Wednesday, February 17, 2016

ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်သည့် မြစ်ဝှမ်းဒေသများစီမံအုပ်ချုပ်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးရေး အသင်း(MIID)မှ ဦးဆောင်သည့် OXFAM အပါအဝင် အပြည်ပြည်ဆိုင်ရာရေသယံဇာတစီမံအုပ် ချုပ်လုပ်ကိုင်မှု အဖွဲ့အစည်းများ ပူးပေါင်းကျင်းပသည့် “ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်သည့် မြစ်ဝှမ်းဒေသများစီမံအုပ်ချုပ်မှု(Inclusive Public Participation in River Basin Management)ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ”ကိုယနေ့နံနက် ၉ နာရီ အချိန်တွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင်  ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ (Sustainable Development Goals) ရရှိစေရန် မြစ်ဝှမ်းဒေသများနှင့် ရေတိမ်ဒေသ ဂေဟစနစ်များ ကိုစနစ် တကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းသည် အရေးပါသော လုပ်ငန်းတစ်ရပ်အဖြစ် ကမ္ဘာ့ခေါင်း ဆောင်များနှင့် ပညာရှင်များ ကအသိအမှတ်ပြုခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုး တက်မှုကို ရည်ရွယ်ပြီး ရေသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာမူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲ ခြင်းတို့အပြင်၂၀၁၅ခုနှစ်၊ ဩဂုတ် တွင်အမျိုးသားအဆင့်ရေမူဝါဒကို အတည်ပြုပြဌာန်းနိုင်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားအဆင့် ရေဥပဒေလမ်းညွှန်မှုမူဘောင် (National Water Framework Directive)ကိုမူကြမ်းရေးဆွဲပြီးဖြစ်ပါကြောင်း၊
အမျိုးသားရေသယံဇာတဥပဒေ၊ နည်းဥပဒေများကိုလည်း ပြုစုရေးဆွဲလျက်ရှိပြီး ရေသယံဇာတများ စီမံအုပ်ချုပ် လုပ်ကိုင်ရာတွင် မြစ်ဝှမ်းဒေသများဘက်စုံစီမံအုပ်ချုပ် လုပ်ကိုင်မှုနည်းလမ်း(Integrated River Basin Management Approach)ကိုအသုံးပြုသွားမည် ဖြစ်သကဲ့သို့  အကောင်အထည်ဖော်ရာတွင်လည်း မြစ်များ၏ ရေဝေရေလဲဒေသကြီးတစ်ခုလုံး အတွင်းပါဝင်သော မြေအောက်ရေ၊ ရေကန်၊ အင်းအိုင်များ၊ မြစ်ဝကျွန်း ပေါ်ဒေသများစသည့် ရေတိမ်ဒေသများ အပါအဝင်ဂေဟစနစ် အားလုံးကို ထည့်သွင်း ဆောင်ရွက်ရွက် ရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်ဝှမ်းဒေသကြီးသည်နိုင်ငံအကျယ်အဝန်း၏ ၆၀% ကျော်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ် (၈)ခုအတွင်းရှိနယ်မြေအားလုံး(သို့မဟုတ်)အစိတ်အပိုင်းများ လွှမ်းခြုံပါဝင် သည့်အတွက် ဧရာဝတီ မြစ်ဝှမ်း ဒေသကြီးအတွင်းရှိ ရေသယံဇာတများကိုနိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုး တက်အောင် အကောင်းဆုံး အသုံးချနိုင်ရန် ၎င်းတိုင်းဒေသကြီး/ ပြည်နယ်များအတွင်း နေထိုင်ကြသည့် အကျိုးဆက် စပ်ပတ်သက်သူ အားလုံးက ပူးပေါင်းဆောင်ရွက်ကကမည်ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံသည် ဟိမဝန္တာတောင်တန်းဒေသကြီး အတွင်းတွင် ကျရောက်လျက်ရှိ၍ ရေသယံဇာ တများတည် ရှိမှုအဖြစ် နိုင်ငံ၏အဓိကမြစ်ကြီးများဖြစ်သောဧရာဝတီ၊ ချင်းတွင်းနှင့် သံလွင်မြစ် တို့သည် ၎င်းဒေသကြီးမှ မြစ်ဖျားခံ စီးဆင်းလာကြခြင်းဖြစ်ပြီးတောင်ပေါ်နှင့် မြေပြန့်ဒေသ (၂)မျိုးလုံးတွင်နေထိုင်ကြသည့် ပြည်သူလူထု အတွက် ရေ၊ စားနပ်ရိက္ခာ၊ ထင်းလောင်စာ အစရှိသည်တို့အပြင် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှု အမျိုးမျိုးကို လည်းပံ့ပိုးပေးနေပါကြောင်း။
အလုပ်ရုံဆွေးနွေးပွဲတွင် ရေသယံဇာတနှင့် ဆက်စပ်နေသည့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ကို ရေသယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ ခေတ်မှီနည်းပညာ ဗဟုသုတများကို ဖြန့်ဝေဆွေးနွေးပေး သွားမှာဖြစ် ပါကြောင်း၊ အထူးသဖြင့် မြစ်ဝှမ်းဒေသများ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်ရာမှာပြည်သူလူထုအပါအဝင် ရေသယံဇာ တနှင့် သက်ဆိုင်ရာအကျိုးဆက်စပ်ပတ်သက် သူများအားလုံး ပူးပေါင်းပါဝင်မှု၏ အရေးပါပုံကို အထူးပြု ဆွေးနွေးသွားမည် ဖြစ်ပါကြောင်းပြောကြားသည်။ ဆက်လက်၍ MIDD မှ  Executive Officer Mr. JoernKristensen က နှုတ်ခွန်းဆက်စကားပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား ဖေဖော်ဝါရီ(၁၈)ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိ ရသည်။ 

No comments:

Post a Comment