Wednesday, February 17, 2016

ပုလောမြို့နယ် ကျောက္ကာကျေးရွာ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့


နေပြည်တော် ဖေဖော်ဝါရီ ၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်သည် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို နှင့်အတူ ဖေဖေါ်ဝါရီ(၁၅) ရက်တွင် မြိတ်မြို့မှ ပုလောမြို့နယ် ကျောက္ကာကျေးရွာသို့ ရေယာဉ်ဖြင့် သွားရောက်ပြီး မီးဘေးသင့် ပြည်သူများကို ရင်းရင်း နှီးနှီး တွေ့ဆုံအားပေးစကားပြောကြားသည်။

ရှေးဦးစွာ မီးဘေးသင့် အိမ်ထောင်စု (၄၅၂) စုအတွက် စားစရိတ် အိမ်ထောင်စုတစ်စုလျင် (၁)သိန်း ကျပ်နှုန်းဖြင့် (၄၅၂)သိန်း၊ အိမ်ခြေ (၃၃၁) လုံးအတွက် အိမ်(၁)လုံးလျင် သွပ် (၅၀)ချပ်နှုန်းဖြင့် သွပ် (၁၆၅၅၀) ချပ် တို့ကို တာဝန်ရှိသူများထံထောက်ပံ့ပေးသည်။ ထို့နောက် မီးလောင်ပြင်ကို ကြည့်ရှု့ စစ်ဆေး၍ မိုးမကျမီ အိမ်များပြန်လည် တည်ဆောက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ပေးသည်။
ဖေဖေါ်ဝါရီ(၁၆)ရက်တွင် လောင်းလုံးမြို့နယ်၊ ကမြောကြီး ကျေးရွာအုပ်စု၊ ကပူကျေးရွာသို့ သွားရောက်၍ မီးဘေးသင့်အိမ်ခြေ (၁၃)လုံးအတွက် (၁)အိမ်လျင် သွပ် (၅၇)ချပ်နှုန်းဖြင့် သွပ်(၇၄၁)ချပ်ကို ထောက်ပံ့ပေးပြီး အိမ်အသစ်များ ပြန်လည်ဆောက်လုပ်နေမှုကို ကြည့်ရှု၍ မီးဘေးသင့်အိမ်ထောင်စုဝင်များကို အားပေး စကားပြောကြားသည်။
ဆက်လက်၍ မောင်းမကန် ကျေးရွာသို့ရောက်ရှိပြီး မောင်းမကန် စံပြမူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ပြည်ထောင်စု ၀န်ကြီး၊ ၀န်ကြီးချုပ်၊ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းအောင်နှင့် အမြဲတမ်း အတွင်းဝန် ဦးစိုးအောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားပြီး မူကြိုကလေးများအား လက်ဆောင်ပစ္စည်းများပေးအပ်၍ ကလေးမိဘများကို ရှေးဦးအရွယ် ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ အကြောင်း ရှင်းလင်းပြောကြားသည်။
ဖေဖေါ်ဝါရီ(၁၇)ရက်တွင် ထားဝယ်မြို့ အိမ်တွင်းမှုသက်မွေး ပညာသင် ကျောင်း၊ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတို့ကို ကြည့်ရှု စစ်ဆေး၍ မူလတန်းကြိုကျောင်း၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း (၁/၂၀၁၆) ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးသည်။

တစ်နိုင်ငံလုံးတွင် ၂၀၁၆ ခုနှစ် ၊ ဇန်န၀ါရီမှ ယခုအချိန်ထိ မီးဘေး(၆၅)ကြိမ် ဖြစ်ပွားခဲ့ပြီး နမ့်ဆန်မြို့နှင့် လပွတ္တာမြို့ မီးဘေးများအပါအ၀င် မီးဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် ငွေကျပ်(၁၀၂၂)သိန်းနှင့် ၀န်ကြီးဌာနအနေဖြင့် ငွေကျပ် (၂၃၉)သိန်း တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ငွေကျပ်(၁၀၃၈)သိန်း ခန့်တန်ဖိုးရှိသော သွပ်(၁၇၂၉၁)ချပ်၊ ဆန်ရိက္ခာဖိုး ငွေကျပ်(၂၁)သိန်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၅၆)သိန်း ထောက်ပံ့ပေးခဲ့ပြီး ပြည်သူ လူထု အနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိထားဆောင်ရွက်ရန် အထူးလိုအပ် လျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment