တောင်ကြီး ဖေဖော်ဝါရီ
၁၂
မြန်မာ့လွတ်လပ်ရေး
ကြိုးပမ်းမှု သမိုင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် သမိုင်းဝင်ပြည်မ တောင်တန်း ပူးပေါင်းရေးစာချုပ်
ချုပ်ဆိုနိုင်ခဲ့ပြီး တိုင်းရင်းသားများနှင့် သွေးစည်း ညီညွတ်စေခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)
လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ ပြည်ထောင်စု ကျောက်တိုင်ကွင်း၌ (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့
အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည်။ ရှေးဦးစွာ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊
နမ့်စန်လေတပ်စခန်းဌာန ချုပ်မှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်
ဌာနဆိုင်ရာများ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့ဝင်များ၊ တိုင်းရင်းသားပြည်သူများက ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံနှင့်
ကျဆုံးလေပြီးသောရဲဘော် အပေါင်းအား အလေးပြုကြသည်။
ဆက်လက်၍ (၆၉)နှစ်မြောက်
ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့လာသည့် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာအား ရှမ်းပြည်နယ်
ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဖတ်ကြားသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်
ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့်
အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကြသည်။ ဆက်လက်၍အခမ်းအနားသို့ တက်ရောက်လာကြသည့် ရှမ်း၊
ကချင်၊ ကယန်း၊ ပအိုဝ်း၊ ဓနု၊ အခါ၊ ပလောင်၊ အင်းသား၊ တောင်ရိုး၊ ဗမာ၊ ကိုးကန့် စသည့်
တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် တိုင်းရင်းသားပြည်သူများ စုပေါင်းပြီး ထာဝရသစ္စာသီချင်းကို
တပျော်တပါး စုပေါင်းသီဆိုကြသည်။
ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်
အဖွဲ့ ဝင်များသည် ပင်လုံစာချုပ်လက်မှတ် ရေးထိုးရာတွင် မူလပါဝင်ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်း
အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦး၏ ရုပ်ပုံပါအထိမ်းအမှတ် ပန်းချီကားများ၊ ကလေးကစားကွင်းနှင့်
အပန်းဖြေ ဇုန်ဖွင့်ပွဲအထိမ်းအမှတ် မုခ်ဦးသို့ ရောက်ရှိပြီးနောက် ပြည်နယ်ဝန်ကြီးများက
အထိမ်းအမှတ်ပန်းချီကားများ၊ ကလေးကစားကွင်းနှင့် အပန်းဖြေ ဇုန်မင်္ဂလာမုခ်ဦးအား ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကမ္ပည်းမော်ကွန်းအား စက်ခလုတ် နှိပ်၍ဖွင့်လှစ်ပေးခဲ့သည်။
၎င်းနောက် ရုပ်ပုံပန်းချီကားများနှင့် ကလေးကစား ကွင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်
နှင့်အဖွဲ့ဝင်များသည် ပင်လုံမြို့ မဟာရဋ္ဌ ဘိသာမဂ္ဂီစေတီတော်မြတ် ကြီးသို့ရောက်ရှိပြီးနောက်
ပင်လုံမြို့ ဓာတ်တော်ကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ
စေတီတော်ကြီးအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ အလှူငွေကျပ်သိန်း ၃ဝဝ ပေးအပ်လှူဒါန်းပြီး
ရေစက်သွန်းချတရားတော်နာယူခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပင်လုံစာချုပ်၌
လက်မှတ်ရေးထိုးကြသူများမှာ ဗိုလ်ချုပ်အောင်ဆန်း(မြန်မာကိုယ်စားလှယ်)၊ စဝ်ခွန်ပန်းစိန်
(တောင်ပိုင်းစော်ဘွား)၊ စဝ်ရွှေသိုက် (ညောင်ရွှေစော်ဘွား)၊ စဝ်ဟုံဖ(သိန္ဒီ စော်ဘွား)၊
စဝ်နွံ(လဲချားစော်ဘွား)၊ စဝ်စံထွန်း (မိုင်းပွန်စော်ဘွား)၊ စဝ်ထွန်းအေး(သာမိုင်းခမ်းစော်ဘွား)၊
ဦးခွန်ဖုံး၊ ဦးတင်အေး၊ ဦးကြာပု၊ စဝ်ယိပ်ဖ၊ ဦးခွန်ထီး၊ ဦးထွန်းမြင့်၊ ဦးခွန်စော၊
ဦးဖြူ(ရှမ်းကော်မတီ)၊ ဆမားဒူးဝါးဆင်ဝါးနောင်၊ ဒူဝါးဇော်ရစ်၊ ဦးဒိန်ရတန်၊ ဒူးဝါးဇော်လွန်း၊
ဦးလဘန်ဂရောင်(ကချင်ကော်မတီ)၊ ဦးလွှာမုန်း၊ ဦးသောင်ဇာခုပ်၊ ဦးကီယိုမာန်(ချင်းကော်မတီ)စသည့်
အဖွဲ့ဝင် ၂၃ ဦးက ပင်လုံမြေ၌ စတင် သန္ဓေတည် လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်မတောင်တန်း
ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။
နိုင်ထွန်း(TGI)

No comments:
Post a Comment