ရန်ကုန် ဖေဖော်ဝါရီ
၆
မီးလောင်မှုဖြစ်ပွားခဲ့သည့်ဒေသများမှ
မီးဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းမှုကို လက်ခံလျက်ရှိပြီး
တိုက်ရိုက်သွားရောက် လှူဒါန်းလိုသူများအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတို့နှင့်ချိတ်ဆက်၍
လှူဒါန်းမှုလွယ်ကူစေရန် ဆောင်ရွက်ပေးနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး
(ညွှန်ကြားရေးမှူး) ဦးကြည်သာက ပြောသည်။
''ငွေသားနဲ့ပစ္စည်းတွေလာရောက်လှူဒါန်းတဲ့
အလှူရှင်တွေရှိသလို တချို့ အလှူရှင်တွေကျတော့ တိုက်ရိုက်သွားရောက် လှူဒါန်းချင်တဲ့
သူတွေရှိတယ်။သူတို့အတွက်ကိုလည်း မီးဘေးသင့်ဒေသတွေမှာ ကျွန်တော်တို့ဌာနနဲ့အတူ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက
ကွပ်ကဲမှုရုံးတွေဖွင့်လှစ်ပြီးဆောင်ရွက် နေတာတွေရှိပါတယ်။ ကိုယ်တိုင်သွားရောက်လှူဒါန်းချင်တဲ့
သူတွေအတွက်ကိုတော့ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာဒေသအလိုက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးတွေနဲ့
တိုက်ရိုက်ချိတ်ဆက်ပြီး အလှူရှင်တွေ သွားရောက်လှူဒါန်းမှုအဆင်ပြေလွယ်ကူအောင် ဆောင်ရွက်ပေးနေ
ပါတယ်''ဟု ဦးကြည်သာက ဆိုသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်မြို့နှင့်
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တို့တွင် ဖေဖော်ဝါရီ ၄ ရက်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့်(ဖေဖော်ဝါရီ
၆ ရက်အထိ သက်ဆိုင်ရာမှထုတ်ပြန်ချက်အရ) နမ့်ဆန်မြို့ တွင် အိမ်ခြေ ၂၈၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး
အိမ်ထောင်စု ၃၅ဝ၊ လူဦးရေ ၁၅ဝဝ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့်အပြင် လပွတ္တာမြို့တွင်
အိမ်ခြေ ၁၉၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၂၇၁ စု၊ လူဦးရေ ၁ဝ၇၁ ဦးတို့
အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသဖြင့် သက်ဆိုင်ရာမှ မီးဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ ကူညီ
ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မီးဘေးသင့်ပြည်သူများအတွက် အလှူရှင်များအနေဖြင့်လည်း
သက်ဆိုင်ရာကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနသို့ ငွေနှင့်ပစ္စည်းများ လာရောက်လှူဒါန်းမှုများရှိနေသလို
ကိုယ်တိုင် သွားရောက်လှူဒါန်းမှုများလည်းရှိနေကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ယင်းသို့လှူဒါန်းမှုများတွင်
ဖေဖော်ဝါရီ ၆ ရက်က အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ဗဟိုဌာန(ရန်ကုန်ရုံးခွဲ)သို့
မရမ်းကုန်းမြို့နယ်မှ အလှူရှင်ဦးတင်စိန်မိသားစုက ငွေကျပ် လေးသောင်း၊ CSC Group မိသားစုက
ငွေကျပ် ခြောက်သိန်းနှင့် မြန်မာ့မော်တော်ယာဉ်ပရဟိတဖောင်ဒေးရှင်းက (နမ့်ဆန်မြို့မီးဘေးအတွက်)
ငွေကျပ် သိန်း ၇ဝ၊ ဆန်အိတ် ၂ဝဝ နှင့် လူဦးရေ ၁ဝဝဝ စာအတွက် အဝတ်အထည်မျိုးစုံတို့ကို
လာရောက်လှူဒါန်းခဲ့ကြရာ အဆိုပါရုံးမှ ညွှန်ကြားရေးမှူး ဦးကြည်သာက လက်ခံခဲ့သည်။
အဆိုပါလှူဒါန်းမှုနှင့်ပတ်သက်၍
မြန်မာ့မော်တော်ယာဉ်ပရဟိတ ဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဦးကြည်သာဟန်က ''ကျွန်တော်တို့အနေနဲ့
ပြည်သူတွေရဲ့ အခက်အခဲကိုသိချင်တဲ့အတွက် ကိုယ်တိုင်သွားရောက်လှူဒါန်း မယ်။ ဒါပေမယ့်
နမ့်ဆန်မြို့လိုဒေသကျတော့ သွားလာရခက်ခဲတဲ့အတွက် သက်ဆိုင်ရာက ချိတ်ဆက်ပေးမှုအရ တိုက်ရိုက်လှူဒါန်းသွားဖို့
စီစဉ်ထားပါတယ်။လပွတ္တာမြို့ကိုလည်း ကိုယ်တိုင်သွားရောက်လှူဒါန်းသွားမှာပါ''ဟု ပြောသည်။
မီးဘေးသင့်ပြည်သူများအတွက်
လှူဒါန်းလိုပါက ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှ
ဖွင့်လှစ်ထားသော ဦးစီးမှူးရုံးတို့တွင်လည်း လှူဒါန်းနိုင်ကြောင်း သိရသည်။
No comments:
Post a Comment