Saturday, February 27, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် “တောင်သူလယ်သမားနေ့”ကို ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ် စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့ရှိ ရာဇဂြိုဟ် ရေလှောင်တမံ စီမံကိန်းနှင့် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်



နေပြည်တော် ဖေဖော်ဝါရီ ၂၇
“တောင်သူလယ်သမားနေ့”ကို ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ် ရေလှောင်တမံ စီမံကိန်းနှင့် ရေအား လျှပ်စစ်ဓာတ် အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ် ရေလှောင်တမံ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ ကမ္ဗည်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။







အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးမြင့်လှိုင်၊ ဦးခင်မောင်စိုး၊ ဒေါက်တာသန်းအောင်၊ ဦးရဲထွဋ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ရာဇဂြိုဟ် ရေလှောင်တမံစီမံကိန်းသည် နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော မိမိတို့ အစိုးရသက်တမ်း (၅)နှစ် ကာလအတွင်း (၁၁)ခုမြောက် အောင်မြင်စွာ ဖွင့်လှစ်နိုင်သည့် စီမံကိန်း လုပ်ငန်းကြီး ဖြစ်ပါကြောင်း၊ ဤစီမံကိန်းသည် ရေသိုလှောင်ပမာဏ ငါးသောင်းနှစ်ထောင် ဧကပေခန့်ကို သိုလှောင်နိုင်မည်ဖြစ်ပြီး ရေအား လျှပ်စစ်တပ်ဆင် အင်အား (၂)မဂ္ဂါဝပ် နှစ်လုံး၊ စုစုပေါင်း(၄) မဂ္ဂါဝပ်ဖြင့် နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား (၂၁)ကီလိုဝပ်နာရီ သန်းပေါင်း ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည့်အပြင် ကလေးခရိုင်အတွင်း လယ်မြေ (၈၅၀၀)ဧကကို စိုက်ပျိုးရေ လုံလောက်စွာ ဖြည့်တင်းပေးနိုင်မည် ဖြစ်ခြင်းတို့ကြောင့် မိုးစပါး၊ နွေစပါး သီးထပ်သီးနှံများ ပိုမိုတိုးတက် စိုက်ပျိုး လာနိုင်မည်ဖြစ်ပြီး ဒေသနေ ပြည်သူလူထု၏ လူမှုစီးပွားဘ၀ကို အထောက်အကူပြု ဖွံ့ဖြိုး တိုးတက် လာစေနိုင်မည် ဖြစ်ပါကြောင်း။
ဤစီမံကိန်း၏ တိုက်ရိုက် အကျိုးကျေးဇူးဖြစ်သည့် သဘာဝ ဘေးအန္တရာယ်ကို ကာကွယ်ပေးနိုင်ခြင်း၊ စိုက်ပျိုးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းနှင့် မကြာမီ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းများ ပြီးစီးသည့် ကာလတွင် ကလေးမြို့ အပါအ၀င် ဆက်စပ် ဒေသတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည့်အပြင် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်သာယာစေမှု အကျိုးကျေးဇူးများ ဖြစ်ထွန်း ရရှိစေနိုင်မည် ဖြစ်ကြောင်း။
အထူးသဖြင့် ဒေသနေ တောင်သူ လယ်သမားများ၏ ကိုယ်တိုင် စိတ်ဆန္ဒပြင်းပြမှု၊ ကိုယ်တိုင် တိုးတက်ကြီးပွား အောင်မြင်လိုစိတ်ကို အခြေခံပြီး ကိုယ်ပိုင်ဉာဏ်ဖြင့် ကြံဆ၊ ကြံစည်ကြိုးပမ်းနိုင်စွမ်း ရှိသလောက် သီးထပ်၊ သီးညှပ် စိုက်ပျိုးစွမ်းအားများ တိုးတက် လာစေနိုင်မည် ဖြစ်သည့်အတွက် မိသားစုတစ်စုချင်းစီ၏ ၀င်ငွေနှင့် လူမှုစီးပွားဘ၀များ ကြိုးစားကြလျှင် ကြိုးစားသလောက် တိုးတက် ရရှိတော့မည်မှာ မလွဲဧကန် ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးအနေဖြင့် နိုင်ငံသားအားလုံးတို့၏ ရေရှည် “အမျိုးသားရေး အကျိုးစီးပွား အခြေခံလိုအပ်ချက်” အတွက် ရင်းနှီးမြှုပ်နှံ တည်ဆောက် အကောင်အထည် ဖော်ပေးနိုင်ခဲ့သော နိုင်ငံတော်၏ ကျေးဇူးတရားတို့ကို တုံ့ပြန်သောအားဖြင့် မိမိတို့နေထိုင် မှီခိုအားထားကြရာ နယ်မြေဒေသအသီးသီး တိုးတက်ရေးအတွက် လည်းကောင်း၊ နိုင်ငံနှင့်အ၀ှမ်း ပြည်နယ်နှင့် တိုင်းအလိုက် ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်လာရေးအတွက် လည်းကောင်း၊ အပြန်အလှန် ရိုင်းပင်းကူညီကြပြီး “တစ်လှေတည်းစီး တစ်ခရီးတည်းသွား ပြည်ထောင်စု စိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်၊ ခိုင်ခိုင်မြဲမြဲ” အတူလက်တွဲကြလျက် နိုင်ငံသားအားလုံး ကျရာအခန်းကဏ္ဍမှ ဦးထမ်းပဲ့ထမ်း ကြိုးပမ်းပါဝင် တည်ဆောက် သွားကြရန် လေးစားစွာဖြင့် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးက ရာဇဂြိုဟ် ရေလှောင်တမံ ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး မြို့မိမြို့ဖ ဦးခင်မောင်လွင် က ဒေသခံပြည်သူများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက စီမံကိန်းတွင် ပါဝင် ဆောင်ရွက်ခဲ့သည့် ၀န်ထမ်း များနှင့် စက်ယန္တရားများ ကူညီဆောင်ရွက်ပေးခဲ့ကြသည့် တိုင်းရင်းသား လုပ်ငန်းရှင်များအား ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ရာဇဂြိုဟ် ရေလှောင်တမံ ကမ္ဗည်းကျောက် စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမြင့်လှိုင်၊ ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးတို့က ရာဇဂြိုဟ်ရေလှောင်တမံ ဖွင့်ပွဲမုခ်ဦးအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် တက်ရောက် လာကြသူများနှင့် အတူစုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး မော်တော်ယာဉ်များဖြင့် ပင်မတမံနှင့် ကုန်းကျောတမံများအား လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ကမ္ဗည်းကျောက်စာတိုင်နှင့် စက်ရုံဆိုင်းဘုတ်တို့ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးကာ ရေအားလျှပ် စစ်စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော် သမ္မတနှင့်အဖွဲ့ဝင်သည် စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က မိုးတွင်းကာလတွင် ကလေးဒေသ ရေကြီးရေလျှံမှုမှ ကာကွယ်ရန်နှင့် စိုက်ပျိုးရေ တိုးချဲ့ပေးဝေနိုင်ရေး အတွက် မဏိပူရ ဘက်စုံ ရေလှောင်တမံ တည်ဆောက်ရန် လိုအပ်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ရာဇဂြိုလ် ရေလှောင်တမံ စီမံကိန်းနှင့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ငလျင်ဒဏ်အပါအ၀င် သဘာဝ ဘေးဒဏ်များ ခံနိုင်ရေးအတွက် ဆည်ကြံ့ခိုင်မှုများကို မပြတ်စစ်ဆေးရန်၊ ၂၀၁၅ခုနှစ်ကဲ့သို့ ထူးကဲ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ အတွက် တွက်ချက်ပြင်ဆင် ထားရန်၊ ရေလှောင်တမံ အထက်ဘက်တွင် နုန်းထိန်းတမံများ ဆောက်လုပ်နိုင်ရေး လေ့လာ ဆောင်ရွက်ရန်နှင့် ဆည်ရေဝေ ရေလဲဒေသများတွင် တရားမ၀င် သစ်ခိုးထုတ်မှုများ မရှိအောင် ကာကွယ် တားဆီးရန်တို့ကို လမ်းညွှန်မှာကြားသည်။
ရာဇဂြိုဟ် ရေလှောင်တမံသည် စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ် ကျေးရွာအနီးတွင် တည်ရှိပြီး ကလေးလွင်ပြင် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန်၊ စိုက်ပျိုး မြေဧက (၈၅၀၀)ကို စိုက်ပျိုးရေ ပေးဝေနိုင်ရန်နှင့် ရေအားလျှပ်စစ် (၄)မဂ္ဂါဝပ်ထုတ်လုပ် သုံးစွဲနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ယနေ့ဖွင့်လှစ်လိုက်သည့် ရာဇဂြိုဟ် ရေလှောင်တမံသည် ရေဆင်းဧရိယာ စတုရန်းမိုင် ၁၃၀၊ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၆၃ လက်မ၊ နှစ်စဉ်ပျမ်းမျှ စီးဝင်ရေ ဧကပေ (၂၄၄၇၈၀)၊ ကန်ရေပြည့် ရေလှောင်ပမာဏ ဧကပေ (၅၂၀၀၀)၊ ကန်ရေသေ ရေလှောင် ပမာဏ ဧကပေ (၈၀၀၀)နှင့် ကန်ရေပြည့် ရေပြင်ကျယ်ဧရိယာ ဧက (၉၈၀) ရှိသည်။
ယင်းနောက် နိုင်ငံတော် သမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ကလေးမြို့ သို့ ပြန်လည် ရောက်ရှိကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတသည်  ကလေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို ပညာတတ်အောင်၊ စည်းကမ်း ကောင်းအောင်၊ ကိုယ်ကျင့်တရား ကောင်းအောင်နှင့် စစ်မှန်သော မျိုးချစ် စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ် ရှိအောင် သင်ကြား လေ့ကျင့်ပေးရန်နှင့် ကျောင်း၏ အသွင် သဏ္ဍာန်ရော အနှစ်သာရပါ တိုးတက်အောင် ပူးပေါင်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ပြင်သာကျေးရွာသို့ ရောက်ရှိပြီး ဒေသခံ ပြည်သူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံကာ ကွန်ကရစ်လမ်း ဖောက်လုပ်ထားမှုနှင့် လူနေ အိမ်များ ဆောက်လုပ် ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

No comments:

Post a Comment