နေပြည်တော် ဖေဖော်ဝါရီ
၁၂
မြန်မာနိုင်ငံအနှံ့အပြားတွင်
၂၀၁၅ ခုနှစ်ဇွန်၊ ဇူလိုင်လများက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့်
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရာ ချင်းပြည်နယ် ဟားခါးမြို့နှင့် တီးတိန်မြို့နယ်များရှိ
နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ သဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ
နေအိမ် (၄၅၈)လုံး တာဝန်ယူဆောက်လုပ်မှုဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင်
ဟားခါးမြို့၌ နေအိမ်(၄၁၇)လုံး၊ တီးတိန်မြို့၌ နေအိမ်(၄၁)လုံး စုစုပေါင်း နေအိမ်(၄၅၈)လုံးဆောက်လုပ်ခြင်းဖြစ်ပြီး
နေအိမ်ပုံစံ များမှာ မိသားစု(၅)ဦးနှင့်အထက် နေထိုင်နိုင်သည့် အိပ်ခန်း(၂)ခန်းပါဝင်သော
ပျဉ်ထောင်သွပ်မိုး ဧရိယာ(၆၄၀)စတုရန်းပေ တန်ဖိုးငွေကျပ် (၄၄ ဒသမ ၄)သိန်း ဖြစ်သည်။
အဆိုပါ နေအိမ်များဆောက်လုပ်နိုင်ရေးအတွက် လိုအပ်သောသစ်ခွဲသားများ ရရှိနိုင်ရန် သစ်လုံးများကို
မုံရွာ၊ ဂန့်ဂေါ၊ စစ်ကိုင်းနှင့် ပခုက္ကူမြို့များရှိ သစ်ခွဲစက်များသို့ ပို့ဆောင်ပြီး
လုပ်ငန်းခွင်သုံး အသင့်တပ်ဆင်နိုင်သည့် (Cut size)များခွဲစိတ်ခြင်း၊ အုတ်ဖိနပ်များကို
ကလေးမြို့တွင် ပြုလုပ်ခြင်း၊ Town Plan နှင့်အညီ မြေကွက်များ သတ်မှတ်ဖော်ထုတ်၍ နေအိမ်များစတင်ဆောက်လုပ်နိုင်ရန်
မြေပြုပြင်ခြင်းစသည့် လုပ်ငန်းများကို ၂၀၁၅ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလ များအတွင်း
ပြီးစီးအောင် တစ်ချိန်တည်း၊တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သစ်ခွဲသား၊
အုတ်ဖိနပ်များနှင့် ဆောက်လုပ်ရေးပစ္စည်းများကို မိုးရွာသွန်းမှုကြောင့် မြေပြို၍ လမ်း၊တံတားများပျက်စီးခဲ့သဖြင့်
ပြုပြင်နေသည့် ကြားမှ အချိန်တိုအတွင်း ရောက်ရှိအောင် ယာဉ်၊ ယန္တရားများအသုံးပြု၍ ခက်ခဲစွာ
ပို့ဆောင်ခြင်းနှင့် ဒေသခံမဟုတ်သော လက်သမားများဖြင့် ချင်းပြည်နယ်၏ ချမ်းအေးမှုဒဏ်ကိုအံတုပြီး
ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တီးတိန် မြို့နယ်အတွက် နေအိမ်(၄၁)လုံးကို ၂၀၁၅ခုနှစ် ဒီဇင်ဘာ
၁၄ရက်တွင် လည်းကောင်း၊ ဟားခါးမြို့နယ်အတွက် နေအိမ်(၄၁၇)လုံးကို ဇန်န၀ါရီ ၂၇ ရက်တွင်
လည်းကောင်း သတ်မှတ်ကာလအပြီးဆောက်လုပ်နိုင်ခဲ့သဖြင့် ဇန်န၀ါရီ ၃၀ ရက်က ချင်းပြည်နယ်
အစိုးရအဖွဲ့ထံ စနစ်တကျလွဲပြောင်းပေးနိုင်ခဲ့သည်။
အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်ခဲ့သော နေအိမ်များတွင် သဘာဝဘေးသင့်သည့် မိသားစုများ
နေထိုင်နိုင်ရေး ချင်းပြည်နယ်အစိုးရအဖွဲ့မှ စနစ်တကျနေရာချထားပေးလျက် ရှိကြောင်း သိရသည်။




No comments:
Post a Comment