဲခူးတိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် များစွာအကျိုးပြုသော စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment