ရန်ကုန် ဖေဖော်ဝါရီ ၁၂
ဂျပန်နိုင်ငံ အမျိုးသမီးကင်းထောက်
အဖွဲ့၏ ကူညီမှုဖြင့် မြန်မာအမျိုးသမီး ကင်းထောက်အဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် အခြေခံကင်းထောက်
နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီ က ရန်ကုန်မြို့
ပြည်လမ်းရှိ ရန်ကုန် ပညာရေးတက္ကသိုလLearning Hub ခန်းမ၌ ကျင်းပသည်။
''အမျိုးသမီး ကင်းထောက်တွေ ပြန်ပြီးဖော်ထုတ်တဲ့အခါမှာ ကင်းထောက်နဲ့ဆိုင်တဲ့ အခြေခံပညာတွေ
တတ်ဖို့လိုပါတယ်။ အထူးသဖြင့် ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ နည်းပြတွေလည်း အများကြီးလိုပါတယ်။
ဂျပန်ကင်းထောက်အမျိုးသမီး အဖွဲ့ရဲ့အကူအညီနဲ့ သင်တန်းဖွင့်တာ ကြာပါပြီ။ ဒါတတိယအကြိမ်ပါ။မြန်မာ
နိုင်ငံကိုအကျိုးပြုမယ့် အမျိုးသမီး ကင်းထောက်တွေအများကြီး မွေးထုတ် ပေးချင်တာကြောင့်ပါ။
နောက်ပြီး တက္ကသိုလ်က ဆရာမတွေရော၊ ကျောင်းသူတွေရော၊ ပြင်ပအဖွဲ့ အစည်းက သူတွေကိုပါ ကင်းထောက်
ပညာနဲ့ပတ်သက်ပြီး နည်းပြတွေဖြစ်ဖို့ ရည်မှန်းပြီး အခုလို သင်တန်းပေးတာ ပါ''ဟု မြန်မာနိုင်ငံ
ကင်းထောက်အမျိုး သမီးအဖွဲ့မှ ကင်းထောက်ချုပ် ဒေါ်တင်လှကြည်က ပြောသည်။
မြန်မာနိုင်ငံတွင် ကင်းထောက်အဖွဲ့ ကို ၁၉၁၆ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၄ ခုနှစ်တွင်
အကြောင်းအမျိုးမျိုး ကြောင့် ရပ်ဆိုင်းခဲ့ရာမှ ၂ဝ၁၂ ခုနှစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
လက်ထက်တွင် ပြန်လည်ဖွဲ့စည်းခွင့် ပြုခဲ့ရာ မြန်မာနိုင်ငံတွင် မြန်မာကင်း ထောက်အဖွဲ့နှင့်
အမျိုးသမီး ကင်းထောက်အဖွဲ့ဟူ၍ နှစ်ဖွဲ့ရှိပြီး အမျိုးသမီးကင်းထောက် အရေ အတွက်မှာ ၂ဝ၁၅
ခုနှစ် ဇန်နဝါရီလ အထိ အင်အား ၂ဝဝဝဝ ကျော် ပြန်လည်စုစည်းနိုင်ခဲ့ကြောင်း အဆိုပါ အခမ်းအနားမှ
သိရသည်။
''အဓိက ကင်းထောက်ရဲ့ လှုပ်ရှား
မှုက ဘာလဲဆိုတော့ စည်းလုံးညီညွတ် စွာနဲ့ အခက်အခဲတိုင်းကို ဘယ်လို ပူးပေါင်းအဖြေရှာမလဲ။
ဘယ်လိုကျော် လွှားမလဲ။ကလေးတွေတင်မကပါဘူး။လူတိုင်းလူတိုင်း ဒီလိုအတွေးအခေါ် ဒီလိုအသိအမြင်တွေရှိသွားရင်
ဖြစ်လာတဲ့အခက်အခဲတွေကို လွယ်လွယ် ကူကူ ကျော်လွှားနိုင်မယ်။ကျောင်းသူ ကျောင်းသားအဆင့်ကနေ
လုပ်ငန်း ခွင်ရောက်လာမယ်။ နောက်အကြီး အကဲဖြစ်လာမယ်။ခေါင်းဆောင်တွေ ဖြစ်လာမယ်။ ဒီလိုလူတွေကို
ကောင်း မွန်တဲ့ စိတ်ဓာတ်တွေ၊ လမ်းကြောင်း မှန်တွေချပေးနိုင်ရင် တိုင်းပြည်အတွက် လည်း
