Tuesday, February 23, 2016

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲစတင်


ရန်ကုန် ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ ''Joint Monitoring Committee Union'' (JMC-U) ၏ စတုတ္ထအကြိမ်အစည်း အဝေး ပထမနေ့ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေလီ လမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟို ဌာန (MPC)၌ ကျင်းပခဲ့သည်။


ဖေဖော်ဝါရီ ၂၂ မှ ၂၄ ရက်အထိ သုံးရက်တာ ကျင်းပသွားမည့် စတုတ္ထ အကြိမ်မြောက်JMC-U အစည်း အဝေးတွင် ပြည်ထောင်စုအဆင့်JMC-U၊ ပြည်နယ်/တိုင်းဒေသကြီး အဆင့်JMC-S၊ ဒေသန္တရအဆင့်JMC-Lတို့၏ ရုံးအဖွဲ့လုပ်ငန်းလမ်းညွှန် များ၊ အဆင့်အသီးသီး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ဆွေးနွေးအတည်ပြု ခြင်း၊ ဝန်ထမ်းရွေးချယ်ရေးဖွဲ့စည်းခြင်း နှင့် ဆွေးနွေးအတည်ပြုခြင်း၊ နိုင်ငံခြား ငွေစာရင်းဖွင့်လှစ်သည့် ကိစ္စရပ်များ၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူး တိုင်းဒေသကြီးတို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပေါ် ဆွေးနွေးအဖြေ ရှာခြင်း၊ တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)နှင့် အခြားကော်မတီများ ဖွဲ့စည်းမည့်ကိစ္စရပ်များ၏ လုပ်ထုံး လုပ်နည်းအချိန်ဇယားသတ်မှတ်ခြင်း၊ ပဉ္စမအကြိမ်ကျင်းပမည့် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) အချိန်သတ်မှတ်ခြင်းတို့ကို ဆွေးနွေးသွားမည်ဖြစ်သည်။

အစည်းအဝေးတွင် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မိမိတို့ကော်မတီ အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး (NCA) စာချုပ်ပါ အချက်များအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း၊ ယင်းသို့ အကောင်အထည်ဖော် ဆောင်ရွက် သည့်နေရာတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအားလုံး လေးစားလိုက်နာ ရမည့် အချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ခဲ့ကြ၍ တိုးတက် မှုများရှိလာသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ပါအချက်များဖြစ်သည့် တပ်ပိုင်း ဆိုင်ရာကျင့်ဝတ်၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အား အောက်ခြေအဆင့်ထိ တိတိ ကျကျသိရန်အတွက် ထိန်းသိမ်းလိုက်နာ တည့်မတ်ပေးသွားရန် မိမိအနေဖြင့် တင်ပြလိုကြောင်း၊ ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်က ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S)အား ရှမ်းပြည်နယ် ခိုလန် တွင် ပြည်ထောင်စုအဆင့်က ဖွဲ့စည်း ပေးခဲ့ပြီးဖြစ်ကြောင်း။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်နယ်မြေ တွေမှာ တိုက်ပွဲဖြစ်သည်များရှိကြောင်း၊ ဖေဖော်ဝါရီလအတွင်းက ရှမ်းပြည် နယ်မြောက်ပိုင်း ကျောက်မဲနှင့် နမ့်ဆန်မြို့နယ်များအတွင်း TNLA နှင့် ရှမ်းပြည်RCSS/SSA တို့ တိုက် ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ဇန်နဝါရီလ အတွင်းတွင် KNU တပ်မဟာ (၃) နယ်မြေ၌ ရွာသူရွာသားများအား ဖမ်းဆီးခေါ်ဆောင်သည့် ဖြစ်စဉ်၊ တပ်မဟာ(၅)နယ်မြေ၌လည်းအလားတူ ဖြစ်စဉ်တစ်ခုနှင့် တပ်မဟာ (၂)နယ်မြေ တွင် အလားတူဖြစ်ရပ်လေးများ တွေ့ရ ကြောင်း၊ နှစ်ကာလကြာရှည်စွာ ရင်ဆိုင်ဖြတ်သန်းနေရသည့် တိုင်းရင်း သားလက်နက်ကိုင်ပဋိပက္ခကို အဆုံး သတ်ဖို့လိုပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ ၏အရေးကြီးဆုံးအရာသည် တိုင်းရင်း သားစည်းလုံးညီညွတ်ရန်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ရရှိလာသောငြိမ်းချမ်းရေးကို ရေရှည်တည်တံ့ရန်ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ဆိုင်ရာကော်မတီအဆင့်ဆင့်သည် လိုက်နာရမည့် တာဝန်၊ စည်းကမ်း ချက်များနှင့်အညီ ငြိမ်းချမ်းစွာ ဆွေးနွေး ညှိနှိုင်းနိုင်သည့်နည်းကို အသုံးပြု၍ ဖြေရှင်းရန်လိုပါကြောင်း ပြောကြား သည်။

