Tuesday, February 23, 2016

ရန်ကုန်မြို့၏ စိမ်းလန်းဧရိယာ သဘာဝဥယျာဉ်ကြီး ဝိုင်းဝန်းထိန်းသိမ်းကြရမည်





သတင်းဆောင်းပါး
စိုးစိုးနိုင်(ကြေးမုံ)
ဓာတ်ပုံ - စောသိန်းဝင်း
ရန်ကုန်မြို့၏ စိမ်းလန်းဧရိယာ တစ်ခုဖြစ်ပြီး ပင်ကိုသဘာဝအားဖြင့် သာယာလှပနေသော ကန်တော်ကြီး ကန်သည် မြို့တော်နေ ပြည်သူပြည်သားများ၏ အနားယူအပန်းဖြေစရာ နေရာတစ်ခုပင်ဖြစ်သည်။ တစ်ချိန်တစ်ခါက ကန်တော်ကြီးကန် မှ ရေကိုယူ၍ ရန်ကုန်မြို့နေပြည်သူများအား သောက်သုံးရေပေးဝေရာတွင် အသုံးပြုခဲ့ပြီး လှော်ကား ကန်မှ ရေပေးဝေခဲ့ သည့်နောက်ပိုင်း ရေပေးဝေမှု ရပ်ဆိုင်းကာ ကန်တော်ကြီးကန်နှင့် ပတ်ဝန်းကျင်အား ပြည်သူများ အပန်းဖြေအနားယူရာ သဘာဝဥယျာဉ်တစ်ခုအဖြစ် ပြုပြင်တည်ဆောက်ခဲ့သည်။ ယင်းကန်တော်ကြီး သဘာဝဥယျာဉ်အတွင်း Central Forest Zone? Recreation Zone? Relaxation Zone? Education Zone ဟူ၍ ဇုန်လေးခု ခွဲခြားသတ်မှတ်ပြီး အဆိုပါ ဇုန်များအတွင်း စိုက်ပျိုးရေးပြတိုက်၊ ကရဝိက်ခန်းမ၊ ဟိုတယ်၊ ပျိုးပင်အရောင်းဆိုင်၊ ရေချိုငါးဥယျာဉ်နှင့် စားသောက်ဆိုင်ကြီးများလည်း တည်ရှိသည်။ 


ကန်တော်ကြီး ကန်ရေပြင်အနီး ကပ်လျက်ရှိသော စားသောက်ဆိုင်များ၊ ကန်ရေပြင်နှင့် ဆက်စပ်လျက် ရှိသော မြေပြင်ပေါ်တွင် တည်ဆောက် ဖွင့်လှစ်ထားသည့် ဟိုတယ်၊ စားသောက်ဆိုင်ကြီးများ၊ ရုံး အဆောက်အအုံများမှ တိုက်ရိုက်စွန့်ပစ်သည့် စွန့်ပစ်ရေဆိုးများကို ယခင်ကန်တော်ကြီးကန်၏ ရေဝေ ရေလဲ ဧရိယာများဖြစ်သည့် ယခုလူနေရပ်ကွက် ရေမြောင်းများမှတစ်ဆင့် အဆင့်ဆင့် စီးဝင်လာသော ညစ်ညမ်းရေဆိုးများ ကန်အတွင်းသို့ ရေဝင်ပေါက်ကြီး ၁ဝ ပေါက်မှ တိုက်ရိုက်ဝင်ရောက်ခြင်း၊ ကန်ရေပြင်နှင့်ဆက်စပ်လျက်ရှိသော မြေပြင်ပေါ်တွင် တည်ဆောက်ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးခြံများရှိ စိုက်ပျိုး ရေးသုံး ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတို့သည် မိုးရေ၊ အပင်ဖျန်းရေများနှင့်အတူ ကန်ရေပြင်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်မှု တို့ကြောင့် ရေထုညစ်ညမ်းမှု ဖြစ်စေသည်။

ယခင်က ကန်တော်ကြီးကန်ရေ၏ အရည်အသွေးကောင်းမွန်စေရန် အလူမီနီယံဆာလဖိတ်နှင့်ကော့ပါး ဆာလဖိတ်ဆေးခပ်ခြင်း ကို မဟာသင်္ကြန် ကာလအတွင်း တစ်နှစ်လျှင် တစ်ကြိမ် သန့်စင်မှုပြုခဲ့သော်လည်း သန့်စင်မှုစနစ် မလုံလောက်သောကြောင့် ကန်အတွင်းစီးဝင်သည့် မသန့်ရှင်းသော ရေများမှ တစ်ဆင့် ကန်ရေပြင်ညစ်ညမ်းမှုဖြစ်ပွားခြင်းကို လျော့နည်းအောင် ကန်တော်ကြီး ကန်ရေပြင်သန့်ရှင်းကြည်လင်ရေးနှင့် ကန်ဧရိယာစိမ်းလန်းစိုပြည်ရေး အတွက် ထိန်းသိမ်းလုပ်ဆောင်နေ သည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဌာနစုမှူး ဦးကျော်ကျော်ဦးအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

''ကန်တော်ကြီးကန်အတွင်း ပေါက်ရောက်နေတဲ့ကြာ၊ ဗေဒါ၊ ဒိုက်၊ အမှိုက် တွေကို ဒိုက်ဆယ်စက် (Aquamarine) နဲ့ ပုံမှန် ရှင်းလင်းဆောင်ရွက်နေပါတယ်။ ၂ဝ၁၂ ခုနှစ်ကစပြီး ရေဝင်ပေါက်တွေကနေ အမှိုက်ဝင်ရောက်မှု မရှိစေဖို့ အမှိုက်စစ် ဆန်ခါနဲ့ ရေထိန်းနံရံတွေတည်ဆောက်ခဲ့ပါတယ်။ ရေဆိုးတွေမဝင်ဖို့ လည်း ရေဆိုး တာတမံ၊ ရေဆိုးတားမြောင်းတွေ တည်ဆောက်ပြီး ရေကျော်၊ ရေတံခါးတွေပါ ထည့်သွင်း တည်ဆောက်ထားပါတယ်။ ကန်အောက်ခြေမှာ ပုပ်သိုးနေတဲ့ အနည်အနှစ်တွေကို ရေမြှုပ်ပန့်နဲ့ နုန်းတွေကို စုပ်ယူရှင်းလင်းပါ တယ်။ ၂ဝ၁၄ မှာ နုန်းစုပ်စက်ကြီး (Dredger) တွေသုံးပြီး ကန်အောက်ခြေရှိ နုန်းတွေကို ဖယ်ရှားပါတယ်''ဟု အမှိုက်သရိုက်များနှင့် နုန်းများရှင်းလင်းဖယ်ရှားသည့် လုပ်ငန်းစဉ် ကို ပြောပြသည်။ 

ရေကန်အတွင်း စွန့်ပစ်ရေဆိုးများ၊ နိုက်ထရိုဂျင်နှင့် ဖော့စပရပ်ဓာတ်များ ပါဝင်သော မြေကြီးကို တိုက်စားလာသည့်ရေများ၊ ဓာတ်မြေသြဇာအသုံးပြုသော စိုက်ခင်းများမှ စီးထွက်လာသောရေများသည် ပေါင်းစုံပြီး နိုက်ထရိုဂျင် (Nitrogen) နှင့် ဖော့စပရပ် (Phosphorous) ပါဝင်သော ဒြပ်ပေါင်းများ (Nutrients) ဖြစ်လာသည်။ ယင်းဒြပ်ပေါင်းများသည် ရေညှိများပေါက်ပွားခြင်း (Eutrophication)ဖြစ်စဉ်ကြောင့် ရေညှိ အပါအဝင် အပင်မွှားလှေးများ (Phytoplankton) ပေါက်ပွားလာရာမှတစ်ဆင့် အစိမ်းရောင်ရေညှိပင်များ အပေါ်အမှီပြုသည့်အကောင်မွှားလှေးများ (Zooplankton)လည်း ပွားများ လာခဲ့သည်။ ထိုအပင်မွှားလှေးများနှင့် အကောင်မွှားလှေးများ၏ အသက်ရှင်မှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ရေထဲမှအောက်ဆီဂျင်ကို သုံးစွဲမှု ကြောင့် ရေတွင်အောက်ဆီဂျင်ပါဝင်နှုန်းကို လျော့ကျစေသဖြင့် ရေကန်၏ဂေဟစနစ် (Lake Ecosystem)ကို ထိခိုက်လာသည်။

