နေပြည်တော် ဖေဖော်ဝါရီ
၁၂
ပြည်ထောင်စုကြီး
ထာဝရတည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားအားလုံး ပြည်ထောင်စု စိတ်ဓာတ်မွေးမြူရေး၊
ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် အတူ တကွ ပူးပေါင်းနေထိုင်ရေး၊
ရရှိထားပြီးဖြစ်သည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်မှုကို ခိုင်မာ အောင် တည်ဆောက်ရေး၊
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို နိုင်ငံသား အားလုံး အသိစိတ်ဓာတ်ဖြင့်
ပါဝင်ဆောင်ရွက်ရေး၊ တိုင်းပြည်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင် တိုင်းရင်းသားအားလုံး
တက်ညီလက်ညီ ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး ဟူသည့် အမျိုးသားရေး ဦးတည်ချက်များ နှင့်အညီ
အနှစ်သာရ ပြည့်ဝစွာကျင်းပသည့် ၂၀၁၆ခုနှစ် (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်
အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့
တက်ရောက်ကြမည့် ဌာနဆိုင်ရာများမှ ၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသား
တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများသည် စုရပ် အသီးသီးမှ နံနက် ၅ နာရီမှစတင်ထွက်ခွာ၍
အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ချီတက်နေရာယူကြသည်။
ထို့နောက် နံနက်
၅ နာရီခွဲတွင် (၆၉) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုကျင်းပရာ
တိုင်းရင်းသားတိုင်းရင်းသူများနှင့်အတူ အလံတင်အဖွဲ့က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
အလံအား လွှင့်တင်သည်။
ဆက်လက်၍ (၆၉) နှစ်မြောက်
ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်း အနားကို နံနက် ၇ နာရီတွင် ကျင်းပရာ
တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့သည် မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ချီတက်နေရာယူသည်။
ယင်းနောက် (၆၉)
နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည်
ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပသည့် မြို့တော်ခန်းမ ဥပစာရင်ပြင် စင်မြင့်ပေါ်၌ နေရာယူပြီး
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။
ထို့နောက် ဒုတိယသမ္မတသည်
တက်ရောက်လာကြသူများ နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြရာ
ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေ စည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ၂၀၁၆ ခုနှစ် (၆၉)နှစ်မြောက်
ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက
ဖတ်ကြား ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါအခမ်းအနားသို့
ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ
တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်
တိုင်းမှူး၊ ဒုတိယ၀န်ကြီးများ၊ ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဝင်များ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊
ဝန်ကြီးဌာနများမှ ၀န်ထမ်းများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ
တပ်ရင်းတပ်ဖွဲ့များမှ မိသားစုများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားတိုင်းရင်းသူ
ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်းအင်အား ၂၃၂၀ ဦး တက်ရောက်ကြသည်။



No comments:
Post a Comment