မြန်မာနိုင်ငံသည် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်လာသည့်
အလျောက် မြန်မာနိုင်ငံ ၏ ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုး တက်လျက်ရှိသည်။ ယခုအခါတွင်
ခရီးသွားကုမ္ပဏီများ အနေဖြင့် ပြည်တွင်း ခရီးစဉ် (Inbound Tour) အပြင် ပြည်ပခရီးစဉ်
(Outbound Tour) များအတွက်ပါ ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာနမှ လိုင်စင်များပြုလုပ်ပေးလျက်ရှိကြောင်း
သိရသည်။
မြန်မာနိုင်ငံသားများအနေဖြင့်လည်း ပြည်ပသို့သွားရောက်သည့်
ခရီး သွားဦးရေ တစ်နှစ်ထက်တစ်နှစ် များပြားလာလျက်ရှိရာ အပန်းဖြေခရီး၊ ဘုရားဖူးခရီး၊
ကျန်းမာရေးအတွက် ဆေးဝါးကုသရန်သွားရောက်သည့် ခရီးများနှင့် ပညာသင်သွားရောက်သည့် ခရီးစဉ်များတွင်
ခရီးသွားကုမ္ပဏီ များ၏ ဝန်ဆောင်မှုများဖြင့် ခရီးသွားသည့်အရေအတွက် များပြားလာကြောင်း
သိရသည်။
''မြန်မာနိုင်ငံသားတွေ ပြည်ပကိုသွားရောက်တဲ့အခါမှာ
အရင်က ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ထုံးလုပ်နည်းဥပဒေမှာ ခရီးသွားကုမ္ပဏီ က ပြည်တွင်းခရီးစဉ်
(Inbound Tour)၊ ပြည်ပခရီးစဉ် (Outbound Tour) လိုင်စင်ဆောင်ရွက်ခွင့် ရှိပါတယ်။ ဒါပေမယ့်
ကျွန်တော်တို့က နိုင်ငံတော် စည်းမျဉ်းစည်းကမ်းနဲ့အညီ ညွှန်ကြားချက်မရရင် ဆောင်ရွက်ခွင့်မရှိတဲ့
အတွက် နိုင်ငံရဲ့အခြေအနေအရ Outbound Tour လိုင်စင်ကို ခွင့်ပြုမပေး ခဲ့ပါဘူး။ အခုတော့
မြန်မာပြည်က ခရီးသွားတဲ့ဦးရေများလာတဲ့အပြင် ကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုကိုယူပြီး သွားတဲ့ခရီးသွားတွေများတဲ့အတွက်
၂ဝ၁၃ ခုနှစ် နောက်ပိုင်းမှာ ပြည်ပခရီးစဉ်လိုင်စင်ထုတ်ပေးဖို့ စည်းမျဉ်း စည်းကမ်းတွေ
ထုတ်ပေးခဲ့တာဖြစ်ပါတယ်''ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၊ ဟိုတယ်လုပ်ငန်းနှင့်
ခရီးသွားလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှု ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က ပြောကြားသည်။
ဆက်လက်၍၄င်းက ''အဲဒီလို ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေနဲ့
ခရီးသွား တဲ့ဦးရေများလာတဲ့အတွက် တကယ်လို့ ကုမ္ပဏီတွေကို ဥပဒေနဲ့အညီ လိုင်စင် ထုတ်ပေးနိုင်ရင်
ကုမ္ပဏီကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ကိုင်ထားမယ်ဆိုရင် သွားတဲ့လူလည်း အာမခံချက်ရှိတယ်။
ခရီးသည်တွေ နိုင်ငံခြားမှာ တစ်ခုခု ဖြစ်တယ်၊ ကုမ္ပဏီအားနည်းချက်ရှိတယ်ဆိုရင် သက်ဆိုင်ရာကုမ္ပဏီကို
ကြပ်မတ်လို့ရတယ်။ ဖြေရှင်းပေးလို့ရတယ်။ ဒါက ခရီးသွားတွေအတွက် အဆင်ပြေတဲ့အချက်ဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့လည်း သူ့မှာပြည်ပခရီး လိုင်စင် တရားဝင်ရှိရင် ပြည်ပမှာရဲရဲတင်းတင်းနဲ့
ဥပဒေကြောင်းအရ လုပ်မယ်ဆိုရင်လည်း ခိုင်ခိုင်မာမာပြောလို့ရမှာဖြစ်ပါတယ်''ဟု ပြောကြား
သည်။
ယခင်က ပြည်ပခရီးစဉ် (Outbound Tour) အတွက်
ကုမ္ပဏီများကို လိုင်စင်ထုတ်ပေးခြင်းမရှိခဲ့သည့်အတွက် လုပ်ကိုင်ဆောင်ရွက်ရာတွင် အခက်အခဲများရှိခဲ့ကြောင်း၊
ယခုပြုလုပ်ပေးနေသည့် ပြည်ပခရီးစဉ်လိုင်စင် မှာ ခရီးသွားများနှင့် ကုမ္ပဏီများအတွက်ပါ
အကျိုးရှိစေရန် အတွက် ပြုလုပ် ပေးနေ သည့် လိုင်စင်ဖြစ်ကြောင်း သိရသည်။
''ဒီပြည်ပခရီးစဉ် လိုင်စင်ချပေးဖို့အတွက်
၂ဝ၁၃ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့မှာခရီးသွားကုမ္ပဏီတွေ၊ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့
ကျွမ်းကျင်သူတွေ၊ စိတ်ပါဝင်စားသူတွေပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ပြု လုပ်ခဲ့ပါတယ်။
အဲဒီကရလာတဲ့ရလဒ်တွေကနေ ကျွန်တော်တို့ဝန်ကြီး ဌာနက စည်းမျဉ်းစည်းကမ်းတွေပြန်ဆွဲခဲ့ပါတယ်။
စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲတဲ့အခါမှာလည်း
အာဆီယံနိုင်ငံတွေ၊ ကိုယ့်နိုင်ငံနဲ့ အလေ့အထတူတဲ့ နိုင်ငံတွေက စည်းမျဉ်းစည်းကမ်းတွေကိုယူပြီး
စည်းကမ်းတွေ ရေးဆွဲခဲ့ပါ တယ်။ အဲဒီစည်းကမ်းတွေထဲမှာ ပထမစီစဉ်ထားတာက ပြည်ပမှာခရီးသည်
တစ်ယောက် တစ်စုံတစ်ခုဖြစ်သွားရင် ကုမ္ပဏီက တာဝန်ယူဖြေရှင်းရမှာ တွေရှိတယ်။ မဖြေရှင်းနိုင်ခဲ့ရင်
မြန်မာပြည်မှာ ဘဏ်အာမခံချက်ထားရမယ် ဆိုပြီး သတ်မှတ်လိုက်တယ်။
''အိမ်နီးချင်းနိုင်ငံတွေကိုကြည့်ပြီး
ပထမဆုံးသိန်းငါးရာ အာမခံချက် ထားရမယ်ဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ နောက်ပြီး ခရီးသွားလုပ်ငန်း
အတွေ့ အကြုံ ပြည်တွင်းခရီးစဉ် လိုင်စင်အနည်းဆုံး နှစ်နှစ်ရှိရမယ်ဆိုပြီး သတ်မှတ် ခဲ့ပါတယ်။
အဲဒီလိုသတ်မှတ်ပြီး ခရီးသွားလုပ်ငန်းရှင်တွေနဲ့ ချပြဆွေးနွေးတဲ့ အခါမှာ တချို့ကုမ္ပဏီတွေက
အသေးစားလုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့ အတွက် ဘဏ်အာမခံကြေး ကျပ်သိန်းငါးရာဆိုရင် သူတို့မှာအခက်အခဲ
ရှိတဲ့အတွက် သိန်းတစ်ရာထားပေးပါလို့ တောင်းဆိုတဲ့အတွက် ကျပ်သိန်း တစ်ရာနဲ့ဖြေလျှော့ပေး
ခဲ့ပါတယ်။ ဘဏ်အာမခံကြေး သိန်းတစ်ရာ ထားရှိ ရမယ်ဆိုပြီး ပြန်လည်ပြင်ဆင်ပေးခဲ့ပါတယ်။
ဒါပေမယ့် အချို့ကုမ္ပဏီတွေ က သိန်းတစ်ရာဆိုရင်လည်း ခက်ခဲနေသေးတဲ့အတွက် ထပ်မံတောင်းဆို
မှုတွေ ရှိလာတဲ့အတွက်ကြောင့် ကျွန်တော်တို့ဝန်ကြီးဌာနက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရယ်၊
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ရယ်ကို ချပြခဲ့ပါတယ်။ မဖြစ်မနေ အာမခံက
တစ်ခုခုထားရမှာဖြစ်တဲ့အတွက် တင်ပြလာတဲ့လုပ်ငန်းရှင်တွေကို ပြည်ပခရီးစဉ်မှာ ခရီးသွားတွေ
တစ်စုံတစ်ခု ဖြစ်လာခဲ့ရင် ပြေလည်သည်အထိ ဖြေရှင်းဆောင်ရွက်ပေးရမယ်ဆိုတဲ့ ကတိဝန်ခံချက်ပြုလုပ်ရမယ်ဆိုပြီး
ဝန်ကြီးဌာနက ဖြေလျှော့ မှုတွေပေးခဲ့ ပါတယ်။
