Saturday, February 6, 2016

လပွတ္တာမြို့မီးဘေးသင့်ပြည်သူများအတွက် အလှူရှင်များ အဆက်မပြတ် လာရောက်လှူဒါန်းလျက်ရှိ




လပွတ္တာ    ဖေဖော်ဝါရီ      ၆

လပွတ္တာမြို့ မီးဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိရာ   ဖေဖော်ဝါရီ (၆)ရက်နေ့ နံနက် (၈)နာရီတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံဖြိုးရေး ၀န်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ ယာယီကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားသော (၄)ထပ် ပရိယတ္တိကျောင်းသို့ ရောက်ရှိကာ မီးဘေးသင့် ပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ဂဏန်းဒိုင်၊ ပုဇွန်ဒိုင် လုပ်ငန်းရှင်များအား လုပ်ငန်းများ အဆက်မပြတ် လုပ်ကိုင်နိုင်ရေး အားပေးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လိုအပ်ချက်ကတော့ လောလောဆယ်မှာ ရေလုပ်ငန်းသမားတွေ လုပ်ငန်းအဆက်မပြတ် သွားရအောင် ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ယာယီမြေနေရာတွေ သတ်မှတ်ပေးပြီးတော့ လုပ်ငန်း ဆက်လုပ်လို့ရအောင် စီစဉ်ဆောင်ရွက်နေပါတယ်။ နောက်ထပ်လည်း ဆက်လက်လှူဒါန်းပစ္စည်းတွေ ပေးပို့ပေးသွားမှာပါ’’ ဟု ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဇော်က ပြောကြားသည်။

ဆက်လက်ပြီး ငါးလုပ်ငန်း ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဇော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများသို့ တန်ဖိုး ကျပ်(၁၀)သိန်း ကျော်ရှိ ငါးသေတ္တာ၊ အသင့်စားခေါက်ဆွဲခြောက်၊ ကြာဇံခြောက်များ ပံ့ပိုးလှူဒါန်းခဲ့ပြီး ယမန်နေ့ကလည်း ငါးလုပ်ငန်းဦးစီးဌာနနှင့် ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်များ အသင်းမှ ဆန်အိတ် (၃၀)၊ ငါးသေတ္တာ (၈၀၀)ဘူး၊ ဆီ (၃၀)သားဝင် (၂၀၀)ဘူး၊ ကြာဇံထုပ် (၇၂၀)၊ ခေါက်ဆွဲခြောက် (၁၀၂၀)၊ မာမီးခေါက်ဆွဲ၊ ငါးခြောက် (၇၅)ပိသာ၊ ရေသန့်ဘူး (၃၀၀)တို့ လှူဒါန်းခဲ့ကြောင်း သိရသည်။


ခရိုင် ပြန်/ဆက်

No comments:

Post a Comment