ဆက်လက်၍ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဒုတိယဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုးနှင့် ဒုတိယဥက္ကဋ္ဌ (၂) ဦးပြည့်စုံတို့က နှုတ်ခွန်းဆက် စကားများ ပြောကြားသည်။

ယနေ့ပြုလုပ်သည့်JMC-U ၏ပထမနေ့အစည်းအဝေးနှင့်ပတ်သက် ၍ JMC-U အတွင်းရေးမှူး ဗိုလ်မှူးကြီးဝဏ္ဏအောင်က ''ဒီနေ့က ပြည်ထောင်စုအဆင့်ရုံးအဖွဲ့ ဖွဲ့ဖို့ လုပ်ငန်းလမ်းညွှန်ပဲ ဆွေးနွေးနိုင်တယ်။ ဒါတွေလည်း မပြီးပြတ်သေးတော့ မနက်ဖြန် ဆက်ဆွေးနွေးမှာပါ။ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအဆင့် ဆိုပြီး ရုံးအဖွဲ့တွေအကုန် ဖွဲ့စည်း သွားမှာဖြစ်ပါတယ်။ အဲဒီအတွက် ဆက်ဆွေးနွေးမှာပါ''ဟု ပြောသည်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးဝဏ္ဏအောင်က ''မြေပြင် မှာဖြစ်နေတဲ့ အချို့နေရာတွေရှိပါ တယ်။ ဆက်ကြေးကောက်တဲ့ ပုံစံမျိုး လေးတွေပါ။ ရှမ်းပြည်မှာ TNLA နဲ့RCSS တို့ဖြစ်တာပါ။ တိုက်ပွဲ ဖြစ်တဲ့ဖြစ်စဉ်မှာ တပ်မတော်အနေနဲ့ မပါဝင်ပါဘူး။ ၂ဝ၁၂ ခုနှစ်တုန်းက RCSS/SSA နဲ့ ငြိမ်းချမ်းရေးလက်မှတ် ထိုးတုန်းက သတ်မှတ်ထားတဲ့နယ်မြေ ရှိပါတယ်။ အဲဒီနယ်မြေကို ပြောတာ ပါ။RCSS အနေနဲ့ သတ်မှတ်ထားတဲ့ နယ်မြေမှာပဲ နေထိုင်ဖို့၊ နယ်မြေ ကျော်လွန်သွားတော့ အခုလို မလိုလားအပ်တဲ့ ဖြစ်စဉ်လေးတွေ မဖြစ်အောင် နေထိုင်သွားဖို့ပါပဲ'' ဟု ဆိုသည်။

ယနေ့ပြုလုပ်သည့်JMC-U ၏ ပထမနေ့ အစည်းအဝေးသည် ညနေ ၅ နာရီတွင် ပြီးဆုံးခဲ့ပြီး ဒုတိယနေ့ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီတွင်MPC ၌ ဆက်လက်ကျင်းပမည်ဖြစ်သည်။

(သတင်း-ရဲခေါင်ညွန့်
ဓာတ်ပုံ-ဖိုးထောင်)

No comments:

Post a Comment