ယခင်အပတ်မှအဆက်
မန္တလေးအကြောင်း
ပြောကြပြီဆိုလျှင် စာရေးဆရာ ဆူးငှက်၏ “မန္တလေးမျဉ်းဖြောင့်များ” အကြောင်းက အခြားသော
မန္တလေးသား စာရေးဆရာ၊ စာရေးဆရာမကြီးများ၏ စာအုပ်များနည်းတူ မပါမဖြစ်ပြောဆိုခဲ့ကြရသည်။
အဘယ့်ကြောင့်ဆိုသော် သမိုင်းအစဉ် အလာကြီးမားသော မန္တလေးမြို့၏ပုံရိပ်များကို အပြောင်းအလဲမြန်
သည့် နှစ်ကာလများတွင် မျက်ခြည်မပြတ် ရသဟန်ဖြင့် မှတ်တမ်းတင်ခဲ့သောကြောင့်ဖြစ်သည်။ အတိတ်နှင့်ပစ္စုပ္ပန်ကို
ဆက်စပ်သုံးသပ်ပြသည့် ရေးဟန်ဖြစ်သည်။“မန္တလေးမျဉ်းဖြောင့်များ”ကို မြန်မာ့ဓန စီးပွားရေးမဂ္ဂဇင်းတွင်
၁၉၉၆ ခုနှစ် မေလထုတ်မှစတင်၍ လစဉ်မပြတ်ရေးသားခဲ့သည်ဟု မှတ်မိနေသည်။ ၂၀၁၁ ခုနှစ်ဝန်းကျင်
မြန်မာ့ဓနမဂ္ဂဇင်း မရပ်နားမီအထိ ရေးသားခဲ့ပုံရ သည်။ အပြောင်းအလဲမြန်လွန်းသည့် ၁၉၉၀ ပြည့်လွန်ကာလများ(ဝါ)
၂၁ ရာစု ကြိုကာလ များက မန္တလေးပုံရိပ်များသည်ပင် အခုတော့ သမိုင်းဖြစ်သွားပြန်ပါပြီ။
အဆိုပါကဏ္ဍမှ ကနဦးဆောင်းပါးများကို ၂၀၀၀ ပြည့်နှစ်က မန္တလေးစာအုပ်တိုက် အစီအစဉ်ဖြင့် ဆောင်းပါး
၁၄ ပုဒ်ကိုစုစည်းကာ “မန္တလေးမျဉ်းဖြောင့်များ” အမည်ဖြင့် စာအုပ်ထုတ်ဝေ ခဲ့ဖူးသည်။ အဆိုပါစာအုပ်ကိုပင်
၂၀၀၃ ခုနှစ်တွင် “The Straight Lines of Mandalay”အမည်ဖြင့် ဆရာရေချမ်း(မန္တလေး)က အင်္ဂလိပ်
ဘာသာသို့ ပြန်ဆို၍ ဥတ္တရလွင်ပြင် စာအုပ်တိုက်က ထုတ်ဝေဖူးသည်။
ဆက်လက်ရေးသားခဲ့သော
ဆောင်းပါးများကို မန္တလေးမျဉ်းဖြောင့်များ ဒုတိယတွဲအဖြစ် “ ၄၅ တာ၊ ၁၄ခန်း ဇရပ်နှင့်
၇ သံချီညချမ်း” အမည်နှင့် ရတနာပုံ စာအုပ်တိုက်က ၂၀၀၂ခုနှစ်တွင် ဆက်လက်ထုတ်ဝေခဲ့သည်။
ယခုတစ်ဖန် သမိုင်းဖြစ်သွား ပြန်လေသော “ မန္တလေး မျဉ်းဖြောင့်များ”ကို မြန်မာ့အလင်းက
ပြန်လည်ဖော်ပြအပ်ပါသည်။ လတ်တလော နှစ် ၂၀ အတွင်း မန္တလေးသည် ဘာတွေအမြတ်ရ၍ ဘာတွေဆုံးရှုံး
သွားလေပြီနည်း၊ ဘာတွေသင်ခန်းစာယူ၍ ဘာတွေဆင်ခြင်ရမည်နည်း၊ သင်္ခါရဟုဖြစ်စေ၊ ပြောင်းလဲခြင်းတရားဟုဖြစ်စေ၊
