Saturday, February 6, 2016

နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်


နမ့်ဆန် ဖေဖော်ဝါရီ (၆)ရက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးခြင်းကို ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက်၁၀နာရီ ၃၀မိနစ်က မီးဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ထားသော မြို့မဂိုဏ်းချုပ်ကျောင်းတွင် ကျင်းပပါသည်။


ထောက်ပံပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် မီးဘေးသင့်အိမ်ထောင်စု (၂၈၅)စုအတွက် နိုင်ငံတော် သမ္မတ မှ ပေးအပ်သော ထောက်ပံ့ငွေများ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မိသားစုမှ ထောက်ပံ့သည့်ဆန်အိတ် (၁၀၀၀)အိတ်၊ ကမ္ဘောဇဘဏ်လီမိတက်မှ မီးဘေးသင့် အိမ်ထောင်စု တစ်စုလျှင် ကျပ်(၅)သိန်းနှုန်းဖြင့် ငွေကျပ်(၁၄၂၅)သိန်းအပြင်၊ ဆန်၊ ဆီ၊ ဆား၊ ငါးခြောက်၊ ဟင်းချိုမှုန့်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကုလားပဲများကို တာဝန်ရှိသူများမှ မီးဘေးသင့် အိမ်ထောင်စုများထံ လက်ဝယ်အရောက် ပေးအပ်လှူဒါန်း ပါသည်။

အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ (၅-၂-၂၀၁၆) ရက်နေ့ညပိုင်းအထိ အလှူခံဌာနတွင် လာရောက်လှူဒါန်းသော စာရင်းပိတ် စုစုပေါင်းမှာ ဆန်(၈၃)အိတ်၊ ငွေသားကျပ် (၇၁၈၆၀၀၀ိ/-)၊ အခြားစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပါသည်။

ယနေ့ နေ့လည် မွန်းတည့် ၁၂နာရီအထိ အလှူခံဌာနသို့ ရောက်ရှိလာသော လှူဒါန်းမှုများမှာ ဆန်(၂၉၂)အိတ်၊ ငွေသား(၈၉၀၄၀၀၀ိ/-)၊ စောင်၊ ရေသန့်၊ အ၀တ်အထည်၊ မုန့်၊ ခေါက်ဆွဲခြောက်၊ ၀ါဆိုလဘက်၊ ကလေးအ၀တ်အထည်၊ အိုးခွက်ပန်းကန်၊ အမျိုးသမီး အသုံးအဆောင်ပစ္စည်းများ၊ အထည်များ၊ မိုးကာအရွယ်စုံတို့ကို လာရောက်လှူဒါန်းကြပါကြောင်း၊ အလှူရှင်များမှ မီးဘေးသင့် အိမ်ထောင်စု များထံ မိမိတို့၏ လှူဒါန်းမှုများကို လက်ရောက်လှူဒါန်းမှုများလည်း ရှိပါကြောင်းနှင့် အနယ်နယ် အရပ်ရပ်မှ အလှူရှင်များဆက်တိုက် ထပ်မံရောက်ရှိနေပါကြောင်း သတင်းရရှိသည်။

ခရိုင် ပြန်/ဆက်

No comments:

Post a Comment