ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် ဗွီအိုအေ သတင်းဌာန၏ တွေ့ဆုံမေးမြန်း မှုများကို ဖြေကြား
ကယ်လီဖိုးနီးယား
ဖေဖော်ဝါရီ ၁၇
အမေရိကန်-အာဆီယံခေါင်းဆောင်များ
ထိပ်သီးအစည်းအဝေးကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆန်းနီးလန်း၌ ဖေဖော်ဝါရီ
၁၅ ရက်နှင့် ၁၆ရက်တို့တွင် ကျင်းပခဲ့ရာ ၎င်းထိပ်သီးအစည်းအဝေးသည် အာဆီယံအ သိုက်အဝန်း
တည်ထောင်ပြီးနောက် ပထမဆုံးကျင်းပသော ထိပ်သီးအစည်းအဝေး ဖြစ်သကဲ့သို့ အမေရိကန် ပြည်ထောင်စုတွင် ပထမဦးဆုံး ကျင်းပသည့် ထိပ်သီးအစည်းအဝေးလည်းဖြစ်သည်။
အဆိုပါအမေရိကန်-အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း
ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ရာ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်အား ဗွီအိုအေသတင်းထောက်
ကိုကျော်ကျော်သိန်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် တွေ့ဆုံမေးမြန်းဖြေကြားမှု များ ကို
ဖော်ပြအပ်ပါသည်။
မေး
။ ။ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းရေး အလားအလာ အကြောင်း ပြောပြပေးစေလိုပါတယ်။
ဝန်ကြီး
ဦးရဲထွဋ် ။ ။ ''သူကတော့ ကျွန်တော်တို့နိုင်ငံမှာ ရှိနေတဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေနဲ့
ဒီ Sanction နဲ့ သူကချိတ်ထားတာကို။ ဆိုတော့ ကျွန်တော်ထင်ပါတယ်လေ။ နောက်အစိုးရ
တက်လာပြီးတဲ့အခါမှာတော့ သူတို့ ဒီအပြောင်း အလဲတွေကို မျက်မြင်တွေ့ရှိပြီးတဲ့
အခါမှာတော့ ထပ်ပြီးတော့မှ ရုပ်သိမ်းတဲ့ကိစ္စတွေကို လုပ်လိမ့်မယ်လို့ ကျွန်တော်တော့
ယုံကြည်ပါတယ်။''
မေး။
။ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုဆိုလို့ တနင်္လာနေ့ အစည်းအဝေးမှာလည်းပဲ အမေရိကန်သမ္မတ
Barack Obama က မြန်မာနိုင်ငံကို ချီးကျူးသွားပါတယ်။ တစ်ခါ ဒီအပြောင်းအလဲ ချောချောမွေ့မွေ့ဖြစ်မယ်လို့ မျှော်လင့်တယ်ဆိုတဲ့ဟာတွေ လည်းပဲ ပြောထားတာတွေကရှိပါတယ်။ ဆိုတော့ အပြောင်းအလဲတွေက ချောချောမွေ့မွေ့ဖြစ်ဖို့ အလားအလာ ကောင်းပါရဲ့လား ဝန်ကြီး။
ဘာဖြစ်လို့လဲဆိုတော့ အခုအခြေအနေက ကျွန်တော်တို့ ရှမ်းပြည်ဘက်မှာ လည်း တိုက်ပွဲတွေ
ဖြစ်နေတာတွေလည်း ရှိပါတယ်။ တိုက်ပွဲဖြစ်တာမှ အပစ်ရပ်အဖွဲ့နဲ့
အပစ်ရပ်မထားတဲ့အဖွဲ့နဲ့ ဖြစ်တယ်ဆိုတယ် ဆိုတဲ့အခါကျတော့၊ တပ်မတော်ဘက် ကလည်း ပြောထားတာ တွေရှိပါတယ်။ ဆိုတော့ ချောချောမွေ့မွေ့ဖြစ်ဖို့ အလားအလာ
တော်တော်ကောင်းပါပြီလား။
ဝန်ကြီးဦးရဲထွဋ်။ ။''ချောမွေ့ဖို့ အလားအလာ အများကြီး ကောင်းပါတယ်။ နှစ်ဖက်စလုံးကလည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေတာပေါ့။ သို့သော် သမ္မတကြီးအနေနဲ့ကတော့၊ ဟုတ်လား သေချာသထက်
