Sunday, February 7, 2016

မန္တလေးမြို့ဧရာဝတီဆိပ်ကမ်းတွင် ယာယီတဲများဖြင့်နေထိုင်ကြသည့်ရွှေ့ပြောင်းလုပ်သားများအတွက် တည်ဆောက်ထားသည့် အငှားအိမ်ရာတိုက်ခန်းများလျှောက်ထားသူ ၁၈၈၉ ဦးရှိ




မန္တလေး ဖေဖော်ဝါရီ ၆

မန္တလေး(ဧရာဝတီ)ဆိပ်ကမ်းတွင် ယာယီတဲများဖြင့်နေထိုင်ကာ ကာယ အင်အားဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြ သည့် ရွှေ့ပြောင်းလုပ်သား မိသားစုများအနေဖြင့် ¤င်းတို့လုပ်ငန်းလုပ်ကိုင်ရာနေရာများ၌ လုံခြုံမှုအဆင့် မြင့်စွာ နေထိုင်စေ ရန်နှင့် ပြည်တွင်းရှိကာယလုပ်သားများ ပြည်ပသို့ ရောက်ရှိမသွားရန် ရည်ရွယ်ချက်များဖြင့် မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီက အငှားအိမ်ရာများတည်ဆောက်ပေးခဲ့ရာ နေထိုင်ရန်လျှောက် ထားသည့် အိမ်ထောင်စုပေါင်း ၁၈၈၉ ဦးရှိကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားမှုဖြင့် အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းတစ်လျှောက်တွင် အငှားအိမ်ရာ ၁၂ ခန်း တွဲ ခြောက်ထပ် အဆောက်အအုံပေါင်း ၂၂ လုံးကို ၂ဝ၁၄ ခုနှစ် မတ်လက စတင်တည်ဆောက် ခဲ့ပြီး ၇ဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။

''ဒီလိုတန်ဖိုးနည်း အငှားအိမ်ရာတွေကို မြန်မာနိုင်ငံမှာ စတင်အကောင် အထည်ဖော်တာက ပထမဆုံးဖြစ်ပါတယ်။ ငှားရမ်းခ အချိုသာဆုံးဖြစ်တဲ့အပြင် ထိုက်သင့်တဲ့အဆင့်အတန်း တစ်ခုနဲ့ ရွှေ့ပြောင်းလုပ်သားတွေ နေထိုင် နိုင်အောင် တည်ဆောက်ခဲ့ တာပါ။ တိုင်းဒေသကြီးအစိုးရက အခြားဖွံ့ဖြိုး ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ကြားထဲ က ရွှေ့ပြောင်း လုပ်သားတွေ မိသားစုဘဝနေထိုင်ရေးကိုလည်း စဉ်းစားပေးပြီး အကောင်းဆုံးလုပ်ပေးတာပါ''ဟု မြို့တော်စည်ပင် သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက် နိုင်ထွန်းက ပြောသည်။

မြို့တော်စည်ပင်အနေဖြင့် ¤င်းတို့အား အခမဲ့နေထိုင်ခွင့်ပေးလိုသော် လည်း ယင်းအဆောက်အအုံများ ဆောက်လုပ်သည့် ကုန်ကျငွေမှာ မန္တလေး ပြည်သူများ ထမ်းဆောင်ထားသည့် အခွန်အခငွေများ၏ တစ်စိတ်တစ်ပိုင်း ကို ထည့်သွင်းအသုံးပြုထား သည့်အပြင် နောက်ပိုင်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင်လည်း ဆက်လက်သုံးစွဲရမည်ဖြစ်၍ ငှားရမ်းခယူရခြင်းဖြစ် ကြောင်း ဆက်လက်ပြောကြားသည်။

အဆိုပါအငှားအိမ်ရာနေထိုင်ခွင့် လျှောက်လွှာများကို ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ စိစစ်လက်ခံပေးခဲ့ပြီး အငှားချထားပေးမည့် လုပ်ငန်းများဆောင်ရွက်ရန် စာရင်းကောက်ယူခြင်းနှင့် လျှောက်လွှာများစိစစ်ခြင်း တို့အတွက် ဆပ်ကော်မတီ ဖွဲ့စည်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်းကာ အသေးစိတ်စာရင်းကောက်ယူခဲ့ခြင်းဖြစ်သည်။

စာရင်းများအရ ယာယီတဲများဖြင့်နေထိုင်သူ အိပ်ထောင်စုပေါင်း ၂၆၅၈ ရှိသည့်အနက် လျှောက်ထားသူ ၁၈၈၉ ရှိပြီး အခန်းပေါင်း ၁၅၈၄ ကို မဲစနစ် ဖြင့် ချထားပေးသွားမည်ဖြစ်ကြောင်း၊ အခန်းတစ်ခန်းလျှင် (၁ဝ x ၂ဝ) ပေ ကျယ်၍ အခန်းများအလိုက် ရချိုးခန်း၊ သန့်စင်ခန်း၊ အိပ်ခန်းများပါဝင်ပြီးလျှပ်စစ်မီးနှင့် ရေရရှိရေးကို ဆောင်ရွက်ထားကြောင်း၊ ငှားရမ်းခများမှာ ငွေကျပ် ၃ဝဝဝဝ ဖြစ်ပြီး ပထမထပ်မှ ဆဋ္ဌမထပ်အထိ မည်သည့်အခန်းမဆို တစ်လလျှင် ငွေကျပ်သုံးသောင်းဖြင့် တစ်ပြေးညီသတ်မှတ်ထားကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment