Thursday, February 18, 2016

အမျိုးသားကာကွယ်ဆေးတိုက် နေ့များ (ဖေဖေါ်ဝါရီလ၊ ၂၀၁၆) ဗဟိုအဆင့်ဖွင့်ပွဲ အထိမ်းအမှတ်အခမ်းအနားကျင်းပ




နေပြည်တော်၊ ဖေဖေါ်ဝါရီ(၁၈)

ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်သူများ၏ မျှော်မှန်းသက်တမ်း တိုးမြှင့်လာရေးအတွက် တစ်နှစ်အောက် ကလေးသေနှုန်း၊ (၅)နှစ်အောက်ကလေးသေနှုန်း လျှော့ချရေးအတွက် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကလေးငယ်များအား  ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဖြင့် ကူးစက်ရောဂါ(၉)မျိုးမှ ကင်းဝေးစေရန်အတွက်  (၂၀၁၂) ခုနှစ်မှ (၂၀၁၅) ခုနှစ်ကုန် အထိ  ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ကာကွယ်ဆေးအသစ်(၄)မျိုး ပိုမိုထည့်သွင်း ထိုးနှံခဲ့ပါကြောင်းဖြင့် ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနတွင်ကျင်းပသော အမျိုးသား ကာကွယ်ဆေးတိုက်နေ့များ (ဖေဖေါ်ဝါရီလ၊ ၂၀၁၆) ဗဟိုအဆင့်ဖွင့်ပွဲ အထိမ်းအမှတ် အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က အမှာစကား ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပိုလီယိုအကြောသေရောဂါ  လုံးဝပပျောက်ရေးကို ဦးစားပေးလုပ်ငန်းအနေဖြင့် ဆောင်ရွက်လျက်ရှိရာတွင် နည်းဗျူဟာများဖြစ်သော လတ်တလောပျော့ခွေအကြောသေရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း၊ ပုံမှန်ကာကွယ်ဆေးထိုး၊        ဆေးတိုက်လုပ်ငန်း အားဖြည့်ဆောင်ရွက်ခြင်း၊ အပိုဆောင်းကာကွယ်ဆေးတိုက် လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို (၁၉၉၆) ခုနှစ်မှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် (၁၉၉၆)ခုနှစ်မှ (၂၀၁၅)ခုနှစ်၊ ဒီဇင်ဘာလအထိ ဒေသအလိုက် ကာကွယ်ဆေးတိုက် နေ့များကို (၆) ကြိမ်၊ အမျိုးသားကာကွယ် ဆေးတိုက်နေ့များကို (၁၁)ကြိမ်နှင့် အိမ်တိုင်ရာရောက် ကောက်သင်းကောက် ကာကွယ်ဆေးတိုက်လုပ်ငန်း (၁၂)ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ(၁၁)နိုင်ငံအား ပိုလီယိုကင်းစင် သောနိုင်ငံအဖြစ် (၂၀၁၄)၊ မတ်လတွင်ကြေငြာခဲ့ပြီးဖြစ်ရာ နည်းဗျူဟာအရကမ္ဘာတစ်ဝှမ်းတွင် Trivalent OPV မှ ပိုးအမျိုးအစား(၂)မပါဝင်သော Bivalent OPV သို့ ပြောင်းလဲသုံးစွဲပြီး Trivalent OPV များအားလုံးကို ဖျက်ဆီးခြင်းပြုလုပ်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ပိုလီယိုရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်း သောနေရာဒေသများဖေါ်ထုတ်၍  အစုလိုက်ကာကွယ်ဆေးတိုက် လုပ်ငန်းကို ရောဂါကူးစက်ပျံ့နှံ့နိုင်ခြေ ရှိသော မြို့နယ်(၁၇၁)မြို့နယ်တွင် (၂၀၁၆) ခုနှစ်၊ ဇန်နဝါရီလအတွင်း အသက်(၅)နှစ်အောက်ကလေး (၂ဒသမ၄၅)သန်းခန့်ကို ဒေသအလိုက် အမျိုးသားကာကွယ်ဆေးတိုက် နေ့များဖြင့် တိုက်ကျွေးခဲ့ရာ လွှမ်းခြုံမှု (၉၉ဒသမ၈)ရာခိုင်နှုန်း ရရှိခဲ့ပါကြောင်း၊ ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာများနှင့် မိတ်ဘက် အဖွဲ့အစည်း များအား ကျေးဇူးတင်ရှိ ပါကြောင်း ။

လူထုအတွင်း ပိုလီယိုရောဂါကာကွယ်နိုင်စွမ်းအား အမြင့်ဆုံးရရှိစေရန် နောက်ဆုံးအခွင့်အရေးတစ်ရပ် အနေဖြင့် တစ်နိုင်ငံလုံးတွင်ရှိသော မွေးကင်းစမှ အသက်(၅)နှစ်အောက် ကလေး(၄.၆)သန်းခန့်ကို ပိုလီယို ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးရန် အမျိုးသားကာကွယ်ဆေးတိုက်နေ့များကို ဖေဖေါ်ဝါရီလ (၂၀)ရက်မှ (၂၂)ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သဖြင့် နှီးနွယ်သောဌာနဆိုင်ရာများနှင့် မိတ်ဖက်အဖွဲ့အစည်း များမှ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း၊ ပြည်သူလူထုက tOPV ကာကွယ်ဆေးများသည် မိမိတို့၏ ရင်သွေးငယ်များအတွက် နောက်ဆုံးအခွင့်အရေးတစ်ရပ် ဖြစ်သည်ဟုခံယူပြီး ကလေးတစ်ဦးမျှမကျန် ရာနှုန်းပြည့် ကာကွယ်ဆေး တိုက်ကျွေးနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် အမျိုးသားကာကွယ်ဆေး တိုက်နေ့များ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးကာ ကလေးငယ်များကို ပိုလီယိုကာကွယ် ဆေးတိုက်ကျွေးကြပြီး လက်ဆောင်အရုပ်များ ပေးအပ်ခဲ့သည်။ 

No comments:

Post a Comment