Thursday, February 11, 2016

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကို ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပရာ တိုင်းဒေသကြီး၊ပြည်နယ်များအတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာများ ပယ်ဖျက်ခြင်း၊ အမည်ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်း ကို လွှတ်တော်က မှတ်တမ်း တင်ခြင်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေး ကော်မတီများကို လွှတ်တော်၏ သဘောတူညီချက်ရယူ၍ အတည်ပြုဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ကြသည်။



အစီအစဉ်အရ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက် တစ်ရပ်ကွက်နှင့် ကျေးရွာ (၃)ရွာတိုးချဲ့ ဖွဲ့စည်းခြင်း၊ ရပ်ကွက် တစ်ရပ်ကွက်နှင့် ကျေးရွာ (၅)ရွာပယ်ဖျက်ခြင်း၊ ရပ်ကွက် (၃)ရပ်ကွက်နှင့် ကျေးရွာ (၃)ရွာကို အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ချင်းပြည်နယ်အတွင်းရှိ ဖလမ်းခရိုင် တီးတိန်မြို့နယ်တွင် ရပ်ကွက် (၄)ရပ်ကွက် ကို ခိုင်ကမ်းမြို့နှင့် မင်းတပ်ခရိုင် မတူပီမြို့နယ် တွင် ရပ်ကွက် နှစ်ရပ်ကွက်ကို လိုင်လင်းပီမြို့ များအဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် လိုင်လင်းပီကျေးရွာ အုပ်စု ကို ပယ်ဖျက်ခြင်းတို့အား လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာ သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ ကို ဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးအေးသာအောင်၊ ဒုတိယဥက္ကဋ္ဌ များအဖြစ် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးစောသန်းထွဋ်နှင့် ဇလွန် မဲဆန္ဒနယ်မှ ဦးအောင်မင်း၊ အတွင်းရေးမှူးအဖြစ် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆) မှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် တောင်ငူမဲဆန္ဒနယ်မှ ဦးခင်မောင်သန်းတို့အပါအ၀င် ၁၅ ဦးဖြင့် ဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ် များ စိစစ်ရေးကော်မတီ ကို ဥက္ကဋ္ဌအဖြစ် အောင်မြေသာစံ မဲဆန္ဒနယ် မှ ဒေါက် တာ လှမိုး၊ အတွင်း ရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဦး တို့အပါအ၀င် ၁၅ ဦးဖြင့် ဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပြီး ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို နံနက်(၁၀)နာရီ (၁၅)မိနစ်တွင် ရပ်နား လိုက်သည်။

No comments:

Post a Comment