Tuesday, February 9, 2016

ငါးနှစ်အတွင်း ရရှိခဲ့သည့် အောင်မြင်မှုများကို ပိုမို အခြေခိုင်အောင် ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် လုပ်ငန်းစဉ်များကို ပြီးပြတ်အောင်၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်အောင် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်ရဦးမည်



နေပြည်တော် ဖေဖော်ဝါရီ ၉
၂၀၁၆ ခုနှစ် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ (၄) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC-II)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကား ပြောကြားပြီး ဆုများပေးအပ် ချီးမြှင့်သည်။






အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု လွှတ်တော်နာယက အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ ဖိတ်ကြားထားသူများ၊ နိုင်ငံတော် သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည်ဆု ရရှိကြသူများ၊ ဘက်စုံ ထူးချွန်လူငယ်များ၊ ထူးချွန် ကြက်ခြေနီများ၊ ကင်းထောက် လူငယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတက အဖွင့် အမှာစကား ပြောကြားရာတွင် မိမိတို့ အစိုးရ အဖွဲ့ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက် စတင် တာဝန် ယူသည့် အချိန်မှစပြီး ပြည်သူများ၏ တူညီသော ဆန္ဒနှစ်ရပ် ဖြစ်သည့်  တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဖော်ဆောင်ခဲ့ရာတွင်  ၂၀၁၂ ခုနှစ်မှစပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့်  ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စွမ်းဆောင်ပေးခဲ့ကြသော  စီးပွားရေး စွမ်းဆောင်ရှင်များ၊ လှုမှုရေး စွမ်းဆောင်ရှင်များ၊ အဖွဲ့အစည်းများ၊ ပညာရှင်များကို နိုင်ငံ့ စွမ်းဆောင်ရည်ဆုများ ချီးမြှင့်ခဲ့ပါကြောင်း။
ယခုနှစ်တွင် မိမိတို့ အစိုးရသစ် ကာလ တစ်လျှောက်လုံး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အကောင် အထည်ဖော်နိုင်ရန်  ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များ အောင်မြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့်  အဖွဲ့အစည်းများကို ဆုချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း။
မိမိတို့အစိုးရ အနေဖြင့်  ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်မှ စပြီး တပ်မတော် ဦးဆောင်သည့် အစိုးရမှ  ဒီမိုကရေစီ နည်းကျ ရွေးချယ် တင်မြှောက်သည့်  အစိုးရ၊ ဗဟိုချုပ်ကို်င်သော စီးပွားရေးစနစ်မှ  ဈေးကွက် စီးပွားရေးစနစ်၊ လက်နက်ကိုင် ပဋိပက္ခများမှ ထာဝရ ငြိမ်းချမ်းရေး ရရှိသည့်  အခြေအနေများ အဖြစ် ပြောင်းလဲနိုင်အောင် ရည်မှန်းချက်ထား ကြိုးပမ်း ဆောင်ရွက်ခဲ့ပါကြောင်း။
ယခုကဲ့သို့  ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင်  ထူးခြားချက်မှာ  အခြား ဒီမိုကရေစီ အသွင်ကူးပြောင်းသည့် နိုင်ငံ အများစုကဲ့သို့  နိုင်ငံရေးစနစ် တစ်ခုတည်း ပြောင်းလဲခဲ့ရခြင်း မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့်  ပုဂ္ဂလိကကဏ္ဍ လေးခု တွင်  တစ်ပြိုင်တည်းပြောင်းလဲ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ငြိမ်းချမ်းရေးရှိမှ ဒီမိုကရေစီနှင့်  ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်မည် ဖြစ်သည့် အတွက် ထာဝရ ငြိမ်းချမ်းရေးရရှိရန် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ခဲ့ရပါကြောင်း။
မိမိတို့ အစိုးရအဖွဲ့သစ် အနေဖြင့်  ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ရန် အတွက် စိတ်ဆန္ဒ ပြင်းပြသော်လည်း တစ်ကယ်တွင် မိမိတို့နိုင်ငံနှင့်  ဒီမိုကရေစီစနစ် ကင်းကွာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီး  နိုင်ငံရေး အကျပ်အတည်းများ၊ ပဋိပက္ခများကြောင့် ၁၉၆၂ ခုနှစ်မှစပြီး ဗဟိုက တင်းကျပ်စွာ ချုပ်ကိုင်သည့်  နိုင်ငံရေး၊ စီးပွားရေး စနစ်များကို ပြောင်းလဲ ကျင့်သုံးခဲ့သည်မှာ အားလုံးအသိပင် ဖြစ်ပါကြောင်း။
ထို့ကြောင့် အစိုးရ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများအားလုံး ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီ ကျင့်စဉ်များနှင့်  အလှမ်းဝေးသည့် အခြေအနေမှ  မြန်မာနိုင်ငံ၏ မွေးဖွားစ ဒီမိုကရေစီစနစ်ကို ရင့်ကျက် ဖွံ့ဖြိုးလာအောင် မိမိတို့ ကြိုးစား တည်ဆောက် ခဲ့ရပါကြောင်း၊  စိန်ခေါ်မှုများ၊ အကျပ်အတည်းများ၊  အတွေ့အကြုံ လိုအပ်မှုများကြားမှ  ဒီမိုကရေစီကို ရှေးရှုသည့် အပြောင်းအလဲများ အတိုင်းအတာ တစ်ခုအထိ ရရှိလာသည်မှာ  ကြီးမားသော အောင်မြင်မှုပင် ဖြစ်ပါကြောင်း။
ငါးနှစ်တာ ကာလအတွင်း သိသာထင်ရှားသော အရွေ့တစ်ခုကို ဖော်ဆောင်နိုင် ခဲ့ခြင်းမှာ မိမိ တစ်ယောက်တည်း၏  စွမ်းဆောင်မှုကြောင့် မဟုတ်ပါကြောင်း။ ယင်းတာဝန်များမှာ အလွန် ကြီးမားကျယ်ပြန့်ပြီး တစ်ရက်၊ တစ်လ၊ တစ်ဦး တစ်ယောက်ကောင်းဖြင့်  လုပ်၍ မရသည့် တာဝန်များ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းတာဝန်များကို အကောင် အထည်ဖော်နိုင်ရန် အတွက် အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့က  တက်ညီ လက်ညီ ဦးထမ်း ပဲ့ထမ်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း။
တစ်ယောက်အားဖြင့် ယူသော်မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏ ဆိုသည့် စကားအတိုင်း မိမိတို့ အားလုံးသည် အာဆီယံဒေသတွင်း ဒုတိယ အကြီးဆုံး နိုင်ငံလည်းဖြစ်၊ လူဦးရေ သန်းငါးဆယ်ကျော် နေထိုင်ပြီး နှစ်ပေါင်း ခြောက်ဆယ်ကျော် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်နေသည့် နိုင်ငံကို ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်းပေါ် ရောက်အောင် ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ရာ ယင်းသို့ လုပ်ဆောင်ရာမှ မိမိ၏  မူဝါဒ များအား ယုံကြည်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ပါကြောင်း။
ထိုသို့ ပြုပြင် ပြောင်းလဲမှုများကို အင်တိုက် အားတိုက် ကြိုးပမ်း ဆောင်ရွက်ရာတွင်  နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကိုလည်း မေ့ထား၍ မရပါကြောင်း၊ သူတို့နှင့် အတူ  ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့၊ အတွေ့အကြုံများ ဖလှယ်ခဲ့ခြင်း များသည်လည်း မိမိတို့ ပြုပြင် ပြောင်းလဲရေး မူဝါဒများကို အကောင် အထည်ဖော်နိုင်ရန် အတွက် အထောက်အကူ အများကြီး ဖြစ်ခဲ့ပါကြောင်း၊ ထို့ကြောင့် ယင်းသို့ ပါဝင် ကူညီခဲ့သူများကိုလည်း ကျေးဇူးတင် ရှိပါသည်ဟု ပြောကြားလိုပါကြောင်း။
မိမိတို့ အစိုးရအဖွဲ့သည် မိမိတို့နိုင်ငံကို နိုင်ငံသားအားလုံး မျှော်မှန်းသည့် ဒီမိုကရေစီပန်းတိုင်သို့  ရောက်ရှိစေမည့်  လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ၂၁ ရာစုအတွင်း ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ဖော်ဆောင်ခဲ့သည့် နိုင်ငံများအကြား အလားအလာ အကောင်းဆုံးနှင့်  အတည်ငြိမ်ဆုံး ဒီမိုကရေစီ ရှေ့ခရီးကို ဆက်လျှောက်နေသည့်  နိုင်ငံအဖြစ် တည်ဆောက နိုင်ခဲ့ပြီဖြစ်ပါကြောင်း။
ယင်းသို့သော အချိန်တွင် ပြီးခဲ့သည့် ငါးနှစ်အတွင်း ပြုပြင် ပြောင်းလဲမှုများ အနက် သိသာ ထင်ရှားသော အောင်မြင်မှုများကို ဖော်ဆောင်နိုင်ခဲ့သည့် အဖွဲ့အစည်းများကို အသိအမှတ်ပြုသည့် အနေဖြင့်  စွမ်းဆောင်ရည်ဆုများကို ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဤစွမ်းဆောင်ရည်ဆုများသည်  အဖွဲ့အစည်းများကို ဦးဆောင် ဦးရွက်ပြုခဲ့သော ခေါင်းဆောင်များနှင့် လုပ်ဖော် ကိုင်ဘက် ၀န်ထမ်းများကို အသိအမှတ်ပြု ဂုဏ်ပြုခြင်းလည်း ဖြစ်ပါကြောင်း။
