Wednesday, February 10, 2016

တပ်မတော်လေယာဉ် တစ်စီး စက်ချို့ယွင်းပြီး နေပြည်တော်လေဆိပ်အနီးတွင် ပျက်ကျ




နေပြည်တော် ဖေဖော်ဝါရီ ၁၀

တပ်မတော်(လေ)မှ BEECH - 1900 D အမျိုးအစား အလတ်စားသယ်ယူ ပို့ဆောင်ရေးလေယာဉ်တစ်စီးသည် ပုံမှန်စမ်းသပ် ပျံသန်းမှု (Flight Check) ပြုလုပ်ရန် ယနေ့နံနက် (၉)နာရီ(၄၅)မိနစ်တွင် နေပြည်တော် လေဆိပ်မှ ပျံတက်စဉ်  စက်ချို့ယွင်း၍ နေပြည်တော်လေဆိပ်အနီး၌ ပျက်ကျပြီး မီးလောင်ပျက်စီးခဲ့သည်။


အဆိုပါ လေယာဉ်သည် နေပြည်တော်လေဆိပ် လေယာဉ်ပြေးလမ်း၏ မြောက်ဘက် ထိပ်မှ ပေ ၂၀၀၀ ခန့်အကွာ လယ်ဝေးမြို့နယ် သဲကောကျေးရွာနှင့် ကြံခင်းကျေးရွာ အနီးရှိ လယ်ကွင်းအတွင်းသို့ ပျက်ကျပြီး မီးလောင်ကျွမ်းခဲ့သဖြင့် နေပြည်တော်လေဆိပ်မှ တာဝန် ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိ သူများ၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များသည် ဒေသခံပြည်သူများ နှင့်အတူ ပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့ကြပြီး လေယာဉ်မီးလောင်ပျက်စီးမှု အခြေအနေအား ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့် အဖွဲ့လည်း ကြည့်ရှုစစ်ဆေးသည်။

ဖြစ်စဉ်တွင် လေယာဉ်ပေါ်၌ လိုက်ပါလာသည့် တပ်မတော(လေ)မှ လေသူရဲဗိုလ်မှူး တစ်ဦး၊ တွဲဖက်လေသူရဲ ဗိုလ်ကြီး နှစ်ဦးနှင့် လေယာဉ်အဖွဲ့သား အုပ်ခွဲတပ်ကြပ်ကြီး တစ်ဦး ပေါင်းလေးဦးသေဆုံးပြီး လေယာဉ်အဖွဲ့သား ဒုတိယတပ်ကြပ်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သဖြင့် နေပြည်တော် တပ်မတော်ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူစဉ် မွန်းတည့်(၁၂)နာရီခန့် တွင် ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့သည်။


အဆိုပါ လေယာဉ်ပျက်ကျခြင်း အကြောင်းအရင်းနှင့်ပတ်သက်၍ လေယာဉ် တွင်ပါရှိ သည့် Cockpit Voice Recorder(CVR) နှင့် Flight Data Recorder(FDR) တို့မှ တစ်ဆင့် စုံစမ်းဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

No comments:

Post a Comment