သုံးသပ်ရုံဖြင့် လုံလောက်မှုမရှိတော့တာက သေချာပါပြီ။ ထို့ကြောင့် ရှားပါးစာအုပ်ဖြစ်နေသော
“ ၄၅ တာ၊ ၁၄ ခန်းဇရပ်နှင့် ၇ သံချီညချမ်း” ကို သမိုင်းအဖြစ် ပြန်လည်ဆင်ခြင်နိုင်ရန်
မပြုမပြင် မတည်းမဖြတ် ပြန်လည်ဖော်ပြအပ်ပါ ကြောင်း။
ဒေါ်ဩဘာသောင်းသည်
ကဗျာလွတ်ကကွက်များကို တီထွင်ရာတွင် စည်းစနစ်ဖြင့် စနစ် တကျ တီထွင်ခဲ့ခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော်
ပန်တျာတွင် သင်ရိုးညွှန်းတမ်းအဖြစ် သင်ကြားရန် တီထွင်ခဲ့ခြင်း ကြောင့် အခြေခံမှစ၍ တစ်ဆင့်ပြီးတစ်ဆင့်
နက်နဲ ခက်ခဲမှုကို မြှင့်တင် ထားခြင်းဖြစ်သည်။ တစ်ဆင့်စီတွင် ရှိသော ကကွက် ၂၅ ကွက်စီကို
လေ့လာ ကြည့်သောအခါ ပထမအဆင့်တွင် “ခေါင်း ခါး ခြေ လက် ဤလေးချက် မပျက်မူရင်း ထိုကခြင်း”
ဟူသော သီတန်အတိုင်း စည်းစနစ်ကျန ခွင်ထားမှန်ကန်စွာ ကခွင်ခင်းပြီး အဆုတ်အတက် အလှည့်အပြောင်း
အခြေခံများ ပါဝင်၏။
ဒုတိယအဆင့်
၂၅ ကွက်သည် ပညာရှင်များ တတ်ထားသင့် တတ်ထားထိုက်သည့် အရုပ် ကြိုးကကွက်များ ပါဝင်၏။ တတိယအဆင့်က
အငြိမ့်မင်းသမီး၊ ဇာတ်မင်းသမီး ကကြိုးများ ဖြစ်သည်။ သွက်သွက် လက်လက်ဖြင့် ကရသော အဝေ့အဝိုက်၊
အထိုင်အထ၊ အလူး အလိမ့်၊ အမြူးအကြွ ကကြိုးများဖြစ်သည်။
စတုတ္ထအဆင့်ကမူ
ပြီးခဲ့သည့်အဆင့် သုံးဆင့်တွင် ပါဝင်သော ကကြိုးကကွက်များကို ဖြည့်ဆည်းအမွမ်းတင်ထားကာ
ဟန်များ၊ မင်မောင်းများ ထည့်ထားပြီး စည်းလေးကြီး များတွင် ဟန်ထည့်ကရသည့် အလေးအနက် ကကြိုးကြီးများ
ဖြစ်သည်။ သူကိုယ်တိုင် အငြိမ့်မင်းသမီးဘ၀မှာ ကပြခဲ့သော အရုပ်ပုတီးခတ် ကကွက်များလည်း
အသားပေး ထည့်သွင်းခဲ့သည်။
ပဉ္စမအဆင့်မှာမူ
မြန်မာအကတွင် မပါမဖြစ်သော ရှေးရိုးတစ်ပင်တိုင်အကခေါ် ယိုးဒယား အကကို ပုတီးခတ်အကများဖြင့်
ထည့်သွင်းထားခြင်းဖြစ်၏။ ထိုကကြိုး ၁၂၅မျိုးသည် မြန်မာအကနယ်ပယ်မှာ အဓိကကျသော ကကြိုးကကွက်များ
စုံစုံလင်လင် ကကြိုးပါဝင်၏။ စည်းဝါးကလည်း ၀ါးလတ်စည်း၊ စည်းသုံးချက်၊ ၀ါးသုံးချက်၊ ကပြချိန်ဆယ်မိနစ်