ပိုပြီးတော့ သေချာအောင်လို့၊ တကယ်လို့များ အရေးပေါ်အခြေအနေတစ်ခုနဲ့ ဆုံလို့ရှိရင် သူကိုယ်တိုင်
ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ဒါမြန်မာနိုင်ငံမှာ နေဖို့ ဆုံးဖြတ်ခဲ့တယ်။
ဒါကိုကလည်း ကျွန်တော်တို့အနေနဲ့ ဒီအသွင် ကူးပြောင်းရေး ကို ချောချောမွေ့မွေ့
ဖြစ်ဖို့အတွက် ဘယ်လောက် အလေးထား တယ်ဆိုတာ ပေါ်လွင်တာပေါ့။''
မေး
။ ။ ဆိုတော့ အသွင်ကူးပြောင်းရေးကို၊ အခုက ရက်ကတော့ သိပ်မလိုတော့ဘူးပေါ့လေ၊
ချောချော မွေ့မွေ့ဖြစ်ဖို့မှာ ဘယ်ကိစ္စတွေက အခရာ၊ ဘယ်ကိစ္စတွေက အဓိကအရေးတကြီး
ရှိနေပါသလဲ။
ဝန်ကြီး
ဦးရဲထွဋ် ။ ။ ''အဓိက တာဝန်လွှဲပြောင်းတဲ့ကိစ္စတွေကတော့ ဘာမှပြဿနာမရှိဘူးပေါ့လေ။
သူတို့ တာဝန်ယူပြီးရင် သူတို့ဟာသူတို့ ဆက်လုပ်မယ့်အပိုင်းကတော့
သူတို့နဲ့သူတို့အပိုင်းပေါ့။ ကျွန်တော်တို့ကတော့ လွှဲတဲ့အထိပဲ ဆိုင်တာပေါ့။ ဆိုတော့
အဓိကကတော့ ကျွန်တော်တို့က ဒီတာဝန် လွှဲပြောင်းရေးကို ချောချောမွေ့မွေ့ဖြစ်ဖို့ဆိုတာ
နံပါတ်တစ်ကတော့ နိုင်ငံရေး တည်ငြိမ်မှုရှိဖို့ လိုတာပေါ့။ နှစ်ကတော့ ကျွန်တော်တို့
ဒီနိုင်ငံမှာ တည်ငြိမ်အေး ချမ်းမှုကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့ လိုတာပေါ့။
ခုနကပြောသလို၊ ခင်ဗျားပြောတဲ့တိုက်ပွဲတွေ ဖြစ်တာကအစ၊ နောက်တစ်ခါ လူမျိုးရေး၊
ဘာသာရေး ပြဿနာတွေဖြစ်တာ အလယ်ပေါ့၊ နောက်တစ်ခါ ကျရင်တော့ ခုနကပြောသလို ထိန်းမနိုင်၊
သိမ်းမရဖြစ်တာတွေ အဆုံးပေါ့လေ။ ဒီလိုဟာမျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ ဆက်ပြီးတော့
ကာကွယ်ဖို့လိုတာပေါ့။''
မေး
။ ။ ဒါတွေကို ကာကွယ်နိုင်မယ်ဆိုရင်တော့ ချောချော မွေ့မွေ့လွှဲပြောင်းတဲ့ကိစ္စတွေဖြစ် နိုင်မယ်ပေါ့။ ဒီထိပ်သီး စည်းဝေး မတိုင်ခင်မှာ သမ္မတဦးသိန်းစိန် ဒီကို
မတက်ဖို့ဆုံးဖြတ်တာနဲ့ပတ်သက်ပြီးတော့ ဝန်ကြီး ပြောထားတာလည်း ရှိပါတယ်။ ဆိုတော့
အခြေအနေတွေက တချို့သတင်း တွေရှိတယ်။ တချို့ကြားတာတွေ ရှိတယ်၊ မတည်ငြိမ်နိုင်တယ်ဆိုတဲ့ဟာတွေဆိုတော့
အဲဒါကိုများ ဝန်ကြီးနည်းနည်းလေးထပ်ပြီးတော့ ရှင်းအောင် ပြောပြပေးလို့ရမလား။
ဘယ်လောက်အထိ ကျွန်တော်တို့က စိုးရိမ်စရာ အခြေအနေမျိုးမှာ ရှိနေပါသလဲ။
ဝန်ကြီး
ဦးရဲထွဋ် ။ ။ ''ကျွန်တော်တို့ကတော့ ဒါကြီးက အရမ်းကြီး စိုးရိမ်စရာတော့
မဟုတ်ပါဘူး။ သို့သော် နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ဆို တာကတော့ ဖြစ်နိုင်စရာရှိတဲ့
အလားအလာတွေအားလုံးကို တွက်ချက်ပြီးတော့ ပြင်ဆင်ရတယ်။ ပြီးရင်လုပ်စရာ ရှိတဲ့အလုပ်တွေထဲကနေပြီးတော့ အကျိုး၊ အပြစ်ကို ရွေးတာပေါ့။ အဲဒီလိုရွေးတဲ့အခါမှာတော့