ကောင်းမယ်၊ သူတို့အတွက် လည်းကောင်းလာမယ်''ဟု မြို့မ ကျောင်းသားကင်းထောက်ကြီး တစ်ဦး
ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် နှင့် စက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦး ကပြောသည်။
မြန်မာအမျိုးသမီး ကင်းထောက် အဖွဲ့အနေဖြင့်
၂ဝ၁၃ ခုနှစ် ဇွန် ၃ဝ ရက်က တိုကျိုမြို့တွင် ပြုလုပ်သည့် အာရှပစိဖိတ်ဒေသ ကင်းထောက် အမျိုးသမီးညီလာခံတွင်
မြန်မာနိုင်ငံ အားအဖွဲ့ဝင်ပြန်ဖြစ်အောင် ကြိုးပမ်း နေသော နိုင်ငံအဖြစ် အသိအမှတ်ပြု
ခြင်းခံခဲ့ရကြောင်း၊ ၂ဝ၁၄ ခုနှစ် ဇူလိုင် ၆ ရက်တွင် ဟောင်ကောင်မြို့၌ ပြုလုပ်သည့်
(၃၅) ကြိမ်မြောက် ကမ္ဘာ့ ကင်းထောက်အမျိုးသမီးများ ညီလာ ခံတွင်လည်း တွဲဖက်အဖွဲ့ဝင်နိုင်ငံ
အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရကြောင်း သိရသည်။
''ကင်းထောက်အဖွဲ့အစည်းဆိုတာ လူမှုရေးသက်သက်အဖွဲ့အစည်း
တစ်ခုပါ။ အများသူငါကို လိုအပ်တဲ့ အချိန်မှာ ကူညီဖို့၊ ကူညီတတ်တဲ့ စိတ်ရှိဖို့ ကိုယ်က
ဘက်စုံတတ်နေရင် သူများအကူအညီလိုတဲ့အခါ ပေးနိုင် မယ်။ ရေလွှမ်းတဲ့အခါ၊ ငလျင်လှုပ်တဲ့ အခါ၊
မီးဘေးသင့်တဲ့အခါတွေမှာ လိုအပ်တဲ့အခါ ကူညီနိုင်တာပေါ့။ ဒါ့ကြောင့် ဒီသင်တန်းမှာ ရှေးဦးပြုစု
နည်း၊ ကြိုးချည်နည်း၊ တောလမ်းတစ် လျှောက်မှာ လမ်းမပျောက်အောင် အမှတ်အသားပြုနည်းတွေပါမယ်။
ကျောင်းက စာသင်ပေးတယ်။ ကင်းထောက်အဖွဲ့တွေက လိုအပ်တာတွေ ဖြည့်စွက်ပြီးသင်ကြားပေးမယ်။
ကလေးတွေမှာ ကင်းထောက်စိတ်ဝင်သွားရင် လူတော်လူကောင်းတွေ ဖြစ်လာမယ်။ နိုင်ငံလည်းတိုးတက်လာမယ်'' ဟု ဒေါ်တင်လှကြည်က ဆက်ပြောသည်။
၂ဝ၁၃ ခုနှစ် သြဂုတ်လတွင် ပထမ အကြိမ်
အခြေခံကင်းထောက်နည်းပြ သင်တန်းကို ရန်ကုန်မြို့၌ လည်းကောင်း ၊၂ဝ၁၅ ခုနှစ် သြဂုတ်လတွင်
ဒုတိယအကြိမ် အခြေခံကင်းထောက် သင်တန်းကို နေပြည်တော်တွင် လည်းကောင်း နည်းပြသင်တန်းများ
ပေးခဲ့ပြီး ယခုနှစ်တွင် ဖွင့်လှစ်သည့် နည်းပြသင်တန်းသို့ ရန်ကုန်တက္ကသိုလ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးရှိ
တက္ကသိုလ် ရှစ်ခုမှ ဆရာမများ၊ ကျောင်းသူများနှင့် လူမှုအဖွဲ့အစည်း များမှ သင်တန်းသူစုစုပေါင်း
၆၈ ဦးတက်ရောက်မည်ဖြစ်ကာသင်တန်း ကာလမှာ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၅ ရက်အထိဖြစ်ကြောင်း သိရသည်။
(သတင်း၊ဓာတ်ပုံ=သီသီိမင်း)

No comments:
Post a Comment