အတိ အကျရှိသည်။ နရီစည်းအစိပ်အကျဲ…၊ စည်းအလေးများ ပါဝင်သည်။
ထို့ကြောင့်
ကဗျာလွတ်ကကွက်ကိုသာ ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက် လျှင် မည်သည့်မြန်မာကကြိုးမဆို
လွယ်လင့်တကူ ကပြနိုင်သည်။ မည်သည့် မြန်မာ သီချင်း၊ တေးသွား၊ သံစဉ်တွင်မဆို ဝင်ရောက်ကပြနိုင်သည်။
တကယ်တော့
ကဗျာလွတ်သည် မြန်မာအကဗေဒဖြစ်၏။ သူ၏ ထူးခြားမှုတစ်ခုကလည်း ဒိုးဆရာ၊ စည်း၊ ဝါးနှင့် ကပြသူ
သုံးဦးဖြင့်လည်း ကပြနိုင်သလို...လူပေါင်းရာချီ၊ ထောင်ချီ၍လည်း ကပြနိုင်သည်။
ဒေါ်ဩဘာသောင်းသည်
ကဗျာလွတ်ကကွက်များကို တီထွင်ခြင်း ဆိုသည်ထက် “ဆန်းသစ်ခြင်းဖြင့် တီထွင်သည်”ဟု ဆိုရမည်။
ရှိနေသော ကကြိုးကကွက်များကို စုစည်းခြင်း၊ စုစည်းပြီးကကွက်များ ဆီလျော်အောင် အစီအစဉ်ပြုခြင်း၊
စည်းစနစ် မကျခဲ့သည်ကို စည်းစနစ်ကျစေခြင်း၊ မလှမပသည်ကို လှပအချိုးကျစေခြင်း၊ ပိုသည်နုတ်၊
လိုသည်ဖြည့်ခြင်းနှင့်အတူ နိုင်ငံတကာ အကများကိုလည်း မြန်မာမှုပြု ဆန်းသစ်ခြင်းတို့ ပါဝင်လေသည်။
ကဗျာလွတ်ကကွက်များကို
ဒေါ်ဩဘာသောင်းသည် စတုတ္ထအဆင့်နှင့် ပဉ္စအဆင့်များ တီထွင်ပြီးချိန်၌ ၁၉၆၇ ခုနှစ် ဇွန်လ
၁၉ ရက် ရောက်သောအခါ ပြည်ထောင်စု ယဉ်ကျေးမှု ကောင်စီက...
“မြန်မာ့အနုပညာလောကတွင်
အသက်အရွယ်ကြီးရင့်သူ ပညာရှင်များ၏ အနုပညာသည် များကို နောင်အခါ တိမ်ကောပပျောက်သွားခြင်း
မဖြစ်စေရန်အတွက် ၎င်းတို့ထံမှ လေ့လာ သင်ယူ ထိန်းသိမ်းခြင်း၊ တစ်ဆင့် ဖြန့်ဖြူးသင်ကြားပေးခြင်းတို့
ပြုလုပ်ဆောင်ရွက်ရန်နှင့် ထိုလုပ်ငန်းကို အကောင်အထည်ဖော်ရန်အတွက် မြန်မာ့သဘင်လောကတွင်
ထင်ရှား ကျော်ကြား၍ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော မန္တလေးမြို့ အနုပညာပန်တျာနှင့် အကကျောင်းမှ
အငြိမ်းစားအကနည်းပြ ဆရာမကြီး ဒေါ်ဩဘာသောင်း၏ အခြေခံကကြိုး ကကွက်များမှ ကနည်းကဟန်အမျိုးမျိုးတို့ကို
ရုပ်ရှင်ရုပ်သေတို့ဖြင့် ရိုက်ကူးမှတ်တမ်း တင်၍” ဟုဆိုကာ ရန်ကုန်မြို့ ယဉ်ကျေးမှုရိပ်မြုံတွင်