''နောက်ပြီး ကတိဝန်ခံချက်ကို ပိုမိုခိုင်မာအောင်တရားရုံးမှာ
ကျမ်းကျိန် လွှာပြုလုပ်ရမယ်ဆိုပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက စည်းမျဉ်းစည်းကမ်းတွေ
ရေးဆွဲခဲ့ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲ ပြီးတဲ့နောက်မှာ အစိုးရအဖွဲ့ကို တင်ပြခဲ့ပါတယ်။
အစိုးရအဖွဲ့ကသဘောတူ ခွင့်ပြုတာနဲ့ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၃ဝ ရက်မှာ အသင်းကို အကြောင်းကြားလိုက်ပါတယ်။
အဲဒီလို အကြောင်းကြားလိုက်တဲ့အတွက် ကုမ္ပဏီလိုင်စင်တွေ လျှောက်လာခဲ့ကြပါတယ်''ဟု ညွှန်ကြားရေးမှူး
ဦးမျိုး ဝင်းညွန့်က ပြောကြားသည်။
ပြည်ပခရီးစဉ်(Outbound Tour)လိုင်စင်များကို
ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာနမှ လိုင်စင်စတင် ထုတ်ပေး သည့်ကာလမှ ပြီးခဲ့
သည့်အပတ်အထိ လိုင်စင်ပြုလုပ်ပြီးသည့် ကုမ္ပဏီပေါင်း ၃၃ ခုအထိ ရှိကြောင်းနှင့် ထပ်မံစိစစ်
ဆဲကုမ္ပဏီများလည်းရှိကြောင်း သိရသည်။
ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းလုပ်ကိုင်သည့်
ကုမ္ပဏီများအနေ ဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေအရ ဟိုတယ်နှင့် ခရီးသွားရေး လုပ်ငန်းများကို
လုပ်ကိုင်မည်ဆိုပါက ဝန်ကြီးဌာန၏ ခွင့်ပြုချက် လိုင်စင် ပြုလုပ်ရမည်ဖြစ်ပြီး လိုင်စင်မရှိဘဲ
ခရီးသွားလုပ်ငန်များ လုပ်ကိုင်ဆောင်ရွက် ခဲ့လျှင် တစ်စုံတစ်ရာပြဿနာနှင့် ကြုံတွေ့လျှင်
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
''ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက
လိုင်စင်တွေကို အဘက်ဘက်ကနေ ဖြေလျှော့ပြီးပြု လုပ်ပေး နေတယ်။ မြန်မြန်ဆန်ဆန်လည်း စိစစ်ခွင့်ပြုပေးနေတယ်ဆိုတာ
ခရီးသွားကုမ္ပဏီတွေ သိစေချင်ပါတယ်။ အခုလို လိုင်စင်ယူပြီးတဲ့ ကုမ္ပဏီတွေနဲ့ ခရီးသွားရတဲ့အတွက်
ခရီးသွားတွေ အတွက်လည်း အာမခံချက်ရှိတယ်၊ လုံခြုံမှုရှိတယ်။ ဧည့်သည်က မှားခဲ့ရင် လည်း
ကုမ္ပဏီက သဘောတူညီချက်မှာပါတဲ့ စည်းကမ်းအတိုင်း ခိုင်ခိုင်မာမာ လုပ်လို့ရပါတယ်။ ဒါကြောင့်မို့
လိုင်စင်လုပ်ပေးတဲ့ ကုမ္ပဏီအနေနဲ့ရော၊ ခရီး သည်တွေအတွက်ပါ အာမခံချက်ရှိပါတယ်။ လိုင်စင်မလုပ်သေးတဲ့
ကုမ္ပဏီ တွေကိုလည်း ပြည်ပခရီးစဉ် လိုင်စင်လုပ်စေချင်ပါတယ်။
''အခုကာလကတော့ ပညာပေးကာလလည်းဖြစ်တယ်။ လိုင်စင်တွေ
စတင်ထုတ်ပေးနေတဲ့ကာလလည်း ဖြစ်တဲ့အတွက် ထိထိရောက်ရောက် အရေးယူမှုတွေမရှိသေးပါဘူး။ ဒီလိုဆိုရင်တော့
လိုင်စင်မရှိတဲ့ကုမ္ပဏီတွေ တစ်စုံတစ်ရာဖြစ် လာခဲ့ ရင်တော့ ဥပဒေနဲ့အညီ အရေးယူသွားမှာ
ဖြစ်ပါ တယ်''ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဟိုတယ် လုပ်ငန်းနှင့်
ခရီးသွားလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က ပြောကြားသည်။
သိမ့်သိမ့်မိုး(မြန်မာ့အလင်း)၊ ဓာတ်ပုံ-သက်ထက်
No comments:
Post a Comment