ထို့ပြင် ကန်ရေပြင်ပေါ်ရှိ ရေညှိအလွှာများမှ နေရောင်ခြည်ကို ကာဆီး ထား၍ ကန်အတွင်းရှိ ရေနေအပင်များ အစာချက်လုပ်နိုင်ခြင်းမရှိသဖြင့် သေဆုံးကြခြင်း၊ ကန်ရေတွင် အောက်ဆီဂျင်ပါဝင်မှုနှုန်းကျဆင်းမှုကြောင့် ကန်တွင်းနေ ရေ သတ္တဝါများ သေဆုံးကြရခြင်းဖြစ်စေပြီး အနည်ပို့ချမှုပိုမို ဖြစ်ပေါ်လာခဲ့သည်။ ပို့ချလာသော အပင်၊ သတ္တဝါအသေများ၏ ဘက်တီး ရီးယားများ ဖြိုခွဲမှုဖြစ်စဉ်ကြောင့် ရေထဲမှ အောက်ဆီဂျင်ကိုသုံးစွဲ၍ ဒြပ်ပေါင်းများ ထုတ်ပေးပြန်သဖြင့် ကန်ရေတွင် အောက်ဆီဂျင် ပါဝင်မှုနှုန်း ထပ်မံကျဆင်း လာသည့်အပြင် ရေညှိများကိုလည်း ပိုမိုပေါက်ပွားလာစေပြီး ကန်ရေပြင် သန့်ရှင်းကြည်လင်မှုအတွက် လိုအပ်သော ဂေဟစနစ်ကို ဆိုးရွားစွာထိခိုက် ပျက်စီးရသည်ဟု သိရသည်။ ''၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှစပြီး ကန်ရေမျက်နှာပြင်ရှိ ရေညှိတွေကို ရေညှိစုပ်စက်(Scum Skimmer) ၁၇ လုံးနဲ့ စုပ်ယူဖယ်ရှားပါတယ်။ ဒီလို လုပ်ဆောင်လို့ ကန်ရေပြင်လျော့ကျမှုမရှိစေဖို့ ၂ဝ၁၄ ခုနှစ်မှာ Scum Skimmer တွေမှ စုပ်ယူပြီး ရေတွေကို ဂါလန် ၆ဝဝဆံ့ ဖိုက်ဘာကန်ခြောက်လုံးနဲ့ ဂါလန် ၄ဝဝဆံ့ ဖိုက်ဘာကန် နှစ်လုံး စုစုပေါင်း ရှစ်လုံး အတွင်းအုတ်ခဲ၊ ပျဉ်ပုံကြီးသဲ၊ ဖွဲပြာ၊ ကျောက် စကွဲတွေ အဆင့်ဆင့်ခံ၊ စစ်ယူသန့်စင်ပြီးရေတွေကို ကန်ထဲကို ပြန်လည်ဖြည့်သွင်းပေးပါတယ်။ ဒါ့အပြင် ရေညှိခွဲထုတ်စက် Water Purification System အသုံးပြုပြီး ရေညှိတွေစစ်ယူဖယ်ရှားပါတယ်။