သမ္မတကြီးအနေနဲ့က ကျွန်တော် တို့ရဲ့ ဒီအသွင်ကူးပြောင်းရေးကာလရဲ့ ဒုတိယအဆင့်သွားတော့မယ့် ဒီတာဝန်လွှဲပြောင်းမှုဟာ သမိုင်းဝင်ဖြစ်စဉ်ဖြစ်တယ်။ အဲဒီတော့
ဒီဖြစ်စဉ်မတိုင်ခင်မှာ ကျွန်တော်တို့ ဒီပြင်ဆင် နိုင်တာ ရှိတာတွေ အားလုံးကို
ပြင်ဆင်ထားဖို့လိုတယ်။ တကယ်လို့ ဆယ်ရေးတစ်ရေး၊ ကိုးရေး တစ်ရာဆိုသလို ဟုတ်လား၊
အရေးပေါ် အခြေအနေပေါ့ဗျာ၊ အရေးပေါ် အခြေအနေဆိုတာက ခုနက ကျွန်တော်ပြောသလိုပဲ သဘာဝဘေး
ဒဏ်လိုမျိုး ကအစ၊ ခုနက လူမျိုးရေး၊ ဘာသာရေး အငြင်းပွားမှုတွေ၊ တိုက်ပွဲတွေဖြစ် တာ
အဆုံးပေါ့၊ ဒီလိုကိစ္စတွေကိုများ ဖြစ်ပေါ် လာခဲ့လို့ရှိရင်တော့ အဆုံးအဖြတ်ပေးနိုင်မယ့်လူ
တစ်ယောက်က ရှိနေဖို့လိုတယ်လို့ သမ္မတကြီးက ယူဆတာပေါ့။ ဒါကြောင့်မို့လို့
ဒီဦးစားပေးအစီအစဉ်အရ ဟိုနိုင်ငံမှာနေဖို့ ရွေးချယ်လိုက်တာပေါ့။ ဒါကြီးက
ဖြစ်တော့မှာမို့လို့ သူနေတယ် ဆိုတဲ့သဘောတော့ မဟုတ်ဘူး။ တစ်ဖက်ကကြည့်ရင်တော့လည်း
သမ္မတကြီးက ဒီအစည်းအဝေးကို သူကိုယ်တိုင်လည်း တက်ချင်ပါတယ်။ သူရဲ့ မိတ်ဆွေတွေ၊ နောက်
အိုဘားမားတို့ကိုလည်း သူနှုတ်ဆက်ချင် တာတွေ၊ နောက် မြန်မာနိုင်ငံကို ဆက်ထောက်
ခံဖို့ ပြောချင်တာတွေရှိတယ်။ သို့သော် ဒီဦးစားပေး နှစ်ခုကို ရွေးတဲ့ အခါမှာတော့
ဒီတာဝန် လွှဲပြောင်းရေး ချောချောမွေ့မွေ့ ဖြစ်ဖို့ ဆိုတဲ့ဟာကို ဦးစားပေးလိုက်တဲ့
သဘောပါပဲ။
မေး
။ ။ ဆိုတော့ ပထမတော့တက်ဖို့လို့ ကျွန်တော်တို့ကြား ထားပြီးတော့မှ
နောက်ပိုင်းကျတော့မှ ဆုံးဖြတ် လိုက်တာပေါ့နော်။
ဝန်ကြီး
ဦးရဲထွဋ် ။ ။ ''ဟုတ်ပါတယ်ခင်ဗျ။ ပထမတော့ သူတက်ဖို့ လုပ်ထားပါတယ်။ ဒါပေမယ် ခုနက
ပြောသလိုပဲ ကျွန်တော်တို့တွေလည်း သတင်းတွေ ရနေတာတွေရှိတယ်။ ပြင်ဆင်နေတာတွေရှိတယ်။
ဒါတွေအားလုံးကို ချိန်ပြီးတော့ မှ နောက်ဆုံးအခြေအနေရောက်တော့မှ ကပ်ပြီးတော့
ဆုံးဖြတ် လိုက်တာပေါ့။''
မေး
။ ။ ဒီရက်ပိုင်း ပြည်တွင်းကနေပြီးတော့ တက်တဲ့သတင်းတွေမှာ ဒီအလွှဲအပြောင်းကိစ္စပြောဆို၊ ဆွေးနွေး၊ ညှိနှိုင်းကြ တာတွေပေါ့လေ၊ အဓိကတပ်မတော်ပိုင်းနဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပိုင်းထဲမှာ
အဖုအထစ်လေးတွေ ရှိနေတယ်ဆိုပြီးတော့ ကျွန်တော်တို့ ကြားထားတာတွေရှိပါတယ်။ အဲဒါတွေက
ဘယ်လောက်မှန်ပါ သလဲ။
ဝန်ကြီး
ဦးရဲထွဋ် ။ ။ '' မဟုတ်ဘူးဗျ၊ သူတို့နှစ်ဖွဲ့ ဆွေးနွေးနေကြတယ်ဆိုတာက တာဝန်
လွှဲပြောင်းရေးနဲ့ မဆိုင်ဘူးလေ။ အမျိုးသားဒီမိုကရေစီအစိုးရက သူတာဝန်ယူပြီးတဲ့အချိန်မှာ
သူဆက်လုပ်ချင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တော့
ဒါဆွေးနွေးတယ်လို့ပဲ ကျွန်တော်တို့ နားလည်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ တပ်မတော်က
လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ သူ့ကို
ပါတီတစ်ခုအနေနဲ့ စဉ်းစားလိုက်မယ် ဆိုရင် ဒုတိယအင်အား အကြီးဆုံး ပါတီတစ်ခုလို့
ခင်ဗျားမြင် လို့ရတာပေါ့။ အဲဒီတော့ ဒီနိုင်ငံရေး အင်အားစု နှစ်ခုကြားမှာ
ရှေ့လုပ်ငန်း စဉ်ဆွေးနွေးခြင်းဟာ ကျွန်တော်တို့ တာဝန်လွှဲပြောင်းခြင်းနဲ့တော့ ဘာမှမဆိုင်ပါဘူး။ တာဝန်လွှဲပြောင်းမှုကတော့ တပ်မတော်ကလည်း ပြောထားပြီးသား။
ရွေးကောက်ပွဲရလဒ်ကို လေးစားမယ်၊ ဒီတာဝန်လွှဲပြောင်းတဲ့အခါမှာ သူလည်း အပြည့်အဝပူးပေါင်း ဆောင်ရွက်မယ် လို့ ပြောထားပြီးသားပဲ။''
မေး
။ ။ နောက်သတင်းတစ်ခုကတော့ တပ်မတော်ဘက်ကနေ ပြီးတော့ပြည်နယ်/ တိုင်းဝန်ကြီးချုပ်နေရာ (၄) နေရာ ပေးဖို့ဆိုပြီးတော့ ညှိတယ်၊ နှိုင်းတယ်၊ ပြောတယ်ဆိုတာတွေ
ကျွန်တော်တို့ ကြားထားတာတွေ ရှိပါတယ်။ အဲဒါတွေကရော ဘယ်လောက်မှန်ပါသလဲ။
ဝန်ကြီး
ဦးရဲထွဋ် ။ ။ ဒါတွေကတော့ ကျွန်တော်ထင်တယ်ဗျ၊ သက်ဆိုင်ရာ ကာယကံရှင်တွေက ပြောတာ
မဟုတ်ဘူးပေါ့လေ။ ဘေးကလူတွေက မှန်းဆပြီးတော့ ပြောတဲ့စကားတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါဟာ မှန်တယ်၊
မှားတယ်ဆိုတာကျွန်တော်တို့လည်း ဆုံးဖြတ်ဖို့တော့ ခက်တာပေါ့။
မေး
။ ။ နောက်တစ်ခုကတော့ လူပြော သူပြောများနေတဲ့ဖွဲ့စည်းပုံပြင်ရေး၊ ၅၉(စ)
စသည်အားဖြင့်ပေါ့လေ၊ ဝန်ကြီး ကိုယ်တိုင်လည်း ပြောထားတာ ရှိပါတယ်။ ၅၉(စ)
ပြင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးသဘော မတူဘူး ဆိုတဲ့ပုံမျိုး ဝန်ကြီးပြောထားတာ
ရှိပါတယ်။ အဲဒီတော့ ဝန်ကြီးက သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ အခါကျတော့
ဒါက သမ္မတ ဦးသိန်းစိန်ရဲ့ သဘောထား လို့ရော နားလည်လို့ ရပါသလားခင်ဗျ။
ဝန်ကြီး
ဦးရဲထွဋ် ။ ။ မဟုတ်ဘူး၊ ကျွန်တော်တို့က ၅၉(စ) ကို ပြင်ခြင်း၊ မပြင် ခြင်းကို
ကျွန်တော်တို့က ပြောတာ မဟုတ်ဘူး။ ဘယ်ဟာကိုပဲပြင်ပြင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့ ပြင်ဆင်ရမယ့် လုပ်ထုံးလုပ်နည်း အတိုင်းလုပ်ဖို့ကို
ကျွန်တော်တို့ကပြောတာ။ ခင်ဗျားပြောတဲ့ ကျွန်တော်တို့ သဘောမတူ ဘူးဆိုတာက ၅၉(စ)ကို
ဆိုင်းငံ့မယ်ဆိုတဲ့ကိစ္စကို ကျွန်တော် တို့ကသဘောမတူဘူး။ ဘာဖြစ်လို့လဲဆိုတော့
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ခြင်းထဲမှာ ဆိုင်းငံ့တယ်ဆိုတာ မပါဘူး။
တစ်ခါဟုတ်လား၊ ဦးကိုနီတို့ ဘာတို့ကလည်း ပြောနေ တာတွေရှိတယ်။ ၁၉၅၉ ခုနှစ်တုန်းက
ဗိုလ်ချုပ်ကြီးနေဝင်း ဆက်တာဝန်ယူဖို့အတွက်လုပ်ခဲ့တယ်၊ ဆိုင်းငံ့ခဲ့တယ်
ဆိုတာလည်းအဲဒါလည်း လုံးဝမှားတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ အဲဒီတုန်းက
သမိုင်းအဆိုတွေကို ပြန်ကြည့်မယ်ဆိုရင် လွှတ်တော်ရဲ့ပြင် ဆင်ချက်မှာ တစ်ခါမှ
ဆိုင်းငံ့တယ် ဆိုတာ မပါဘူး။ ပြင်ဆင်တယ်။ ဘာပဲပါသလဲဆိုတော့ ဒီပြင်ဆင်တဲ့ဟာကို
အချိန်ကာလ သတ်မှတ်ချက်ထည့်လိုက်တယ်။ နောက် ထပ်ရွေးကောက်ပွဲကနေပြီးတော့မှ
ပေါ်ပေါက်လာတဲ့ဝန်ကြီးချုပ်က တာဝန်မယူခင်အထိ ဒီလိုပြင်မယ်လို့ ပြောတာ။ ဆိုင်းငံ့တယ် ဆိုတဲ့စကားမပါဘူး။ အဲဒီပြင်ဆင်ချက်ကို အဆိုတင်သွင်းခဲ့တုန်းက တင်ခဲ့တဲ့လူကလည်း
ဦးကျော်ငြိမ်း။ ဦးကျော်ငြိမ်းရဲ့ အဲဒီတုန်းက တင်သွင်းတဲ့မိန့်ခွန်းကို
ခင်ဗျားတို့ဖတ်ကြည့်မယ်ဆိုရင် ဆိုင်းငံ့တယ်ဆိုတဲ့ စကားမသုံးပါဘူးတဲ့။
ဘာဖြစ်လို့လဲ ဆိုတော့ ဆိုင်းငံ့တယ်ဆိုတာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ
မပါတဲ့အတွက်ကြောင့်မို့လို့ သူက ဆိုင်းငံ့တယ်လို့ မသုံးဘူး။ ဒါကို ပြင်ဆင်ချက်
ဥပဒေကြမ်းလို့ပဲ သုံးပါတယ်ဆိုပြီး သူကိုယ်တိုင်ကကို ရှင်းပြထားတာရှိတယ်။
ဒါကြောင့် မို့လို့ ပြန်ချုပ်ပြော ရရင်တော့ ပြင်ခြင်း၊ မပြင်ခြင်းကို ကျွန်တော်တို့
ဘာမှမပြောဘူး။ ဒါက လွှတ်တော်နဲ့ ပြည်သူတွေရဲ့ အဆုံးအဖြတ်ပဲ။ သို့သော် ပြင်ပြီဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲကအတိုင်း ပြင်တာကိုပဲ
ကျွန်တော်တို့က လိုလား တယ်။ မဟုတ်ဘဲနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ တားမထားလို့
လုပ်လို့ရတယ်ဆိုတဲ့လိုရာဆွဲတွေးတာ မျိုးဟာ နိုင်ငံရဲ့ အနာဂတ်အတွက်
အန္တရာယ်ကြီးတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က ဆန့်ကျင်တယ်လို့ ပြောတာ။
မေး
။ ။ ဟုတ်ကဲ့။ ဖွဲ့စည်းပုံ ပြင်ရေးဆိုလို့ ဝန်ကြီး၊ ဖွဲ့စည်းပုံ ဒီ ၂ဝဝ၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေက ကမ္ဘာပေါ်မှာ အပြင်ရအခက်ဆုံး အခြေခံဥပဒေဖြစ် တယ်ဆိုပြီးတော့
ဒီအခြေခံဥပဒေရေးရာ ကျွမ်းကျင်တဲ့ပညာရှင်တွေက ထောက်ပြ ထားတာတွေရှိပါတယ်။ ဆိုတော့
ပြင်ရေး အလားအလာကရော ဝန်ကြီး၊ ဘယ်လောက်များ အလားအလာ ကောင်းနိုင်ပါ မလဲ။
ဝန်ကြီး
ဦးရဲထွဋ် ။ ။ အခက်ဆုံးလို့တော့  ပြောလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျား
အမေရိကန်မှာရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်တဲ့ နည်းလမ်းကလည်း ခက်တာပဲလေ။ ပြည်နယ်တွေ၊ ပြည်နယ်လွှတ်တော်တွေမှာ မဲလိုက်ခွဲပြီးတော့ မှ ပြည်နယ်အားလုံးရဲ့
သုံးပုံ၊ နှစ်ပုံက သဘောတူမှ ပြင်လို့ရတာ။ အဲဒီတော့ အခက်ဆုံး လို့တော့
ပြောလို့မရဘူးပေါ့နော်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်တော်တို့ ၄၇ ခုနှစ်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ သင်ခန်းစာအပေါ်မှာ မူတည်ပြီးတော့မှ လွှတ်တော်ထဲမှာ
