ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး
ဆဋ္ဌမမြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်
အစည်းအဝေးခန်းမ၌ကျင်းပရာ အရေးကြီး အဆို တစ်ရပ်ဆွေးနွေးခြင်း၊ ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ၊
တောင်သူလယ်သမား၊ အလုပ် သမားနှင့် လူငယ် ရေးရာကော်မတီနှင့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု
ကော်မတီ ဖွဲ့စည်းခြင်းတို့ကိုဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ကျောက်မဲ မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအောင်၏
ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်ဒေသအတွင်း ဖြစ်ပွားနေသော
တိုက်ပွဲများကြောင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မိဘပြည်သူများ ဒုက္ခများစွာ ကြုံတွေ့နေရပါသဖြင့်
တိုက်ပွဲများ အမြန်ဆုံးရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေး ရှောင်ပြည်သူများ၏ လူမှုဒုက္ခများအား
အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ် အစိုးရနှင့်
သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအား တိုက်တွန်းကြောင်း အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက
ဆွေးနွေးကြသည်။
စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်းက မြန်မာနိုင်ငံသည်
လွတ်လပ်ရေးနှင့်အတူ ပါဝင်ခဲ့သည့် ပြည်တွင်း ပဋိပက္ခစစ်ဒဏ်ကို ခံစားခဲ့ရ ပါကြောင်း၊ ပြည်တွင်းပဋိပက္ခများကြောင့်
ပြည်သူ့ဘဏ္ဍာများနှင့် အသက်အိုးအိမ် စည်းစိမ်းများ ဆုံးရှုံးခဲ့ရပါကြောင်း၊ လွတ်လပ်ရေးရရှိ
သည်မှာ ၆၈ နှစ်ရှိပြီဖြစ်သော်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေး မရရှိသေးပါကြောင်း၊ ထို့ကြောင့်
ဖြစ်ပွားလျက်ရှိသည့် ပြဿနာရပ် များကို ငြိမ်းချမ်းသည့် နိုင်ငံရေး နည်းဖြင့် ဆွေးနွေးအဖြေရှာရန်
လိုအပ်မည်ဖြစ်ပါကြောင်း၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် စစ်မှန်သည့်
အမျိုးသားပြန်လည် သင့်မြတ်မှုရရှိရေး ဆောင်ရွက်ရန် အရေးကြီးပါကြောင်း ဆွေးနွေးသည်။
သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင် က တိုင်းရင်းသားများအကြား
ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင် တိုက်ပွဲ များကြောင့် ဒေသခံတိုင်းရင်းသားများ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေ
ကြပါကြောင်း၊ ကျောင်းသား ကျောင်း သူများလည်း ပါဝင်ပါကြောင်း၊ ဌာနဆိုင်ရာများ၊ ပြည်သူလူထုနှင့်
အဖွဲ့အစည်းအသီးသီး၏ ကူညီဆောင် ရွက်မှုများကြောင့် ကြီးမားသည့် အခက်အခဲမရှိသော်လည်း စစ်ဘေးရှောင်ပြည်သူများ
ထပ်မံတိုးပွား လာနိုင် ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး
မောင်မောင်ဦး က အဆိုရှင်၏ ဆွေးနွေးချက်အရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်
ဆက်စပ်လျက်ရှိ သည့် မိုင်းငေါ့မြို့နယ်အတွင်း၌ RCSS /SSA နှင့် TNLA တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့
ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ အပါအ၀င် စစ်ဘေးရှောင်ပြည်သူများသည် နီးစပ်ရာ
မြို့ရွာများတွင် တိုက်ပွဲရှောင် နေထိုင်လျက်ရှိပါကြောင်း၊ အဆိုပါ တိုက်ပွဲဖြစ်စဉ်
များနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု
ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသို့ အကြောင်းကြားစာ ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊
တပ်မတော်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တိုက်ပွဲဖြစ်ပွားရာ နယ်မြေဒေသများကို ရှင်းလင်းထိန်းချုပ်
ထားပြီးဖြစ်သည့် အတွက် တိုက်ပွဲများ ထပ်မံဖြစ်ပွား ခြင်းမရှိတော့သည်ကို သိရှိရပါကြောင်း။
တိုက်ပွဲရှောင်ဒုက္ခသည်များကို တပ်မတော်တပ်ရင်း၊
တပ်ဖွဲ့များက ဆန်၊ ဆီ၊ ကုလားပဲနှင့် လူသုံးကုန် ပစ္စည်းများ ထောက်ပံ့လျက်ရှိပါကြောင်း၊
စစ်ဘေးရှောင်ဒုက္ခသည် များအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ငြိမ်းချမ်းစွာပညာ သင်ကြားရေး၊
သောက ကင်းဝေးစွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် အနာဂတ်ဘ၀ သာယာ ဖြောင့်ဖြူးရေးတို့အတွက်
တိုင်းရင်းသားလက်နက်အဖွဲ့ အစည်းများ၏ တိုက်ပွဲများရပ်ဆိုင်း နိုင်ရေး လိုအပ်ပါကြောင်း၊
NCA စာချုပ်တွင် လက်မှတ်ရေးထိုးပြီးသည့်ဒေသများတွင် ပစ်ခတ်တိုက်ခိုက်မှုများ လုံးဝ မရှိတော့
သည်ကို တွေ့ရှိရပါကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်
မွေးမြူပြီး ထာဝရငြိမ်းချမ်းရေးရရှိရန် NCA စာချုပ်၌ လက်မှတ် ရေးထိုးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊
ထာဝရငြိမ်း ချမ်းရေး ရရှိရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူလူထုသာမက
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးသည်။
ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်း၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ်မြင့်နွယ်နှင့် ဦးဘုန်းဆွေတို့က
ပြန်လည်ရှင်းလင်း ဆွေးနွေးကြ သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ
ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားလျက်ရှိသည့်
ပဋိပက္ခများမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်
(TNLA) နှင့် ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ (RCSS) တို့၏ ပဋိပက္ခများဖြစ်ပါကြောင်း၊
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ(UPCC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ကို ၂၀၁၂ ခုနှစ် မေ ၃ ရက်တွင် ဖွဲ့စည်းခဲ့ပြီး
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။
သို့သော်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
(TNLA) အဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) တို့သည်
၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် မူဆယ်မြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု
မရရှိခဲ့ပါကြောင်း၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့၌ ဆက်လက်ပြု လုပ်ရန် စီစဉ်ခဲ့သော်လည်း
တိုက်ပွဲများဖြစ်ပွားနေ၍ မပြုလုပ်နိုင်ခဲ့ပါကြောင်း။
အဆိုပါအဖွဲ့နှင့် ပြည်နယ်အဆင့် သဘောတူစာချုပ်များ
မချုပ်ဆိုနိုင်ခဲ့သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်
(NCA) ဆွေးနွေးပွဲများတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) အဖွဲ့မှ ကိုယ်စားလှယ်များ
တက်ရောက်ခဲ့ပါကြောင်း။
တစ်ဖက်မှလည်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ကို
တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ ၃ ကြိမ်တိုင် စေလွှတ်ခဲ့ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်(TNLA)
အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစေခဲ့ပါကြောင်း။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) သည်
NCA စာချုပ် လက်မှတ်ရေး ထိုးထား၍ အရပ်သား များနှင့် ဆက်ဆံရာတွင် စာချုပ်ပါ စည်းကမ်းချက်များအား
လိုက်နာရန် JMC မှတစ်ဆင့် တိုက်တွန်း ဆောင်ရွက် လျက်ရှိပါကြောင်း။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)
သည် ပြည်နယ်အဆင့် စာချုပ်နှင့် NCA စာချုပ်များကို လက်မှတ်ရေးထိုးထားခြင်းမရှိ၍ အရပ်သားများနှင့်