ဆရာမကြီး ဒေါ်ဩဘာသောင်းနှင့် အတူ နောက်ဆုံးတပည့် ခင်ဝင်းနွယ်တို့ကို ခေါ်ယူပြီး ပန်းချီ၊
ဓာတ်ပုံတို့ဖြင့် မှတ်တမ်းတင်ခဲ့ သည်။ ကကွက်တစ်ကွက်ချင်းကို မြင်ကွင်းအမျိုးမျိုးမှ
ဓာတ်ပုံဖြင့် စနစ်တကျမှတ်တမ်း တင်၏။ ပန်းချီစကက်ခ်ျဖြင့် မှတ်တမ်းတင်၏။ ဓါတ်ပုံအရေအတွက်
ပေါင်း ၄၇၄၃ ပုံ၊ စကက်ခ်ျ အရေအတွက်ပေါင်း ၁၆၁၇ ပုံ ရှိခဲ့သည်။ ရုပ်ရှင်ဖလင်ကော်ပြားဖြင့်လည်း
စမ်းသပ်မှတ်တမ်းတင်ပြီးပြီဟု သိရ၏။
၁၉၆၇
ခုနှစ် ဧပြီလမှ စတင်ခဲ့သော ဤလုပ်ငန်းသည် ၁၉၇၁ ခုနှစ် ဇွန်လတွင် ခေတ္တရပ်နား ခဲ့လေသည်။
ဤကာလအတောအတွင်းတွင် ၁၉၆၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင်မူ ရန်ကုန်မြို့၌ မှတ်တမ်းတင်ခဲ့ခြင်းလုပ်ငန်းကို
မန္တလေးမြို့ အနုပညာပန်တျာနှင့် အက ကျောင်း၌ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်
ဒေါ်သြဘာသောင်း၏ ကဗျာလွတ်များကို မှတ်တမ်း တင်ခြင်းလုပ်ငန်းသည် ပြီးစီး၍ ရပ်သွားခြင်းလား၊
မပြီးစီးဘဲ ရပ်သွားခြင်းလား စဉ်းစားဖွယ်ဖြစ်သည်။
၁၉၈၀
ပြည့်နှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် “ဒေါ်သြဘာသောင်း၏ ကဗျာလွတ်ကကွက် များ ပထမဆင့်”
စာအုပ်ထွက်ပေါ်လာသည်ကို တွေ့ရ၏။ ဓာတ်ပုံပေါင်း ၁၅၀ ကျော်၊ ပုံကြမ်း ၈၀ကျော်နှင့်အတူ
ဒိုးတီးကွက်များကိုလည်း ကမ္ဘာ့သင်္ကေတများဖြင့် ပြုစုဖော်ပြ ထားသည်။ ယင်းစာအုပ်သည် ကိုးနှစ်ကျော်ကြာမှ
ထုတ်ဝေခြင်းဖြစ်သော်လည်း မှတ်တမ်း မှတ်ရာများ ပြန်လည်စုစည်းရခြင်းကြောင့် ဖြစ်ပုံရသည်။
အမှားအယွင်းအတိမ်းအစောင်း များစွာ ပါဝင်သည်ဟု ကြားဖူးပါသည်။
ကျွန်တော်သည်
အရှေ့ကျုံးလမ်းပေါ်မှ ပန်တျာကျောင်းဆီ လှမ်းမျှော်ကြည့်နေမိသည်။ အခုတော့ ပန်တျာကျောင်းသည်
သစ်လွင်ခံညားသော အဆောက်အအုံကြီးများဖြင့် ၀င့် ထည်လျက်ရှိ၏။ ငယ်စဉ်က ရောက်ဖူးသော ပန်တျာကျောင်းဝင်းနှင့်
ဘာမှမဆိုင်တော့… ပန်တျာကျောင်းဝင်းကြီးကို ငေးကြည့်မိရင်း ကဗျာလွတ် ဗုံသံလေးမျးကို
