Sunday, February 7, 2016

မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် ပြပွဲပြိုင်ပွဲကျင်းပမည်






မန္တလေး ဖေဖော်ဝါရီ ၆

မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ (၁၄)ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) မှ စတင်၍ မန္တလေး ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီး လူထုအပန်းဖြေဥယျာဉ် ၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ပြပွဲပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစား ၂၃ မျိုးပါဝင်ကြောင်း၊ ပန်းအလှပြိုင်ပွဲတွင် ပန်းအလှပြုပြင် ခြင်း ပြိုင်ပွဲ၊ ပန်းအလှပြိုင်ပွဲ၊ အရွက် အလှပင်ပြိုင်ပွဲများ၊ သစ်ခွပြိုင်ပွဲတွင် ပြည်တွင်းသစ်ခွနှင့် ပြည်ပသစ်ခွ ပြိုင်ပွဲဟူ၍ ခွဲခြားထားကြောင်း၊ ပြည်ပ သစ်ခွပြိုင်ပွဲတွင် ကတ်တလီးယား သစ်ခွ၊ စင်ဘီးဒီးယားသစ်ခွ၊ ဗန်ဒါသစ်ခွတို့ဖြစ်ကြောင်း၊ အပင်ပြိုင်ပွဲ တွင် နှင်းဆီပင် အမျိုးမျိုးပြိုင်ပွဲ၊ ရှားစောင်းပင်ပြိုင်ပွဲ၊ သက်ကြီးပုပင် (ဘွန်ဆိုင်း) ပြိုင်ပွဲများ၊ အသီးပါသည့် အလှပင်ပြိုင်ပွဲတွင် အိုးဖြင့် စိုက်ပျိုး ၍ ပြိုင်ရမည်ဖြစ်ပြီး ဟင်းသီးဟင်းရွက် ပြိုင်ပွဲတွင်အရွက်ပြိုင်ပွဲ၊ အထုပ်ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက် အသီးပါအပင် ပြိုင်ပွဲ၊ ဥပါပြိုင်ပွဲဟူ၍ ယှဉ်ခွဲထား ကြောင်း၊ အရွက်ပြိုင်ပွဲတွင်(ဥပမာ) မုန်ညင်း၊ ကိုက်လန်တို့ဖြစ်ကြောင်း၊ အထုပ်ပြိုင်ပွဲတွင် (ဥပမာ) ဂေါ်ဖီထုပ်၊ ပန်းမုန်လာတို့ဖြစ်ကြကာ အသီးပါ အပင်ပြိုင်ပွဲ၌ (ဥပမာ) ငရုတ်၊ ခရမ်း တို့ဖြစ်ပြီး ဥပြိုင်ပွဲတွင် (ဥပမာ) မုန်လာဥဖြစ်ကြောင်း၊ သစ်သီးပြိုင်ပွဲ တွင် (ဥပမာ) သင်္ဘောသီး၊ ဖရဲသီးတို့ ဖြစ်ပြီး ဟင်းသီး၊ အသီးအလုံးပြိုင်ပွဲ တွင် (ဥပမာ)ဘူးသီး၊ ဖရုံသီးစသည် တို့ဖြစ်ကာ သစ်သီးဝလံအခိုင်လိုက် ပြိုင်ပွဲတွင်ငှက်ပျောခိုင်၊ အုန်းသီးခိုင်၊ ကွမ်းသီးခိုင်တို့ဖြစ်ကြောင်း၊ သစ်သီး ဝလံဥပြိုင်ပွဲတွင် (ဥပမာ) စိမ်းစားဥ၊ ကန်းစွန်းဥ၊ 'ဝ'ဥစသည်တို့ဖြစ်ပြီး ဟင်းသီးအသီးအနှံအတွဲလိုက်ပြိုင်ပွဲတွင် (ဥပမာ) ခရမ်းချဉ်သီး၊ ခရမ်း သီး၊ ကြက်ဟင်းခါးသီးတို့ဖြစ်သည်။

ထို့ပြင် သစ်သီးပုံဖော်အလှဆင် ပြိုင်ပွဲများနှင့် ရာသီပန်းပင်ပြိုင်ပွဲ များကိုလည်း ထည့်သွင်းထားပြီး ကဏ္ဍအလိုက်ပြိုင်ပွဲများတွင် ပထမ ဆု ငွေကျပ် ၁၅ဝဝဝဝ၊ ဒုတိယဆု ငွေကျပ် ၁ဝဝဝဝဝ၊ တတိယဆု ငွေကျပ် ၇ဝဝဝဝ၊ နှစ်သိမ့်ဆုသုံးဆု ကို ငွေကျပ် ၃ဝဝဝဝ စီ ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။

(၁၄)ကြိမ်မြောက် မြို့တော်ဝန်ဖလား၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဝလံပန်းမန်ပြိုင်ပွဲတွင် မန္တလေး မြို့တော် စည်ပင် သာယာရေး က်ာမတီအပါအဝင် ဌာနဆိုင်ရာ အသီးသီး၏ တိုင်းကျိုးပြည်ပြုလုပ်ငန်း ဆောင်ရွက်ချက်များကို ပြည်သူလူထု သိရှိခံစားနိုင်စေရန်အတွက် ဌာနဆိုင်ရာပြခန်းများ၊ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်များကိုလည်း ပါဝင်ပြသသွား မည်ဖြစ်သည်။

ပြပွဲသို့ လာရောက်ကြည့်ရှုအပန်း ဖြေသူ မိဘပြည်သူအပေါင်း စိတ် ချမ်းမြေ့စေရန်အတွက် အစစအရာ ရာ ဆောင်ရွက်ပေး ထားသည့်အပြင် အဆင်ပြေစွာစားသုံးနိုင်ရန် စား သောက်ဆိုင်များ ထည့်သွင်းပေးထား ကြောင်း၊ ဖွင့်ပွဲပြည်ထောင်စုနေ့မှ စ၍ ဖေဖော်ဝါရီ ၁၈ ရက်အထိ ညစဉ်တိုင်း နာမည်ကြီး တေးဂီတအဖွဲ့များ၊ အဆိုကျော်များဖြင့် ဧည့်ခံ ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်သည်။

အဆိုပါ ပြပွဲပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်လိုသူများ၊ စိတ်ပါဝင်စားသူ များအနေဖြင့် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄ နာရီအမီ ပြိုင်ပွဲကျင်းပ မည့် ကန်တော်ကြီး လူထုအပန်းဖြေ ဥယျာဉ်ကွပ်ကဲရေးရုံးသို့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် များကို ပေးပို့ ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment