Wednesday, February 17, 2016

အမျိုးသားစာကြည့်တိုက်(နေပြည်တော်) အမျိုးသားပြတိုက်(နေပြည်တော်) တည်ဆောက်ရေး လုပ်ငန်းများ အောင်မြင်စွာ ဆောက်လုပ်ပြီးစီးခြင်း လုပ်ငန်းအပ်နှံမှုညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၁၇
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် အမျိုးသားပြတိုက်(နေပြည်တော်) တည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောက်လုပ်ပြီးစီးခြင်း လုပ်ငန်းအပ်နှံမှု ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီ၌ အမျိုးသားပြတိုက် (နေပြည်တော်)တွင် ကျင်းပရာ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ က ပြောကြားရာတွင် ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်လည်း ကုန်ဆုံး တော့မည်ဖြစ်ကြောင်း ယခုအခါ  တည်ဆောက်ရေးလုပ်ငန်း များသည်လည်း ပြီးဆုံး သည့် အနေအထား ရောက်ရှိ နေပြီဖြစ်ကြောင်း၊ နောင်တက်လာမည့် အစိုးရအတွက် လုပ်ငန်းများ လွယ်ကူစေလိုကြောင်း၊ တာဝန်ရှိ သူများက ကြိုးစား ဆောင်ရွက် သွားရန်လိုကြောင်း၊ အမျိုးသားပြတိုက်(နေပြည်တော်)၏ အဆောင် C , D နှင့် E ဆောင်များကို  အပြီးသတ်ပြီး မတ်လတွင် ပြခန်း(၄)ခန်း ဖွင့်လှစ်လိုကြောင်း၊ ခင်းကျင်း ရေးနှင့်ပတ်သက်၍ ကလေး သူငယ်ပညာပေးပြခန်း၊ အာဆီယံပြခန်းနှင့် မြန်မာ့လက်မှုအနုပညာ ပြခန်းအပါအဝင် သီဟာသန ပလ္လင်ပြခန်းတို့ကိုလည်း မတ်လတွင် ဖွင့်လှစ်နိုင်ရန် ခင်းကျင်းမှုများ အပြီးသတ် ဆောင်ရွက်ရန် လိုကြောင်း၊ သီဟာသနပလ္လင်ပြခန်းအား ဖေဖော်ဝါရီလ(၂၅) ရက်နေ့တွင် ပြီးစီးရေး ACE ကုမ္ပဏီအား တွန်းအားပေးရန်၊ MBD Co., Ltd အား Air; com ကိစ္စမှ လွဲ၍ ကြန့်ကြာမှု မရှိစေရေးနှင့် အဆောင် E ရှိ Mezzanine မျက်နှာကြက်နှင့် ရှေ့လုပ်ငန်းစဉ်များ အမြန် ပြီးစီးနိုင်ရေး တွန်းအားပေးရန် သက်ဆိုင်ရာဦးစီး ဌာနများ အနေဖြင့်လည်း လုပ်ငန်းများအား ဌာနမှ ဖွဲ့စည်းပေးထားသည့် စစ်ဆေးရေးအဖွဲ့များဖြင့် စနစ်တကျ စစ်ဆေးကြပ် မတ်သွားရန်လိုကြောင်း၊ ကုမ္ပဏီများအနေဖြင့် အမျိုးသားပြတိုက်၊ အမျိုးသား စာကြည့်တိုက် တို့နှင့်ပတ်သက်၍ မိတ်ဖက် ကုမ္ပဏီများအဖြစ် ခံယူကာ ပြုပြင်ထိန်းသိမ်းရေးများကို ဆက်လက်ဆောင် ရွက်သွားစေ လိုပါကြောင်း၊ ရေရှည်တွင်လည်း သဘာဝဘေးအန္တရာယ်မှလွဲ၍ တည်ဆောက်စဉ် အားနည်း မှုကြောင့် ဖြစ်ပေါ်လာနိုင်သော ပျက်စီးမှုများကို ပြုပြင်ထိန်းသိမ်းပေးရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းလွှဲပြောင်းမှု အစီအစဉ်အရ အမျိုးသားစာကြည့်တိုက် အဆောင် C ကို မိုးကြယ်စင် ဆောက်လုပ်ရေးကုမ္ပဏီမှ လွှဲပြောင်းခြင်းအား အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်နန္ဒာမွှန်း က လက်ခံသည်။

အစည်းအဝေးအပြီး၌ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားပြတိုက် (နေပြည်တော်) တည်ဆောက်ရေး လုပ်ငန်းများနှင့် နိုင်ငံတော်သမ္မတ၏ လက်ဆောင်ပစ္စည်းများ ပြခန်း၊ သမိုင်းတင်ခေတ်ပြခန်း၊ သီဟာသန ပလ္လင်ပြခန်း၊ အာဆီယံပြခန်း၊ ကလေးသူငယ် ပညာ ပေးပြခန်း၊ မြန်မာ့လက်မှုအနုပညာပြခန်း၊ ICT လုပ်ငန်း များအား လှည့်လည်ကြည့်ရှု စစ်ဆေး သည်။

No comments:

Post a Comment