ကြားယောင်နေမိ သည်။ သျှောင်ပေစူးနှင့် ကျောင်းသူလေးများအလယ် အသားတော်ညိုပြာညက်နှင့်
“ပုတက်တက် မဲနက်ညိုရောင်” ဆရာမကြီး ဒေါ်ဩဘာသောင်းကိုလည်း မြင်ယောင်နေမိ သည်။
နှစ်စဉ်ကြည့်ရှုခဲ့ရသော
ကျောင်းဆင်းပွဲပဒေသာအကများလည်း သတိရနေမိသည်။ “ဇာမဏီမို့…ထူးထူးခြားခြား နတ်မြင်းပျံတဲ့ဟေ့
မြူးကြွားကြွား…”ဟုဆိုကာ မြင်းခေါင်း လေးတွေ ခါးပုံမှာချိတ်ပြီး နှင်တံလေးတွေ ၀င့်ကာဝင့်ကာနှင့်
ပြေးလွှားကပြနေသော မင်းသားလေးများကို သဘောကျသည်။ မြိုင်ကြီးဟေမာ ယိုးဒယားဖြင့် ယိမ်းကကြသော
ကျောင်းသားနှင့် ကျောင်းသူလေး၏ “ပန်းမြိုင်ခြေစခန်းမှာလှ” အစချီ မြိုင်ထအကများ ကိုလည်း
နှစ်သက်ခဲ့သည်။
ကလေးဘ၀က
မိဘများရင်ခွင်မှနေ၍ ကြည့်ခဲ့ရသော ကျောင်းဆင်းပွဲများမှ ကျောင်းသူ လေးများသည် ကျွန်တော်တို့
လူပျိုပေါက်အရွယ်ရောက်သောအခါ မန္တလေးအငြိမ့်စင်များ၌ နာမည်ကျော် မင်းသမီးကြီးတွေ ဖြစ်ကုန်ကြတော့၏။
ဘဲလေးကြည်တဲ့…၊ ကြူကြူမော် တဲ့...၊ ပြုံးချိုတဲ့...၊ ပန်တျာနွဲ့နွဲ့သန်းတဲ့...၊ မြတ်မွန်စန်း
...တဲ့။
ထိုစဉ်က
ယခုအမျိုးသားဇာတ်ရုံကြီး တည်ဆောက် ထားသော နေရာသည် မြက်တောများ ပြိုင်းပြိုင်းထနေသည့်
ကွက်လပ်ကြီးဖြစ်၏။ ၁၉၈၀ ၀န်းကျင်ကာလများ…။ နောင်နှစ်နှစ်ကြာ လျှင် နေမျိုးဗလကျော်သူဘွဲ့ရ
ရွာစားကြီးစိန်ဗေဒါသည် ဆိုင်းမျိုးရိုးဖြစ်၏။ ရှေးဘုရင်လက် ထက်တော်က အတွင်းတော်တီး
လက်ယာစိန်ဆိုင်းအမှုထမ်း ဆီဆုံရွာစား “နေမျိုးကျော် ခေါင်”ဘွဲ့ရ ဆရာဖေကြီး၏ သားဖြစ်သည်။
စိန်ဆိုင်းဆိုသည်မှာ
အတော်ဆုံးဆိုင်းဆရာကိုသာ ရှင်ဘုရင်တီးခွင့်ပြုသည့် ဆိုင်းဝိုင်း ဖြစ်၏။ ဆိုင်းဝိုင်းကြီးတွင်
မှန်စီရွှေချများ၌ အခြားအရောင်များကို မစီခြယ်စေဘဲ အဖြူရောင် ချည်း စီခြယ်ထားခြင်းဖြစ်သည်ဟု
ဆို၏။ ထိုစဉ်က အတွင်းတော်တီး ဆိုင်းသုံးမျိုး သုံးစားမှာ စိန်ဆိုင်း၊ မြဆိုင်း၊ ပတ္တမြားဆိုင်းဖြစ်သည်။
စိန်ဆိုင်းက ဘုရင့်ရှေ့တော် တီးဆိုင်း ဖြစ်သည်။ မြဆိုင်းက မိဖုရား ရှေ့တော်တီးဆိုင်းဖြစ်ကာ
ပတ္တမြားဆိုင်းက အိမ်ရှေ့မင်း ရှေ့တော်တီးဆိုင်းဖြစ်သည်ဟု မှတ်သားရသည်။ စိန်ဆိုင်းကို
မှန်အဖြူများနှင့်ချည်း ခြယ် သလို၊ မြဆိုင်းကိုလည်း မှန်အစိမ်းရောင်များချည်း ခြယ်သရ၏။
ထို့အတူ ပတ္တမြားဆိုင်း ကိုလည်း မှန်အနီများနှင့်ချည်း ခြယ်သရသည်ဟု ဆို၏။
အတွင်းတော်တီး
ဘုရင့်ဆိုင်းကို ဘုရင်က မြှောက်စားလျှင် ဆိုင်းဝိုင်းကြီးတွင် ဆိုင်းဘယ် နှချက်တပ်ဆင်စေ၊
အလံဘယ်နှလက်ထိုးစေ၊ ဖန်အိုးဘယ်နှလုံးစိုက်စေဟု ဆိုကာ ဆိုင်းတော်၏ အဆောင်အယောင်များအဖြစ်
ချီးမြှင့်ခွင့်ပြုခဲ့သည်။ စိန်ဆိုင်းမျိုးနွယ် ဦးဗေဒါ သည်ကား ထိုခေတ်က ပြိုင်စံရှားဆိုင်းဆရာကြီးဖြစ်၏။
ရွာစားကြီး စိန်ဗေဒါသည် ၁၉၄၂ ခုနှစ်က ကွယ်လွန်ခဲ့လေသည်။
မန္တလေးတွင်
ဆိုင်းဘုရားဟု သမုတ်ကြသော မြန်မာ့ဆိုင်းဝိဇ္ဇာကြီး စိန်ဗေဒါ ကွယ်လွန် အနိစ္စရောက်ပြီးနောက်
မန္တလေးအနုပညာရှင်များက မန္တလေးတွင် ရွာစားကြီးစိန်ဗေဒါကြေး ရုပ်ရှိသင့်သည်ဟု သဘောရကြ၏။
ထို့ကြောင့် ရွာစားကြီး၏ဇနီး ဒေါ်စိန်မေနှင့်တကွ ဆရာ၏ တပည့်သားမြေးများ လူထုဦးလှ၊ လူထုဒေါ်အမာ
ဦးဆောင်သော မန္တလေးစာပေ အနုပညာရှင်များ၊ မန္တလေးမြို့သူမြို့သားများ ဝိုင်းဝန်းကြပြီးနောက်
စိန်ဗေဒါကြီး ကြေးရုပ် သွန်းလုပ်ရန် ၁၉၆၈ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့ကြလေ သည်။ ကြေးရုပ်ကြီး
အတွက် လိုအပ်သော ဘဏ္ဍာရေးငွေကြေးများကို စိန်ဗေဒါကြီး၏ တပည့်သားမြေးများက အားတက် သရော
ထည့်ဝင်ကြသလို အငြိမ့်အဖွဲ့များ၊ ဇာတ်အဖွဲ့များကလည်း ထည့်ဝင်ကြသည်။ ထိုစဉ်က မန္တလေးနှင့်
နှစ်ကိုယ့် တစ်စိတ်နေခဲ့သော နှစ်ကိုယ့်တစ်စိတ်နေခဲ့သော ရုပ်ရှင် မင်းသားဝင်းဦး ကလည်း
ထည့်ဝင်ခဲ့သည်။ မန္တလေးမြို့မိမြို့ဖများကလည်း ထည့်ဝင်ကြ သည်။ ရန်ကုန်ဇာတ်အဖွဲ့၊ သဘင်အဖွဲ့များကလည်း
ထည့်ဝင်ကြသည်။
ကြေးရုပ်တုကြီး
သွန်းလုပ်ရန်ကိုမူ တမ္ပ၀တီရပ်ရှိ ပန်းပုဆရာကြီး ဦးကျော်ငြိမ်းထံ အပ်နှံခဲ့ကြသည်ဟု သိရ၏။
ဆရာကြီး ကိုကျော်ငြိမ်းကား ထိုစဉ်က မန္တလေးပန်တျာနှင့် ပန်းချီပန်းပုကျောင်းတွင် ပန်းပုနည်းပြ
ဆရာကြီးဖြစ်သည်။ သူ့သားကား ယနေ့မှာ နာမည် ကျော် မြန်မာဗိသုကာနှင့် ပန်းချီပန်းပုဆရာကြီး
ဦးဝင်းမောင် (တမ္ပ၀တီ)ဖြစ်သည်။ ဦးကျော်ငြိမ်း၏ ဖခင်ကား ပန်းပုဆရာကြီး ဦးဒေါနဖြစ်၏။
စိန်ဗေဒါကြီးကြေးရုပ်မှာ
ထိုစဉ်က သွန်းလုပ်လေ့ ရှိကြသော ကြေးရုပ်များနှင့်မတူဘဲ တစ်မူ ထူးသည်။ ကိုယ်တစ်ပိုင်းပုံ
ကြေးရုပ်ကြီးဖြစ်၏။ ထို့ပြင် ခေါင်းပွသွန်းလုပ်ခြင်းမဟုတ်ဘဲ အပိတ်အပြည့်သွန်းခြင်းဖြစ်သည်။
ထို့ကြောင့် ကမ္ဘာတည်သရွေ့ တည်နေပေမည်။ ကြေးရုပ်ကြီးကို ဆရာဦးကျော်ငြိမ်းနှင့် သားကိုဝင်းမောင်(တမ္ပ၀တီ)တို့က
ပုံစံငယ် ဖယောင်းပုံ ထုလုပ်ပြီးနောက် ဒေါ်စိန်မေနှင့်တကွ လူထုဦးလှ၊ လူထုဒေါ်အမာတို့
အပါအဝင် ကြေးရုပ် သွန်းလောင်းရေး ကော်မတီဝင်များကို ပြသသည်။ ပုံစံငယ်ကတည်းက အားလုံးက
နှစ်သက်နေ၏။ ရွာစားကြီးဇနီး ဒေါ်စိန်မေသည် ထိုစဉ်က အမြင်အာရုံချို့ယွင်းစ ပြုနေသော်
လည်း ကြေးရုပ်ကြီး၏ မျက်နှာကို လက်ဖြင့်ပွတ်သပ်စမ်းကြည့်ရင်း တူလွန်းလို့ဟုဆိုကာ မျက်ရည်တွေ
ကျသည်ဟု ကြားဖူးပါသည်။
ပုံစံငယ်အတိုင်း
သတ်မှတ်ထားသည့်အရွယ် ကြေးရုပ်ကြီးသွန်းလောင်းသည်။ ပြီးသောအခါ တွင်လည်း ဒေါ်စိန်မေသည်
ကြေးရုပ်ကြီးမျက်နှာကို ပွတ်သပ်ကြည့်ကာ ပီတိဖြစ်နေသည် ဆို၏။
ကြေးရုပ်ကြီး
သွန်လောင်းပြီးသောအခါ လိုက်ဖက်သော ခံ့ညားသည့် အောက်ခံ ခုံဒီဇိုင်းကို လည်း ဗိသုကာဦးကျော်လတ်က
တစ်ပါတည်း ရေးဆွဲပေးသည်။ ထိုခုံကြီးကား မန္တလေးမြို့ မြောက်ဘက် စကျင်တောင်မှ ထွက်သော
နာမည်ကျော် စကျင်ကျောက်တုံး ကြီးတစ်တုံး တည်းကို ထုလုပ်ပုံလောင်းထားသော ခုံကြီးဖြစ်သည်။
ထို့နောက် ကြေးရုပ်ကြီး စိုက်ထူမည့် နေရာကို ရွေးချယ်ကြသည်။ အားလုံးသဘောတူကြသည်။ အရှေ့
ကျုံးလမ်းနံဘေး ပန်တျာ ကျောင်းဝင်းကြီးအတွင်း၌ပင် ဖြစ်၏။
မြက်တောကြီးဖြစ်နေသော