အများစုရတဲ့ပါတီတစ်ခုတည်းရဲ့ သဘောနဲ့ ပြင်လို့မရအောင် လုပ်ထားတာပေါ့။ အဲဒီတော့
ပြင်ချင်တယ် ဆိုရင်တော့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့သူတွေ အားလုံးကြားမှာ
သဘောတူညီချက် တစ်ခုရအောင် လုပ်ရမှာပေါ့လေ။ တကယ်တော့ ဒါကလည်း နိုင်ငံရေးရဲ့
အနှစ်သာရပဲလေ။
မေး
။ ။ ဝန်ကြီး ဟိုတစ်လောလေးကတင် ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဒီ NLD
အနေနဲ့ပေါ့နော်၊ တပ်မတော် အပေါ်သဘောထား၊ တပ်မတော်နဲ့ ဆက်ဆံရေးကောင်းအောင်လုပ်ဖို့လိုတယ်
ဆိုတဲ့သဘောမျိုး ကျွန်တော်အဲဒီလို နားလည်ပါ တယ်။ ဆိုတော့ တပ်မတော်နဲ့ NLD အကြား
ဆက်ဆံရေးဟာ အခုလက်ရှိ ဒီကနေ့ ဖြစ်နေတဲ့ အခင်းအကျင်းတွေ အရပေါ့လေ ဆက်ဆံရေးကောင်း၊
တိုင်းပြည်အနာဂတ်အတွက် စိတ်ချ ရတဲ့ အလား အလာကောင်းလို့ ကျွန်တော်တို့
ပြောနိုင်ပါပြီလားခင်ဗျ။
ဝန်ကြီး
ဦးရဲထွဋ် ။ ။ ဒါပေမယ့် အဲဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ်မှာပဲ
မူတည်တာပေါ့ဗျာ။ ဘာဖြစ် လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့
တပ်မတော်ကို ပြုပြင်ပြောင်းလဲရေးရဲ့ လက်တွဲ ဖော်အနေနဲ့ မြင်လို့ရှိရင်၊
လုပ်ဖော်ကိုင်ဖက် အနေနဲ့ မြင်လို့ရှိရင် ညှိရ၊ နှိုင်းရတာ လွယ်မှာပေါ့။ လုပ်ဖော်ကိုင်ဖက်အနေနဲ့ မမြင်ဘဲနဲ့ အတားအဆီးတစ်ခု အနေနဲ့မြင်ပြီးတော့မှ
ဖယ်ထုတ်ဖို့ကြိုးစားမယ်ဆိုရင်တော့ ညှိနှိုင်းရတာ ခက်မှာပေါ့။ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊
မကြိုက်သည်ဖြစ်စေ လက်ရှိ အခြေအနေမှာတော့ တပ်မတော်ကို နိုင်ငံရေး အင်အားစုတစ်ခု
အနေနဲ့ မြင်ပြီးတော့မှ ညှိနှိုင်းဆွေးနွေးခြင်းကပဲ အဖြေမှန်၊ ရလဒ်ကောင်း ရမယ်လို့
ကျွန်တော်မြင်တယ်။
မေး
။ ။ တပ်မတော်ဘက်ကရော သိပ်သဘောထားတင်းမာတဲ့ အလား အလာမျိုးတွေများ ရှိပါသလား။
ဝန်ကြီး
ဦးရဲထွဋ် ။ ။ တပ်မတော်ကတော့ဗျာ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောခဲ့တာတွေလည်း
အများကြီး ရှိပါတယ်။ သူက ကျွန်တော်တို့ ဒီသမ္မတကြီး ဦးသိန်းစိန်အစိုးရ
လက်ထက်မှာရော၊ နောင်မှာရော သူဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက သူ့ကိုပေးထားတဲ့
အခန်းကဏ္ဍအတိုင်းပဲ သူနေမှာပဲ။ အဲဒီထက်လည်း ပိုလုပ် မှာမဟုတ်ဘူး။ အဲဒီထက် လည်း
လျော့ပြီးတော့ လုပ်မှာမဟုတ်ဘူး။ အဲဒီတော့ တပ်မတော်ရဲ့ ရပ်တည်ချက် ကတော့
ကျွန်တော်တို့ ရှင်းတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လုပ်နေသရွေ့ ကာလပတ်လုံးမှာ
တပ်မတော် အနေနဲ့ ဒီကိစ္စတွေမှာ သူက ပူးပေါင်းဆောင် ရွက်ပေးနေမှာပဲ။
မေး
။ ။ ''ကျွန်တော် နောက်တစ်ခု ပွင့်ပွင့်လင်းလင်းတစ်ခု မေးချင်ပါတယ်။ ရွေးကောက်