၂ဝ၁၄ မှာ အမေရိကန်နိုင်ငံထုတ် ကြိမ်နှုန်းမြှင့်အသံလှိုင်းစက် (Ultra Sonic) ၁ဝ လုံးတပ်ဆင်ခဲ့ပါတယ်။ ကြိမ်နှုန်းမြင့်အသံ လွန်လှိုင်း လွှတ်ထုတ်ပြီး ရေညှိသတ်ခြင်းနည်းပညာနဲ့ ကန်အတွင်းရေညှိတွေကို ဖယ်ရှားပါတယ်။Ultra Sonic အတွက် လိုအပ်တဲ့ဓာတ်အားကိ Solar Panel တွေကနေ နေရောင်ခြည်ကို စုပ်ယူပြီး ယင်းအောက်ရှိ ဘက်ထရီအိုးမှာ ဓာတ်အား သိုလှောင် ပါတယ်။Control Box မှတစ်ဆင့် ထိန်းချုပ်ပြီး လှိုင်းထုတ်လွှင့်တဲ့နည်းနဲ့ ရေညှိတွေကို ချေဖျက်ပါတယ်။Ultra Sonic နဲ့ ရေညှိကိုချေဖျက်လို့ အစိမ်းရောင်ရေမှ ကြည်လင်တဲ့ရေအဖြစ် ရရှိစေပါတယ်။ အဲ့ဒါအပြင် ရေညှိတွေသေစေနိုင်တဲ့ Bio-augmentation ဆေးဖျန်းပါတယ်။ ဒီဆေးဖျန်းတဲ့အတွက် ရေညှိတွေကို အနည်ထိုင်စေတယ်။ အနည်ထိုင်တဲ့ရေညှိတွေကို Ultra Sonic မှ ထွက်ရှိလာတဲ့ အသံလွန်လှိုင်းတွေက ခွဲထုတ်ချေဖျက်လို့ ရေညှိပေါက်ပွား မှုနှုန်းကို လျော့နည်းစေ ပါတယ်''ဟု ရေညှိများ ပေါက်ပွားလျော့နည်းအောင် ဆောင်ရွက်မှုကို ပြောပြသည်။ ကန်ရေ အတွင်း အောက်ဆီဂျင်ပျော်ဝင်မှု များပြားစေရန်ရည်ရွယ်ပြီး ရေပန်းများ(Water Fountain)များကို တပ်ဆင်ခဲ့ သည်။ ၂ဝ၁၄ ခုနှစ်တွင် ရေပန်းအလှ ၁၅ ခုနှင့် ၂ဝ၁၅ ခုနှစ်တွင် ရေပန်းအလှ ခုနစ်ခု စုစုပေါင်း ရေပန်းအလှ ၂၂ ခု တပ်ဆင်ထားသည်။

''ရေပန်းတွေဟာ လေမရရှိတဲ့ အောက်ခြေကနေ ရေတွေကို ဝှေ့ယမ်းစုပ်ယူပြီး ရေမျက်နှာပြင်အပေါ်သို့ ပန်းထွက်စေတဲ့ အခါ လေနဲ့ရေထိတွေ့မှုများစွာရရှိလို့ ကန်ရေပြင်အတွင်း အောက်ဆီဂျင်ပမာဏများစွာ ရရှိစေပါတယ်။ ညပိုင်းမှာ အောက်ဆီ ဂျင်လျော့နည်းမှု၊ ပြတ်လပ်မှုမျိုးမဖြစ်စေဖို့ ရေပန်းတွေကို နေ့ရော ညပါ ဖွင့်ပေးထားပါတယ်။ ရေပန်းတွေမှာ အလင်းရောင်မီး အလှတွေ တပ်ဆင်ထားပြီး ညပိုင်းမှာ အလှအပ ရောင်စုံတွေနဲ့ လှပစေတဲ့အပြင် သန့်စင်မှု ကို နေ့ညမပြတ်ဆောင်ရွက်နေလို့ ရေကြည်လင်သန့်ရှင်းမှု ပိုမိုရရှိ စေပါတယ်။

ကန်တော်ကြီး ကန်ရေပြင်နဲ့ ဆက်စပ်တည်ရှိတဲ့ စားသောက်ဆိုင်တွေမှာ ဆိုင်တစ်ဆိုင်ချင်းအလိုက် အသေးစား ရေဆိုးသန့်စင် စနစ်တွေ ဆောက်လုပ် တပ်ဆင်ကာ သန့်စင်ပြီးရေကိုသာ ကန်အတွင်းစွန့်ထုတ်ခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် စွန့်ပစ်ရေဆိုးတွေကို ရှစ်လက်မရေဆိုးစုပိုက်တွေ သွယ်တန်းပြီး ရေဆိုးစုကန်ကြီးတစ်ကန်မှာ စုဆောင်းကာ ထိုကန်မှ တစ်ဆင့် ရေဆိုး တွေ ကို ရေပုပ်စုပ်ကားတွေနဲ့ ပြင်ပသို့ စွန့်ပစ်စေပါတယ်''ဟု ထပ်မံ ပြောပြသည်။

