Sunday, February 28, 2016

ပရိယတ္တိငွေပင်တော် သိန်း (၁၁၃၀)ပြည့် နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပ



မန္တလေး ဖေဖော်ဝါရီ ၂၈

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် မေဃ၀န် ကျောင်းတိုက် ပရိယတ္တိသာသနာဝေပုလ္လ ဓမ္မဗိမာန်တော်တွင်း ကျင်းပသည့် ပရိယတ္တိ ငွေပင်တော်သိန်း (၁၁၃၀)ပြည့်  ရေစက်ချပွဲ၊ သံဃဆေးရုံ ငွေပင်တော်လှူဒါန်းပွဲနှင့် ဘွဲ့ရ၊ စာချ၊ စာသင်၊ စာအောင်ဆရာတော်၊ သံဃာတော်များ ဂုဏ်ပြုပူဇော်ပွဲနှင့် တံတားဦးမြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ရေစက်ချ အခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။


ရှေးဦးစွာ ငွေပင်တော်နှင့် တံတားဦးမြို့နယ်လုံးကျွတ် ဆွမ်းဆန်တော် လှူဒါန်းပွဲ အခမ်းအနားကို နံနက် ၉ နာရီတွင် ကျင်းပရာ ဧည့်ပရိတ်သတ် အပေါင်းတို့က မေဃ၀န်ကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် ပရိယတ္တိငွေပင်တော် စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တ ကေသရ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်သရဇ္ဇုယ်တော် မူသည့် ပရိတ်တရားတော် များကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပရိယတ္တိငွေပင်တော် သိန်း (၁၁၃၀)နှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် နာယကဆရာတော်ကြီးထံမှ ရေစက်ချအနုမောဒနာတရားကို နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် ဘွဲ့ရဆရာတော်ကြီးများ၊ စာသင်တိုက်ဆရာတော်များ၊ ဘုန်းတော်ကြီးကျောင်း ပရဟိတဆရာတော်များနှင့် ကျေးလက်စာသင်၊ စာချ ဆရာတော်များ၊ သံဃာတော်များ ပူဇော်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြီး ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် စာအောင်ဆုကပ်လှူပွဲအခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပပြီး မြို့နယ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ တိုးချဲ့ရန်အတွက် တိုင်းဒေသကြီး ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအကျိုးတော်ဆောင် ဖောင်တော်ဦးပရဟိတ ဆရာတော်ကြီးမှ သာသနာရေး၊ ပညာရေး၊ ပရဟိတရေးကိစ္စများအကြံပြု လျှောက်ထား ပြီး တောင်ပြုံးရွာဘုန်းတော်ကြီးပညာသင် အလယ်တန်းပညာရေးကျောင်း ဆရာတော်မှ မြို့နယ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အကြောင်းရှင်းလင်း၍ တိုးချဲ့ရန် အကြံပြုချက်လျှောက်ထားကာ ပရိယတ္တိငွေပင်တော် စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်မှ ငွေပင်နှင့် မြို့နယ်သာသနာအကြောင်း လျှောက်ထားသည်။


ထို့နောက် အလှူရှင်များနှင့် တာဝန်ရှိသူတို့က ငွေပင်တော် သိန်း (၁၁၃၀)ပြည့် အောင်ပွဲအထိမ်းအမှတ်အဖြစ် စာချ၊ စာသင်၊ စာအောင် ဆရာတော် သံဃာတော်အပါး (၅၀၀)တို့အား သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူပူဇော် ကြကြောင်း သိရသည်။

No comments:

Post a Comment