Sunday, February 28, 2016

ချက်သမ္မတနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကုန်သည်ကြီးများအသင်းနှင့်မြန်မာနိုင်ငံ ကုန်သည် စက်မှုအသင်းချုပ်တို့ အကျိုးတူပူးပေါင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး




ရန်ကုန် ဖေဖော်ဝါရီ ၂၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာလျူဘိုမီယာ ဇာအိုရာလတ်သည် ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပ သည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် ချက်သမ္မတနိုင်ငံ ကုန်သည်ကြီးများအသင်းတို့အကြား ရေးထိုးသည့် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်သည်။


အခမ်းအနားတွင် ချက်သမ္မတနိုင်ငံနိုင်ငံခြားရေးဝန်ကြီး မစ္စတာလျူဘိုမီယာဇာအိုရာလတ်က အဖွင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ UMFCCI ဒုတိယဥက္ကဌ ဒေါက်တာမောင်မောင်လေးနှင့် ချက်သမ္မတနိုင်ငံ ကုန်သည်ကြီး များအသင်း ဒုတိယဥက္ကဌ မစ္စတာ ဘိုရီဗော့မင်နာတို့က ကြိုဆိုနှုတ်ဆက်စကား ပြောကြားကြသည်။

ယင်းနောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဌ နှင့် ချက် သမ္မတနိုင်ငံ ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌတို့က နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ(MoU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည်  ၈၈ မျိုးဆက်နှင့် နိုင်ငံရေးအကျဉ်းသား များကူညီပံ့ပိုးရေး အသင်းအဖွဲ့များနှင့် ချက်ထရီယမ်ဟိုတယ်၌ သီးခြားတွေ့ဆုံခဲ့ကြသည်။


မွန်းလွဲပိုင်းတွင် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်သို့ သွားရောက်ကြည့်ရှု့လေ့လာ၍ ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမျှော် ကြည်ညို ကြပြီး ရန်ကုန်မြို့တွင်းသို့ လှည့်လည်ကြည့်ရှု့ကာ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ထွက်ခွါသွားသည်။

No comments:

Post a Comment