ဆက်ဆံရေးကိစ္စများ၊ တိုက်ပွဲမဖြစ်ပွားစေရေးကိစ္စများတွင် ကြီးကြပ်ဆောင်ရွက်ရန် အခက်အခဲရှိမည်ဖြစ်ပါကြောင်း၊
ပဋိပက္ခများကိုတွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အဖြေရှာရ မည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS နှင့်TNLA အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ
ဒေသခံပြည်သူ များ ထွက်ပြေးတိမ်းရှောင် ခဲ့ရပါကြောင်း၊ ထွက်ပြေးတိမ်းရှောင်လာသူများကို
ကယ်ဆယ်ရေး စခန်း(၁၇)တွင် ဖြန့်ခွဲထားရှိပါကြောင်း၊ အဆိုပါစစ်ဘေးရှောင်ပြည်သူများအတွက်
ကျန်းမာ ရေး၊ လျှပ်စစ်မီးရရှိရေး၊ အစားအသောက်နှင့် သန့်ရှင်းသည့် သောက်သုံးရေရရှိရေးစသည့်
ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ကော်မတီများနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်
လျက်ရှိပါကြောင်း၊ စစ်ဘေးရှောင်ကျောင်းသားကျောင်းသူ ဆရာ၊ ဆရာမများကိုလည်း ကျောက်မဲမြို့နယ်
သီဟိုဠ်ဘုန်းတော်ကြီးကျောင်း၌ အတန်းပညာရပ်များ
ဆက်လက် သင်ကြား လျက်ရှိပါ ကြောင်း ဆွေးနွေးသည်။
ယင်းအရေးကြီးအဆိုကို လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး
အတည်ပြုသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ်
ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်း အဝေးပဉ္စမ နေ့တွင် တင်ပြခဲ့သည့် နိုင်ငံတကာဆက်ဆံရေးကော်မတီတွင်
အဖွဲ့ဝင်အဖြစ် လျာထားသည့် မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ နေရာတွင် မောက်မယ်မဲဆန္ဒနယ်မှ
ဦးစိုင်းငေါင်းဆိုင်ဟိန်းအား အစားထိုး ဖွဲ့စည်းမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။
ဆက်လက်၍ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌအဖြစ်
သုံးခွဲမဲဆန္ဒနယ်မှ ဒေါ်စုစုလွင်၊ အတွင်းရေးမှူး အဖြစ် စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦးတို့အပါအ၀င်
အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းကြောင်းနှင့် ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ၏
တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်က အတည်ပြု ကြောင်း
ကြေညာသည်။
အလားတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တောင်သူလယ်သမား၊
အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီတွင် ဥက္ကဋ္ဌအဖြစ် မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ အတွင်းရေးမှူး
အဖြစ် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း တို့အပါအ၀င် အဖွဲ့ဝင် (၁၅) ဦး ဖြင့် ဖွဲ့စည်းကြောင်းနှင့်
တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်
သက်တမ်းတို့ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ထို့အတူ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး
ဖော်ဆောင်မှု ကော်မတီတွင် ပင်လောင်းမဲဆန္ဒနယ်မှ
ဥက္ကဋ္ဌအဖြစ် ဦးခွန်မောင်သောင်း၊ အတွင်းရေးမှူးအဖြစ် မြစ်ကြီးနား မဲဆန္ဒနယ်မှ ဦးအင်ထုံးခါးနော်ဆမ်
တို့အပါအ၀င် အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းကြောင်းနှင့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး
ဖော်ဆောင်မှု ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်က
အတည်ပြု ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး
ဆဋ္ဌမမြောက်နေ့ကို နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် ရပ်နားလိုက်ပြီး အစည်းအဝေးသတ္တမမြောက်နေ့ကို
ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆက်လက်ကျင်းပရန် လျာထား ကြောင်း သိရသည်။

No comments:
Post a Comment