မိမိတို့ အစိုးရသက်တမ်းမှာ မကြာခင် ပြီးဆုံးတော့မည် ဖြစ်ပါကြောင်း၊ သို့ရာတွင်  မြန်မာနိုင်ငံ၏  ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ မပြီးဆုံးသေးပါကြောင်း၊  ပြီးခဲ့သည့် ငါးနှစ်အတွင်း ရရှိခဲ့သော အောင်မြင်မှုများကို ပိုပြီး အခြေခိုင်အောင် ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ ဆောင်ရွက်ရန် ကျန်နေသေးသော လုပ်ငန်းစဉ်များကို ပြီးပြတ်အောင်၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်အောင် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်ရဦးမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် အနာဂတ် ကာလတွင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုး အတွက် လူမျိုးစွဲ၊ ၀ါဒစွဲ၊ ပါတီစွဲမထားဘဲ စိတ်ရင်း စေတနာကောင်းကို အခြေခံပြီး ကျရာ အခန်းကဏ္ဍမှ ၀ိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် သွားကြရန်  တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ဖျော်ဖြေ တင်ဆက်မှုများနှင့် အတူ နိုင်ငံတော် သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည်ဆု ရရှိသော အဖွဲ့များ၏ ဆောင်ရွက်ချက် ဗွီဒီယို မှတ်တမ်းကို  တင်ပြသည်။
ထို့နောက် နိုင်ငံတော် သမ္မတက နိုင်ငံ့ စွမ်းဆောင်ရည်ဆု ရရှိသောအဖွဲ့ (၃၃)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များကို ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နိုင်ငံ့ စွမ်းဆောင်ရည်ဆု ရရှိသော အဖွဲ့များမှ ဦးဆောင်သူများနှင့် အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ 
အခမ်းအနားအပြီးတွင် နိုင်ငံတော် သမ္မတက ဆုရရှိကြသူများနှင့် တက်ရောက် လာကြသူများအား ဂုဏ်ပြု ညစာစားပွဲဖြင့် တည့်ခင်း ဧည့်ခံသည်။
ယနေ့ကျင်းပသည့် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား သည် တစ်ဦး တစ်ယောက်၊ တစ်ဖွဲ့တစ်ဌာန၊ ကုမ္ပဏီတစ်ခုကို ချီးမြှောက်ခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ ပြည်သူ ပြည်သားများကို ကောင်းသည့် အရာတွင် စံနမူနာပြ အတုယူကြစေရန်နှင့် နောင်အနာဂတ် ကာလများတွင် ယခုထက် ပိုမိုပြီး နိုင်ငံအကျိုး၊ ပြည်သူများ၏ အကျိုးကို ဆတက်ထမ်းပိုး တိုးမြှင့် လုပ်ဆောင်နိုင်ကြစေရန် ရည်ရွယ် ချီးမြှင့်ခြင်း ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် အေးချမ်း တည်ငြိမ်ရေး၊ အမျိုးသား စည်းလုံး ညီညွတ်မှု တည်ဆောက်ရေး၊ ပြည်သူများ၏ လူမှုစီးပွား ဘ၀ ဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတကာ အလယ်တွင် အမျိုးသားရေးဂုဏ် သိက္ခာ မြင့်မားရေးတို့ အတွက် မူဝါဒများ ချမှတ်ပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲမှုနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင် ပြောင်းလဲမှုများကို ပြည်သူဗဟိုပြု ကြိုးပမ်း ဖော်ဆောင်လျက် ရှိရာတွင် ယခုချီးမြှင့်ခြင်း ခံရသည့် အဖွဲ့များသည် နိုင်ငံတော် အစိုးရ၏ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ် အသီးသီး၌ ထူးထူးချွန်ချွန် ဆောင်ရွက်နိုင်ခဲ့သည့် အတွက် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည်ဆုကို ရွေးချယ် ချီးမြှင့်ခြင်း ဖြစ်သည်။ နိုင်ငံတော် သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည်ဆ ချီးမြှင့်ပွဲ အခမ်းအနားကို နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုအကြိမ်သည် စတုတ္ထအကြိမ် ဖြစ်သည်။
ယင်းလေးကြိမ်တွင် စွမ်းဆောင်ရည်ဆု ချီးမြှင့်ခဲ့သည့် အရေအတွက်မှာ ဆရာတော် သံဃာတော် ၂၁ ပါးနှင့် စွမ်းဆောင်ရှင် လူပုဂ္ဂိုလ် ၄၆၀ ရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment