ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအား
လွှတ်တော် ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းခြင်း အစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉
နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ သဘင်ဆောင်၌ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌများနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်(၄၆၅)ဦး၊
ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) တို့မှ ဌာနေကိုယ်စားလှယ်များ၊
နိုင်ငံတကာ အစိုးရ အဖွဲ့အစည်းများနှင့် ပါလီမန်များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထား
သူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု လွှတ်တော် နာယက က အဖွင့်အမှာစကား
ပြောကြားရာတွင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အစီအစဉ်နှင့် ၎င်းအစီအစဉ်များ
နောက်တွင် ဆက်လက် ဆောင်ရွက်သွားမည့် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များသည် ဒီမိုကရေစီစနစ်
တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် အားဖြည့် ကူညီမှုများ ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များ၏
အဓိက တာဝန်ဖြစ်သည့် ဥပဒေပြုခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် ကိုယ်စားပြုခြင်း အစီအစဉ်များ
ပါဝင်ပြီး ကိုယ်စားလှယ် တစ်ဦးအနေဖြင့် မည်သို့ အောင်မြင်စွာ ထိတွေ့ဆောင်ရွက် ရမည်ကို
ဆွေးနွေးနိုင်မည် ဖြစ်ကြောင်းနှင့် လွှတ်တော်ကို ထောက်ပံ့ကူညီကြသော UNDP၊ IPU နှင့်
အခြားမိတ်ဖက် အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယခုအစီအစဉ်မှ ဥပဒေပြုရန်
လိုအပ်ပုံနှင့် ဥပဒေ၏ အကျိုး သက်ရောက်မှုများ၊ ဥပဒေ၏ ရည်ရွယ်ချက် အောင်မြင်ရန် အကြောင်း
အရင်းများစသည့် ဥပဒေပြုရေးနှင့် သက်ဆိုင်သည့် သဘောတရားများကို ရရှိနိုင်မည် ဖြစ်ကြောင်းနှင့်
ကိုယ်စားလှယ်များ အနေဖြင့် စည်းစည်းလုံးလုံး တက်တက်ကြွကြွ ပါဝင် ဆွေးနွေးကြရန် တိုက်တွန်း
ပြောကြားသည်။
ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
လွှတ်တော် ဆိုသည်မှာ ကိုယ်စားလှယ် တစ်ဦးချင်း၊ တစ်ဦးချင်း ကိုယ့်အတွက်အသုံးချရန် မဟုတ်ကြောင်း၊
ရာထူးနေရာရရန်အတွက်လည်း မဟုတ်ကြောင်းနှင့် ကိုယ်စားလှယ် အားလုံးက နိုင်ငံနှင့် ပြည်သူအကျိုးအတွက်
အတတ်နိုင်ဆုံး ကြိုးစားရမည့် နေရာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်း
စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. Renata Lok-Dessallien၊ နှင့် ပါကစ္စတန် အထက်လွှတ်တော်
ဥက္ကဋ္ဌ Hon. Raza Rabbani တို့က အမှာစကားများ ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စု လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်က
အစီအစဉ် အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး ပါဝင်ဆွေးနွေးကြမည့် နိုင်ငံတကာ ပါလီမန်များမှ
ကျွမ်းကျင် ပညာရှင်များကို မိတ်ဆက်ပေးသည်။
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအတွက်
လွှတ်တော် ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းခြင်း အစီအစဉ်ကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၉ရက်အထိ
ကျင်းပမည်ဖြစ်ရာ ၎င်းအစီအစဉ်၌ ရှင်းလင်းဆွေးနွေးမည့် လွှတ်တော်လုပ်ငန်း ဆိုင်ရာ ဘာသာရပ်များတွင်
ဒီမိုကရေစီနှင့် လူထုခေါင်းဆောင်ပြုမှု၊ ကိုယ်စားလှယ်များ၏ တာဝန်နှင့် အခန်းကဏ္ဍ အမျိုးမျိုး၊
ကိုယ်စားလှယ်ကောင်း တစ်ယောက်၏ ဝိသေသ လက္ခဏာရပ်များ၊ အာဏာခွဲဝေခြင်းနှင့် ဥပဒေပြုသူများ၏
အခန်းကဏ္ဍ၊ အချုပ်အခြာ အာဏာနှင့် အပြန်အလှန် ထိန်းကျောင်းခြင်း၊ လွှတ်တော်ကော်မတီများ၊
ဥပဒေပြုရေး လုပ်ငန်းစဉ်နှင့် အမျိုးသမီး ကိုယ်စားလှယ်များ ရင်ဆိုင်နေရသော အခက်အခဲများ
စသည့် အကြောင်းအရာများ ပါဝင်ပြီး UNDP/IPUနှင့် နိုင်ငံတကာ ပါလီမန်များမှ လွှတ်တော်
ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ စုစုပေါင်း (၁၈)ဦးတို့က စုပေါင်း
ဆွေးနွေးခြင်း၊ အဖွဲ့လိုက်ဆွေးနွေးခြင်း အစီအစဉ်များကို လွှတ်တော်ရုံး အသီးသီးနှင့်
ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။
ယင်း အစီအစဉ်သည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ နိုင်ငံတကာပါလီမန်
များအဖွဲ့ (IPU)၊ ဘူတန်၊ ဟောင်ကောင်၊ ပါကစ္စတန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ မလေးရှား၊ သြစတြေးလျ၊
အရှေ့တီမောနှင့် ဗြိတိန်နိုင်ငံတို့မှ အစိုးရအဖွဲ့၊ ပါလီမန်များနှင့် လွှတ်တော်ရုံး
အသီးသီးတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပေါ်ပေါက်လာသည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)






No comments:
Post a Comment