ပုဂံ ဖေဖော်ဝါရီ ၁ဝ
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသရှိ E-Bike ဘက်ထရီ ဆိုင်ကယ် အငှားလုပ်ငန်းရှင်များ
အသင်း ဖွဲ့စည်းနိုင်ရေး ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ
၁ နာရီက ပုဂံမြို့သစ် သမုဒ္ဒရာဇ် ရပ်ကွက်ရှိ For Green E-Bike အငှားဆိုင်တွင် ကျင်းပ
ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဦးဝင်း တင်(ဇာမဏီ)က အဖွင့်စကားပြောကြားပြီး အသင်းအဖွဲ့လုပ်ငန်းဆိုင်ရာ
ရည်ရွယ်ချက်များကို ပုဂံဒေသအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမောင်က ရှင်းလင်းပြောကြားသည်။
ထို့နောက်E-Bike ဘက်ထရီဆိုင်ကယ်အငှား လုပ်ငန်းရှင်များအသင်း ဖြစ်မြောက် ရေးအတွက် ဦးမြင့်ဆွေ(ForGreen)
က အကြံပြု ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသော E-Bike လုပ်ငန်းရှင်းများက ပြန်လည် ဆွေးနွေး
ကြသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသတွင် နိုင်ငံခြားသား ဧည့်သည်များကို ခရီးသွားဝန်ဆောင်မှု
ပေးနေသော မြင်းလှည်း ၂ဝဝ ကျော်၊ စက်ဘီး ၂ဝဝဝ ကျော်၊ အငှားကား ၁ဝဝ ကျော်၊ E-Bike ဆိုင်ကယ်
၁ဝဝဝ ကျော်တို့ဖြင့် ဝန်ဆောင်ပေး လျက်ရှိရာ အခြားအသင်းအဖွဲ့များ ရှိသော်လည်း
E-Bike အသင်းမှာ ယခုမှ စတင်ဖွဲ့စည်းနိုင်ရန် ဆွေးနွေး ကြခြင်းဖြစ်သည်။
E-Bike ဆိုင်ကယ် အငှား ဝန်ဆောင်မှုများကို ပုဂံရှေးဟောင်း ယဉ်ကျေးဒေသတွင်
ညောင်ဦး၊ ပုဂံ မြို့ဟောင်း မြို့သစ်၊ ဝက်ကျင်းအင်း နေရာများတွင်ငှားရမ်းနိုင်ပြီး
တစ်ရက် ငှားရမ်းခ ယခင်က ငွေကျပ် ၁ဝဝဝဝ ကျော်မှ ယခုနှစ်တွင် ငွေကျပ် ၈ဝဝဝ ခန့်ဖြင့်သာ
ငှားရမ်းပြီး ပုဂံဒေသအနှံ့ စိတ်တိုင်းကျ လည်ပတ်ကြည်ရှု လေ့လာနိုင်ကြမည်ဖြစ်သည်။
အဆိုပါ E-Bike ဆိုင်ကယ်များကို အသုံးပြုလည်ပတ်ရာတွင် လွယ်ကူစွာ မောင်းနှင်နိုင်ခြင်း၊
သဘာဝ ပတ်ဝန်းကျင် ဆူညံခြင်းနှင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ခြင်း၊ ကားမဝင်ရောက်နိုင်သော
နေရာများ အထိ စီးနင်းနိုင်ခြင်း၊ ဈေးနှုန်းသက်သာ စွာဖြင့်ငှားရမ်းနိုင်သောကြောင့် ယခု
နှစ်ပိုင်းတွင် ခရီးသွားများ စီးနင်းမှု တိုးတက်များပြားလာကြောင်း သိရသည်။
(ဝဝ၂)

No comments:
Post a Comment