ပွဲကျင်းပတယ်။ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မျှော်လင့်မထားလောက်အောင်ပဲ
ရာခိုင်နှုန်း အတော်များများနဲ့ အနိုင်ရတယ်။ ဆိုတော့ မဲဆန္ဒရှင်တွေရဲ့ သဘောထားက
ထင်ရှားတယ်လို့ အများစုက သုံးသပ် ကြပါတယ်။ ဆိုတော့ ကျွန်တော် ဝန်ကြီးကို
ဝန်ကြီးရဲ့ သဘောထားရော၊ အစိုးရအဖွဲ့ရဲ့သဘောထားရော ခြုံပြီးမေးချင်တာက
မဲဆန္ဒရှင်အများစုက ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံ့ခေါင်းဆောင်ဖြစ်စေချင်ပါတယ်။
အခုလက်ရှိ အလားအလာက ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ ခေါင်းဆောင်ဖြစ်ဖို့ အလားအလာ၊
လူထုမဲဆန္ဒရှင်တွေ ဘယ်လောက်အထိ မျှော်လင့်လို့ရပါသလဲခင်ဗျ။
ဝန်ကြီး
ဦးရဲထွဋ် ။ ။ တကယ်တော့ဗျာ၊ဟုတ်လား၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့အကြီးအကဲဖြစ်ဖို့
ဆိုတာ ၅၉(စ) တွေ ဘာတွေလည်း ပြင်ဖို့မလိုပါဘူး။ တကယ်တမ်း ကျွန်တော့်ရဲ့သုံးသပ်ချက် ထောက်ပြရမယ်ဆိုရင်၊ သူ့ရဲ့သား နှစ်ယောက် နဲ့ ချွေးမရှိမယ်ဆိုရင်၊ ချွေးမနှစ်ယောက်၊ လူလေးယောက်ပဲ မြန်မာနိုင်ငံသား
ခံယူလိုက်လို့ရှိရင် ဒီပြဿနာတွေ အားလုံး ပြေလည် သွားမှာပါ။ ဘာမှ ကျွန်တော်တို့
ဒါကြီးကို ၅၉(စ)တွေ ဘာတွေလည်းပြင်ဖို့ မလိုပါဘူး။ အဲဒီတော့ လူလေးယောက်ရဲ့
အဆုံးအဖြတ်နဲ့ လုပ်တာကတော့ ပိုပြီးတော့ ကောင်းတာပေါ့ဗျာ။ ဒါကြီးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရေးလို့ ပြောဖို့တောင် မလိုပါဘူး။ တကယ်တမ်း သူ့သားသမီးတွေအနေနဲ့
သူတို့ရဲ့မိခင်သမ္မတဖြစ်တာ လိုချင်လို့ရှိရင် ၁၉၈၂ ခုနှစ် ဥပဒေ အရ မြန်မာနိုင်ငံသား
လျှောက်ထားလိုက်ရုံပါပဲ။
မေး
။ ။ ဒါပေမယ့်လည်း ဝန်ကြီးအရွယ်ရောက်ပြီးသား လူတွေအနေနဲ့ ကလေးတွေလည်း မဟုတ်တဲ့
အခါကျတော့ ဒီလိုမျိုး သူတို့ရဲ့ကိုယ်ပိုင်ဘဝပေါ့လေ၊ ကိုယ်ပိုင်ဘဝကို
စွန့်လွှတ်ပြီးတော့ ပေးဆပ်ရမယ်ဆိုတာ ကရော မျှတတယ်လို့ ပြောလို့ရပါ့မလား။
ဝန်ကြီး
ဦးရဲထွဋ် ။ ။ သူတို့ရဲ့မိခင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း ၂ဝ ကျော်
စွန့်လွှတ်ခဲ့ပြီးပြီ။ သူ့အမေ အုပ်ချုပ်တဲ့ နိုင်ငံမှာ သူမနေချင်ဘူးဆိုရင်တော့၊ နိုင်ငံသားမခံယူဘူးဆိုရင် ဒါက သူတို့ရဲ့မိသားစုပြဿနာပဲ။ ဒါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ
ပြဿနာ မဟုတ်ဘူး။
မေး
။ ။ ဝန်ကြီးကိုယ်တိုင်အနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ပုဂ္ဂိုလ်ရေးအမြင်
ဘယ်လိုရှိပါ သလဲခင်ဗျ။
ဝန်ကြီး
ဦးရဲထွဋ် ။ ။ ကျွန်တော်ပုဂ္ဂိုလ်ရေးအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ခင်မင်စရာကောင်းတယ်။