ဆောက်လုပ်တပ်ဆင်ထားသော ရေဆိုးသန့်စင်မှုစနစ်တွင် အဆီနှင့် အစိုင်အခဲများကို ဖယ်ရှားခြင်း၊ အနည်ထိုင်စေခြင်း၊ အထက်သို့ စီးဆင်းစေ၍ စစ်ထုတ်ခြင်း၊ ပိုးသတ်ခြင်းစသည့် သန့်စင်မှုအဆင့်များ ပါဝင် သည်ဟု သိရသည်။ ဤသို့ ကန်တော်ကြီးကန်၏ ရေပြင်သန့်ရှင်းကြည်လင်ရေးအတွက် ဆောင်ရွက်ပြုပြင် ထိန်းသိမ်းမှုကြောင့် လက်ရှိအခြေအနေတွင် ရလဒ်ကောင်း များရရှိနေသော်လည်း ကန်တော်ကြီးကန် ထာဝရ သန့်ရှင်းကြည်လင် သာယာလှပစေရန်အတွက် ကန်ပတ်ဝန်းကျင်ရှိဆိုင်ခန်းများ အထူးသဖြင့် ကန်ရေစပ် တစ်လျှောက် တည်ဆောက်ထားသော စားသောက်ဆိုင်များသည် ကန်၏သန့်ရှင်းသာယာမှုကို ထိခိုက်သဖြင့် တတ်နိုင်သမျှ လျှော့ချ၍ ပတ်ဝန်းကျင်ဂေဟ စနစ်နှင့် သဟဇာတဖြစ်စေပြီး မြို့နေလူထုအတွက် စိတ်လက် အေးချမ်းသာယာစွာ အနားယူနိုင်သည့် ပတ်ဝန်းကျင်ဖြစ်စေရန် ဖန်တီးစီမံဆောင်ရွက်ပေးရ မည်ဖြစ်သည်။ ထို့ပြင် ကန်ရေသန့်ရှင်းကြည်လင်စေရေးနှင့် ရေစီးရေလာကောင်းမွန် စေရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာ တွင်လည်း ဂေဟစနစ်အား အနှောင့်အယှက်မဖြစ်စေဘဲ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေဖြစ်စေသည့် နည်းစနစ်များကိုသာ စနစ်တကျရွေးချယ် အသုံးပြုဆောင်ရွက်ရပေမည်။ 

ကန်တော်ကြီးကန်သည် ရန်ကုန်မြို့တော်၏ အဆင့်အတန်းကိုသာမက နိုင်ငံတော်၏အဆင့်အတန်းကိုပါ ထင်ဟပ်စေသည့် ပုံရိပ်တစ်ခုဖြစ်ပြီး ရန်ကုန် မြို့၏ အလယ်ဗဟိုရှိ စိမ်းလန်းဧရိယာ သဘာဝဥယျာဉ်ကြီး တစ်ခုအဖြစ် လည်းကောင်း၊ မြို့တော်နေ ပြည်သူပြည်သားများအတွက် အပန်းဖြေအနားယူစရာ နေရာကောင်းတစ်ခုအဖြစ် လည်းကောင်း၊ နိုင်ငံခြားသားများ အား စွဲဆောင်နိုင်သည့်နေရာတစ်ခု အဖြစ်လည်း ကောင်း၊ ဂုဏ်ကျက်သရေရှိစွာ ရပ်တည်လျက်ရှိပေရာ ကန်ရေပြင်သန့်ရှင်း ကြည်လင်ရေးနှင့် ကန်ဧရိယာ စိမ်းလန်း စိုပြည်ရေးအတွက် ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် လေ့လာ လုပ်ဆောင်ရမည်ဖြစ်သလို ရန်ကုန်မြို့တော်၏ သဘာဝအလှတရား တစ်ခုကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် ကြရမည်သာဖြစ်ပါကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment