Wednesday, February 24, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ ကျင်းပ




နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး(၁၁) ရက်မြောက် နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင်ကျင်းပရာ အယ်လ်နီညို ရာသီ ဥတုနှင့်ပတ်သက်၍ ဆက်လက် ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်း၊ အရေးကြီး အဆိုတင်သွင်းခြင်း ကော်မတီ(၂)ခုဖွဲ့စည်း ခြင်းတို့အား လွှတ်တော် ၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။


အစည်းအဝေးတွင် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း တင်သွင်း ထားသည့် “ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်းနှင့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ် လာမည့် အယ်လ်နီညို (El Nino)အကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံ တစ်ဝန်း ဖြစ်ပေါ် လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင် ကာကွယ်စီမံဆောင်ရွက်နိုင်ရေးနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း၊ ဒေါ်ဝင့် ၀ါထွန်း၊ ဦးမြင့်ဦး၊ ဦးမင်းသိန်း၊ ဦးတင်ထွန်းနိုင်၊ ဦးသန်းစိုး၊ ဦးကိုကိုနိုင်၊ ဦးဦးလှစော တို့က ဆက်လက်ဆွေးနွေးခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟံစိန်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ၀င်းမြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေ တို့က အယ်လ်နီညိုရာသီဥတု အကျိုး သက်ရောက်မှုများကြောင့် စိုက်ပျိုးရေနှင့် သောက်သုံးရေအခက်အခဲများ ကြုံတွေ့လာနိုင်သဖြင့် ရေပြတ်လပ်မှုမရှိစေရန် ဌာနအလိုက် အမျိုးသားရေ သိုလှောင်ရေးလှုပ်ရှားမှုနှင့် ဆက်နွှယ်သည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ လျာထားဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအခြေအနေ၊ ကျန်းမာရေး ၀န်ကြီးဌာနအနေဖြင့် အယ်လ်နီညိုကြောင့် ကျန်းမာရေးအကျိုး သက်ရောက်မှု အဖြစ် အပူဒဏ်ကာကွယ်ရေးလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်နေ မှု၊ ပြည်သူလူထု၏ အပူဒဏ်ကာကွယ်ရေးလုပ်ငန်းများတွင် လိုအပ်သည် များပံ့ပိုးနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူများအား အသိ ပညာပေးရေး လုပ်ငန်းများအား ဆောင်ရွက်နေမှု၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ဘေးအန္တရာယ် ကြုံတွေ့ရ သူများအား လတ်တလောသက်သာချောင်ချိမှုရှိစေရေးအတွက် အထောက် အပံ့ပေးရန်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက် အိုးအိမ်ပစ္စည်း များ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ပြင် ဆင် ထားရှိမှု တို့ကို အသေးစိတ်ရှင်းလင်းတင်ပြသည်။

ယင်းအဆိုနှင့်စပ်လျဉ်းပြီး လွှတ်တော်က အတည်ပြုခဲ့သည်။

ထို့နောက် ၀ိုင်းမော်မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံးက “မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေးတွင် ပြည်သူလူထုပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံ ရန်နှင့် ဟန့်တား နှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်ပေးရန်အပြင် ထိရောက်သောကူညီ ပံ့ပိုးမှုများ အမြန်ဆုံးဆောင်ရွက်ပေး ရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်၊ အတွင်းရေးမှူးအဖြစ် မြင်းခြံမဲဆန္ဒနယ်မှ ဦးသက်လွင်(ခ) ဦးပေါခင်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ရေတာရှည် မဲဆန္ဒနယ်မှ ဦးကြည်မိုးနိုင်၊ အတွင်းရေးမှူးအဖြစ် အမရပူရမဲဆန္ဒနယ်မှ ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့်တို့ပါဝင်သည့် (၁၅)ဦး စီဖြင့်ဖွဲ့စည်းပြီး ကော်မတီ၏ တာဝန်၊ လုပ်ပိုင် ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့ကို လွှတ်တော်က အတည်ပြုသည်။

ယနေ့အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားလိုက်ပြီး အစည်းအဝေး ၁၂ ရက် မြောက်နေ့ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပရန် လျာ ထားကြောင်း သိရသည်။

No comments:

Post a Comment