ကွင်းပြင်ကြီးတွင် ရင်ပြင်ကြီးပြုလုပ်ပြီး ကြေးရုပ်ကြီးစိုက်ထူ လိုက်ရလျှင် အလွန်အဆင်ပြေလှပေသည်။
အနောက်ဘက် နန်းမြို့ကြီးဆီ လှမ်း၍ ကြည့်နေသော ရွာစားကြီးသည် အတွင်းတော်တီး စိန်ဆိုင်းအမှုထမ်း
ဆရာဖေကြီးကို လွမ်းဆွတ်နေသလော...။
သို့တည်းမဟုတ်
နေမျိုးဗလကျော်သူဘွဲ့ ချီးမြှင့်ပေးသနားသည့် ရတနာဂီရိလွန် အရှင်နှစ်ပါးကို သတိရနေ သလော...မသိ...။
အားလုံးက
ထိုနေရာကို သဘောကျကြသောအခါ ကြေးရုပ်နောက်ခံနှင့် ပတ်ဝန်းကျင် အနေအထားများကို ဗိသုကာဦးကျော်လတ်က
အသေးစိတ် ရေးဆွဲစီစဉ်ပေးထား၏။ ထို့ကြောင့် ၁၉၈၂ ခု ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် စိန်ဗေဒါကြီး
နှစ် (၁၀၀)ပြည့်မွေးနေ့ အဖြစ် ပန်တျာကျောင်းဝင်းကြီးအတွင်း သတ်မှတ်နေရာတွင် ကြေးရုပ်စိုက်ထူကာ
ဖွင့်ပွဲကြီး ဝှဲချီးကျင်းပကြ သည်။ ကြေးရုပ်နောက်ခံ စင်မြင့်ကို ရေးဆွဲထားသည့်ပုံစံအတိုင်း
မတည် ဆောက်ရသေးသောကြောင့် သုံးထပ်သားများဖြင့် ယာယီတည်ဆောက်ထား၏။
ကြေးရုပ်ကြီးသည်
အနောက်ဘက်မျက်နှာလှည့်ဖြစ်၍ နံနက်ခင်း တွင် ကြေးရုပ်ကို နေရောင်အနှောင့်အယှက်မရှိ လှမ်းကြည့်နိုင်ရန်
စင်မြင့်ဒီဇိုင်းက ကြေးရုပ်နောက်ကျောမှာ စက်ဝိုင်းခြမ်းပုံကြီးဖြစ်၏။ ယင်းစက်ဝိုင်းခြမ်းကြီးတွင်
ပတ်လုံး ၂၁လုံး အခံများကို မူလ အရွယ်အစားအတိုင်း ဒီဇိုင်းဇော်ထားသည်။
ဖွင့်ပွဲကို
သုံးနေ့သုံးည ဆက်တိုက်ကျင်းပသည်။ ရာပြည့်စာတမ်းများ ဖတ်ကြားခြင်းနှင့်အတူ ညစဉ် ဆိုင်းအဖွဲ့
၂၀ ကျော် ၃၀ က အလှည့်ကျ မဲနှိုက်ပြီး လာရောက်တီးမှုတ် ဂါရ၀ ပြုကြသည်။
ယခု
အမျိုးသားဇာတ်ရုံကြီးအနောက်ဘက် မျက်နှာစာတွင် ၁၉၉၉ ခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့က စိန်ဗေဒါကြီးကြေးရုပ်
ကို ပြန်လည် စိုက်ထူထားလေပြီ။
(၄၅
တာ၊ ၁၄ ခန်းဇရပ်နှင့် ၇ သံချီညချမ်း အခန်းဆက် ဆောင်းပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း
ဖော်ပြပါမည်။)
No comments:
Post a Comment