လေးစား စရာကောင်း တယ်။ သူ့ရဲ့စိတ်ဓာတ် ခိုင်မာမှုပေါ့နော်၊ ဒါတွေလည်း ကျွန်တော်တို့ လးစားပါတယ်။ အဲဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအပါအဝင် တချို့ကိစ္စတွေမှာတော့
အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော့် သဘောထားမတူတာတွေ ရှိပါတယ်။ ဒါက
တကယ်ကျတော့လည်း ဒီမိုကရေစီမှာတော့ ဒီလိုပဲဖြစ် မှာပေါ့လေ။
မေး
။ ။ နောက်အစိုးရအတွက် ဝန်ကြီးအနေနဲ့ အပေးချင်ဆုံး အကြံဥာဏ်ပေါ့လေ၊ တစ်ခု၊ နှစ်ခု၊
သုံးခုရှိ တယ်ဆိုရင် နည်းနည်း ပြောပြပါလား ဝန်ကြီး။
ဝန်ကြီး
ဦးရဲထွဋ် ။ ။ အခုကတော့ဗျာ၊ ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်သူလူထုရဲ့
Mandate ကို သူတို့ ရထားပြီပေါ့လေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အဲဒီတော့
အဲဒီ Mandate ကို အသုံးပြုတဲ့ အခါမှာတော့ ကိုယ်ဖြစ်ချင်တာရယ်၊ ဖြစ်နိုင်တာရယ်၊
နောက်တစ်ခါ ကျွန်တော်တို့ နိုင်ငံရဲ့ ထူးခြားတဲ့အခြေအနေတွေရယ် ၊ ဒါတွေကို
ထည့်သွင်းစဉ်းစားပြီးတော့ လုပ်ဖို့အကြံပြုချင်တာပေါ့။ တကယ်တော့လည်း ဒေါ်အောင်ဆန်းစုကြည် အခုချိန်ထိ ကိုင်တွယ်ဆောင်ရွက်နေ တာတွေကတော့ အဲဒီလိုမျိုး
ထည့်သွင်း စဉ်းစားပြီး လုပ်နေတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။
မေး
။ ။ NLD ဦးဆောင်တဲ့ အစိုးရဟာ မြန်မာနိုင်ငံကို အခုဝန်ကြီးတို့ အစိုးရချခဲ့တဲ့အခြေခံအပေါ်မှာ အခိုင်အမာ ရပ်တည်ပြီးတော့ ဒီထက်ပိုပြီးတော့တိုးတက်သွားအောင်၊
ရှေ့ရောက်သွားအောင် ဒေသတွင်းမှာ၊ နိုင်ငံတကာမှာ၊ ပြောရရင်တော့ နိမ့်ပါးခဲ့တဲ့နိုင်ငံအနေနဲ့
နောင်ငါးနှစ်ကြာတဲ့အခါမှာ ဒီထက်ပိုပြီးတော့ ရှေ့ရောက်သွားအောင် လုပ်နိုင်မယ် လို့
ဝန်ကြီးကိုယ်တိုင် အခိုင်အမာ ယုံကြည်ပါသလားခင်ဗျ။
ဝန်ကြီး
ဦးရဲထွဋ် ။ ။ ကျွန်တော့်အမြင်အရပေါ့ဗျာနော်၊ ဘယ်အစိုးရမဆို တာဝန်ယူပြီဆိုရင်တော့
နိုင်ငံနဲ့ လူမျိုးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ကြမှာပဲပေါ့။ ကျွန်တော်တို့က
အစိုးရကတော့ စနစ်ဟောင်းကနေ စနစ်သစ်ကို လုပ်ကြတဲ့ အခါမှာ ကျွန်တော်တို့က
အခြေခံကိုပဲ ပြုပြင်ပြောင်း လဲပေးနိုင်တာပေါ့။ အဲဒီတော့ လက်ရှိကတော့ အခြေအနေကောင်းလည်း ရနေပြီ။ နောက်တစ်ခါ နိုင်ငံတကာကလည်း ကူညီမယ့်သူတွေ ရှိ နေပြီ။ ပြည်တွင်းမှာလည်း ပြည်သူလူထုရဲ့ ထောက်ခံ အားပေးမှုတွေ ရနေပြီဆိုတော့ ဒီအခြေအနေကိုသာ
မှန်မှန်ကန်ကန် ကိုင်တွယ်အသုံးချနိုင် မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံ ဟာ နောက်ငါးနှစ်မှာ ပိုပြီးတော့မှ တည်ငြိမ် အေးချမ်းတဲ့၊ ပိုပြီးတော့မှ
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် ရောက်မယ်လို့ ကျွန်တော်တော့ ယုံကြည်ပါတယ်။
သတင်းအဖွဲ့

No comments:
Post a Comment