Monday, February 15, 2016

စတုတ္ထအကြိမ် တိုင်းရင်း မီဒီယာညီလာခံ ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင်ကျင်းပ


စစ်တွေ ဖေဖေါ်ဝါရီလ ၁၅
စတုတ္ထအကြိမ် တိုင်းရင်း မီဒီယာညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့  နံနက် ၉ နာရီက ရခိုင်ပြည်နယ် မြောက်ဦးမြို့ ညောင်ပင် ဈေးရပ်ကွက်ရှိ မြောက်ဦးဟိုတယ်၌ ကျင်းပရာ အခမ်းအနားသို့ ရခိုင်ပြည်နယ် ခေတ္တ၀န်ကြီးချုပ် ဦးမြအောင်၊ ပြန်ကြားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းမီဒီယာ ညီလာခံ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားဖွင့်ပွဲမုခ်ဦးအား ရခိုင်ပြည်နယ် ခေတ္တ၀န်ကြီးချုပ် ဦးမြအောင်၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေ၊ (Burmese News International ) (BNI) မှ Excuetive Director ဒေါ်နန်းဖော့ဂေ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး  ရခိုင်ပြည်နယ်ခေတ္တ၀န်ကြီးချုပ် ဦးမြအောင်က မီဒီယာဆိုင်ရာ အခန်းကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ ပြန်ကြားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက မီဒီယာနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများ၊ မီဒီယာကျင့်ဝတ် နှင့် အမျိုးအစားများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ညီလာခံပထမနေ့တွင် (BNI)မှ Excuetive Director ဒေါ်နန်းဖော့ဂေက အစိုးရနှင့် သတင်းမီဒီယာလုပ်ငန်း စိန်ခေါ်မှု၊ တိုင်းရင်း မီဒီယာရေးရာ ကိစ္စရပ်များ ရေရှည်ခိုင်မြဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုင်းရင်းသား တို့သိရှိနိုင်ရန် အလေးထား ဆောင်ရွက်ရေးတို့နှင့် (BNI) Board of Diceder ဦးနိုင်ကဆော့မွန်က မီဒီယာတင်ပြမှုနှင့် စတုတ္ထမဏ္ဍိုင် အခမ်းကဏ္ဍတို့တွင် နယ်စွန်နယ်ဖျားရှိ တိုင်းရင်းသားများ သိရှိနိုင်စေရေး၊ အစိုးရ အပြောင်းအလဲတွင် သတင်းရယူရေး၊ လွတ်လပ်မျှတမှုတို့ကို တင်ပြဆွေးနွေး သွားရေးနှင့် တိုင်းရင်းမီဒီယာ ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား ခဲ့ကြသည်။
ယင်းနောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ် (၁၀)သိန်းကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက တိုင်းရင်းမီဒီယာ ညီလာခံသို့ ပေးအပ်သည်။
ဆက်လက်၍ ညီလာခံ ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီခွဲတွင် ကျင်းပရာ သတင်းမီဒီယာ အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြသည်။ ယနေ့ ညီလာခံတွင် ရခိုင်ယဉ်ကျေးမှု အမွေအနှစ်များ၏ အခြေအနေနှင့် စိန်ခေါ်မှုများ ခေါင်းစဉ်နှင့် စပ်လျဉ်း၍ မြောက်ဦးမြို့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှု အသင်းဥက္ကဋ္ဌ ဒေါ်ခင်သန်း၊ ယဉ်ကျေးမှု ၀န်ကြီးဌာနပြတိုက် အတိုင်ပင်ခံ ပညာရှင် ဒေါ်နုမြဇံ၊ မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်မှု ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်၊ မြန်မာမီဒီယာ ရှေ့နေကွန်ယက် ဥက္ကဋ္ဌ ဦးအောင်စိုးဦးနှင့် နိရဉ္ဇရာ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။
ထို့နောက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ခေါင်းစဉ်အား မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ဒုတိယဥ က္ကဋ္ဌ နိုင်ချမ်းတွဲ့၊ ဒေါက်တာအင်ဒရူး (Myanmar Peace Centre)၊ (ABSDF)မှ  ရဲဘော်သံခဲ၊ ရခိုင် အမျိုးသမီးအစည်းအရုံး (ALP)မှ ဒေါ်စောမြရာဇာလင်း၊ BNIမှ (Bord of director) ဦးနိုင်ကဆော့မွန် တို့က ဦးဆောင် ဆွေးနွေးကြသည်။
ယင်းနောက် ရခိုင်ဒေသ သယံဇာတများ ခွဲဝေသုံးစွဲရေးနှင့် ပတ်သက်ပြီး ဦးဝင်းအောင်(AGRAM)၊ ဦးမင်းဇာနည် (Myanmar Development Resource)၊ ဦးအောင်မင်းဦး(ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့)၊ ဒေါ်မွန်မွန်မြတ်တို့က ဆွေးနွေးကြသည်။
ညီလာခံ ဒုတိယနေ့ကို မွန်းလွဲပိုင်းတွင် ရပ်နားခဲ့ပြီး တတိယမြောက်နေ့ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဆက်လက်ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ပြန်/ဆက်

No comments:

Post a Comment