Saturday, February 27, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်



နေပြည်တော် ဖေဖော်ဝါရီ ၂၇
ကျန်းမာရေးဝန်ကြီးဌာန ဆေးဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စီမံခန့်ခွဲရေး ဦးစီးဌာန သူနာပြုနှင့် သားဖွား သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့ရှိ အဆိုပါ သင်တန်းကျောင်း ရှေ့မျက်နှာစာ၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်၍ ကမ္ဗည်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

အဆိုပါ အခမ်းအနားသို့      ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ ဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ သင်တန်းကျောင်းအုပ် ဒေါက်တာ ဝေေ၀လွင်၊ ချင်းတိုင်းရင်းသူလေး တစ်ဦးနှင့် မြန်မာ တိုင်းရင်းသူလေး တစ်ဦးတို့က သင်တန်းကျောင်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ က သင်တန်းကျောင်း ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးကာ အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် သူနာပြုနှင့် သားဖွား သင်တန်းကျောင်း အဆောက်အအုံ အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ က လိုက်လံ ရှင်းလင်း ပြသကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် သူနာပြုနှင့် သားဖွား သင်တန်းကျောင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည့် သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းဖွင့်ပွဲ ဒုတိယပိုင်း အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်က သူနာပြုနှင့် သားဖွား သင်တန်းကျောင်း တည်ဆောက် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ၂၀၁၁ ခုနှစ်မှစတင်ပြီး ပြည်သူ့ဆန္ဒနှစ်ရပ် ဖြစ်သည့် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အကောင် အထည်ဖော်နိုင်ရန် အတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်(၄) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ပြည်သူလူထု ကျန်းမာရေး အဆင့်အတန်း မြင့်မားရေးအတွက် ကုသရေး၊ ကာကွယ်ရေးအမြင်၊ ကျန်းမာရေး အသိပညာပေးရေးကိုပါ ပူးတွဲ ဆောင်ရွက်ရန် လိုအပ်မှု၊ ကလေးဒေသ ဖွံ့ဖြိုးတိုးတက်ရန် အတွက် လိုအပ်သော လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ လျှပ်စစ်ကဏ္ဍများ ပြည့်စုံ အောင် ဆောင်ရွက်ပေးပြီး ဖြစ်၍ ဒေသဖွံ့ဖြိုးရေး အတွက် ပြည်သူအားလုံး ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် သင်တန်းကျောင်းအုပ် ဒေါက်တာ ဝေေ၀လွင်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးတို့ထံ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များကို ပေးအပ်ပြီး မြို့မိမြို့ဖ ဦးပုမ်းဇကမ်း က ဒေသခံပြည်သူများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယနေ့ ဖွင့်လှစ်လိုက်သည့် သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းသည် ဒေသ၏ သူနာပြုနှင့်သားဖွားများ လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်၊ ဒေသ၏ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်းကို မြှင့်တင်နိုင်ရန်နှင့် ဒေသခံများ ပညာဆည်းပူးနိုင်မည့် အခွင့် အလမ်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၂၉၈၄ ဒသမ ၃၃၀)သန်း အကုန်အကျခံ ကာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment